ခေတ်မီတိုးတက်နေသည့် တပ်မတော်(လေ)

ခေတ်မီတိုးတက်နေသည့် တပ်မတော်(လေ)

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်)

    မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကြောင်းတွင် နယ်ချဲ့ဆန့်ကျင်ရေး၊  ဖက်ဆစ်တော်လှန်ရေးဟူသော အသုံးအနှုန်းကိုမြင်တွေ့ကြရပေမည်။ နယ်ချဲ့အင်္ဂလိပ်နှင့် ဖက်ဆစ်ဂျပန်တို့၏  ကျွန်ပြုစိုးမိုးမှုအောက်မှ ရုန်းကန်လှုပ်ရှားရင်း မြန်မာ့လွတ်လပ်ရေး ရရှိခဲ့သည်။ တပ်မတော်သည် လွတ်လပ်ရေး ကြိုးပမ်းမှုနှင့်အတူ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ထို့အတူတပ်မတော်(လေ)သည်လည်း လွတ်လပ်ရေး၏ အသီးအပွင့်တစ်ခု အဖြစ် ၁၉၄၇ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် ဗမာ့လေတပ်မတော် (Burma Air Force-BAF) စတင် ပေါ်ပေါက်ခဲ့သည်။ ယခုအခါ တပ်မတော်(လေ)သည် စိန်ရတုတပ်မတော်(လေ)အဖြစ် ခံ့ညားထည်ဝါစွာ ရောက်ရှိခဲ့ပြီဖြစ်သည်။

    တပ်မတော်ကို စတင်ဖွဲ့စည်းသည်မှစ၍ မိမိနိုင်ငံ၏ အခြေအနေနှင့်အညီ ရရာလက်နက်တို့ဖြင့် ထူထောင်ခဲ့သည်။ တပ်မတော်(လေ)သည်လည်း မိမိနိုင်ငံ၏ အခြေအနေအလျောက် လက်လှမ်းမီရာ လေယာဉ်/ရဟတ်ယာဉ်များဖြင့် ကြိုးပမ်း တည်ဆောက်ခဲ့သည်။ ယနေ့တပ်မတော်(လေ)သည် ဒေသတွင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများ အလယ်တွင် မျက်နှာငယ်စရာမလိုသော အရှိန်အဟုန်သို့ ရောက်ရှိနေပြီဖြစ်သည်။ ဒေသတွင်းနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်သည့် အခြေအနေတစ်ရပ်သို့ ရောက်ရှိနေပြီဖြစ်သည်။

    တပ်မတော်(လေ)သည် နှစ်စဉ်အရည်အချင်း မြင့်မားသော လေယာဉ်/ရဟတ်ယာဉ်များဖြင့် မျိုးဆက်သစ် လေသူရဲတို့ကို မွေးထုတ်ပေးလျက်ရှိသည်မှာ လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၄)သည် အောင်မြင်စွာ သင်တန်းပြီးမြောက်ခဲ့ပြီဖြစ်သည်။ လေကြောင်းစွမ်းအား အတွက် လူသားအရင်းအမြစ်များကို အဆင့်အတန်း မြင့်မား၍ အရည်အသွေးပြည့်ဝစွာ မွေးထုတ်နေခြင်းဖြစ်သည်။  တပ်မတော်(လေ)သည် နိုင်ငံတကာလေတပ်များနည်းတူ အမျိုးသမီး လေသူရဲများကို မွေးထုတ်ပေးခဲ့ရာ လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၀)မှ(၈၄)အထိ အမျိုးသမီးလေသူရဲ ၂၃ ဦးအထိ မွေးထုတ်နိုင်ခဲ့ပြီဖြစ်သည်။

    တပ်မတော်(လေ)သည် အမိနိုင်ငံတော်၏ ဝေဟင်ပိုင်နက်ကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်သည်။ ထို့ပြင် မိမိတို့၏ ဝေဟင်ပိုင်နက်မှ တပ်မတော်(ကြည်း)၊ တပ်မတော်(ရေ)တို့နှင့်ပေါင်းစပ်၍ အမိမြေနှင့် အမိအဏ္ဏဝါ ရေပြင်တို့ကို ကာကွယ်စောင့်ရှောက်နေရန် ဖြစ်သည်။ လေကြောင်းစွမ်းအားစုဖြစ်သည့် ခေတ်မီလေယာဉ်၊ စက်ပစ္စည်းများ၊ ခေတ်မီစစ်လက်နက်ပစ္စည်းများ၊ အရည်အသွေး မြင့်မားသော လေသူရဲများ၊ အရည်အချင်း ပြည့်ဝသည့်   စက်မှုလက်မှုအရာရှိ/စစ်သည်များ၊  အီလက်ထရွန်နစ်နှင့် အုပ်ချုပ်မှုထောက်ပံ့မှုဆိုင်ရာ အရာရှိ/စစ်သည်များမှာ စွမ်းရည်ထက်မြက်သည့် အရာရှိ/စစ်သည်များ ဖြစ်လာစေရေး အစဉ်အမြဲလေ့ကျင့်လျက် ရှိသည်။

    တပ်မတော်၏ တာဝန်သည် ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်၊ ပြည်သူ့အကျိုးပြုလုပ်ငန်း တာဝန်ဟူ၍ ခံယူဆောင်ရွက်လျက်ရှိရာ တပ်မတော်(လေ)သည် အဆိုပါ တာဝန်ကြီးသုံးရပ်ကို ထမ်းဆောင်လျက်ရှိသည်။ ပြည်သူလူထုအပေါ် ကျရောက်လာသော သဘာဝဘေးအန္တရာယ်ကြောင့် နေရာရွှေ့ပြောင်းခြင်း၊ စားနပ်ရိက္ခာများ ပို့ဆောင်ခြင်း၊ ဆေးဝါးများ ပို့ဆောင်ခြင်း၊ မကျန်းမာသူများကို သယ်ပို့ခြင်းစသည်ဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ဥစ္စာများကို ကာကွယ်စောင့်ရှောက်လျက်ရှိသည်။

    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၇) ပုဒ်မ ၃၄၁။  နိုင်ငံတော်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဘေးအန္တရာယ်များ ကျရောက်လာလျှင် တပ်မတော်က ကူညီဆောင်ရွက်ရမည်ဟူ၍ ပြဋ္ဌာန်းထားသည်။ ထို့ကြောင့် တပ်မတော်သည် ပြည်သူလူထုအတွက်ဆိုလျှင် အချိန်နှင့်တစ်ပြေးညီ လုံခြုံရေး၊ ကူညီကယ်ဆယ်ရေး၊ ကုသရေးများကို အင်တိုက်အားတိုက် လုပ်ဆောင်လျက် ရှိနေသည်မှာ တပ်မတော်(လေ)သည်လည်း ပါဝင်သည်။

    တပ်မတော်(လေ)တွင် ဘက်စုံသုံး တိုက်ခိုက်ရေးလေယာဉ်၊ အပေါ့စားတိုက်လေယာဉ်နှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များစသည်ဖြင့် တပ်မတော်(လေ) နေ့ရောက်တိုင်း တပ်တော်ဝင်ခဲ့ကြသည်။ ထိုသို့ တပ်တော်ဝင်နိုင်ခြင်းသည် တပ်မတော်(လေ)အတွက် လေကြောင်းစွမ်းအား တိုးမြှင့်ပေးခြင်းဖြစ်သကဲ့သို့ နိုင်ငံတော်ကာကွယ်ရေး ပိုင်းတွင်လည်း စွမ်းရည်ပိုမို တိုးတက်လာစေသည်။ တပ်မတော်(လေ)ကို အင်အားတောင့်တင်းပြီး နည်းပညာ အဆင့်အတန်းမြင့်မားသည့်  လေကြောင်းစွမ်းအား ပိုင်ဆိုင်သော တပ်မတော်(လေ)အဖြစ်သို့ ရောက်ရှိရန် တည်ဆောက်လျက်ရှိသည်။

    ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်သည် တပ်မတော်(လေ)၏  ဖွဲ့စည်းတည်ထောင်မှု (၇၅)နှစ်မြောက်  စိန်ရတုနေ့ဖြစ်သည်။ နိုင်ငံတော်၏ ဝေဟင်ပိုင်နက်ကို အကြွင်းမဲ့ ကာကွယ်စောင့်ရှောက်နိုင်ရေး ခေတ်မီကြိုတင် သတိပေးရေဒါများ၊ မြေပြင်အထောက်အကူပြု စနစ်များကို တပ်ဆင်အသုံးပြု လာနိုင်ခဲ့ပြီဖြစ်သဖြင့် မြန်မာ့လေပိုင်နက်နှင့် အချုပ်အခြာအာဏာကို အဆင့်မီ ကာကွယ်နိုင်ပြီဖြစ်သည်။ ခေတ်နှင့်အညီ ခေတ်မီတပ်မတော်(လေ)အဖြစ် ရပ်တည်နေနိုင်ခြင်းကြောင့် ပြည်ပကျူးကျော်မှု အန္တရာယ်ကြုံလာခဲ့သော် ကြိုတင် သိရှိချေမှုန်းနိုင်ပြီ ဖြစ်ပေသည်။ တပ်မတော်(လေ)၏ ဆောင်ပုဒ်ဖြစ်သည့် “တက်နိုင်ဖျားရောက်” ဆိုသည့်အတိုင်း တိုက်စွမ်းရည် တိုက်စွမ်းအားလွန်မြင့်မားသည့် တပ်မတော်(လေ)အဖြစ် တည်ရှိနေခြင်းကို ဂုဏ်ယူမဆုံးဖြစ်ရပါကြောင်း ရေးသားလိုက်ရပေသည်။    ။