နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်သူအဖြစ် ရှိနေမည့်တပ်မတော်

နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်သူအဖြစ် ရှိနေမည့်တပ်မတော်

မြန်မာတိုင်းရင်းသား အားလုံးတို့သည် ရှေးနှစ်ပေါင်းများစွာကတည်းက မြန်မာ့မြေတွင် ဥမကွဲသိုက်မပျက် အေးအတူပူအမျှ နေထိုင်လာခဲ့သည်မှာ လွတ်လပ်ရေးမဆုံးရှုံးမီအချိန်ထိဖြစ်သည်။ မြန်မာတိုင်းရင်းသား အားလုံးသည် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ရှိခဲ့ကြသည်။ မြန်မာနိုင်ငံသည် အင်္ဂလိပ်တို့နှင့် စစ်ပွဲသုံးကြိမ်ဖြစ်ပွားကာ လွတ်လပ်ရေးဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။  လွတ်လပ်ရေးဆုံးရှုံးသွားသည်ကို  သိရသည်နှင့် တစ်ပြိုင်နက် တိုင်းရင်းသားအပေါင်းတို့က ရရာလက်နက်စွဲကိုင်ကာ နယ်ချဲ့ကို တော်လှန်ခဲ့ကြသည်။

ဝန်းသိုနယ်မှ ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်၊ ဆင်ဖြူကျွန်းမှ ဆရာတော်ဦးဥတ္တမ(ရခိုင်လူမျိုး)၊ ရွှေဘိုနယ်မှ ထိပ်တင်မှတ်၊ နတ်မောက်နယ်မှ ဗိုလ်မင်းရောင်၊ ပုဂံနယ်မှ ဗိုလ်ချို၊ ချင်းပြည်နယ်မှ ကြွမ်ဘိစ်၊ ဝဲလောင်နယ်မှ ဗိုလ်ရာညွန့်၊ မင်းတုန်းနယ်မှ ဗိုလ်ရွဲ၊ ဓနုဖြူနယ်မှ ဗိုလ်မြတ်ထွန်း၊ ဇီးပင်ကြီးနယ်မှ မြင်စိုင်းမင်းသား၊ ကျောက်ဆည်နယ်မှ ဗိုလ်သာကြိုင်၊ ကျွန်းခင်းကြီးနယ်မှ ဗိုလ်လှကျော်၊ ကယားပြည်နယ်မှ စောလဖော်၊ ဝ နယ်မှ စောမဟာနှင့်နော်ခမ်းဦး၊ ပုပ္ပားနယ်မှ ဗိုလ်နက်ကျော်၊ ကချင်ပြည်နယ်မှ ဖုန်ကန်ဒူဝါ၊ သာယာဝတီနယ်မှ ဗိုလ်ခေါင်းကြီးနှင့် ဗိုလ်ခေါင်းလေးတို့ ဖြစ်ကြသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် မြန်မာ တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုကို မြင်တွေ့နိုင်သည်။

အင်္ဂလိပ်တို့က  မြန်မာတို့၏ စည်းလုံးညီညွတ်မှုကို  လုံးဝသဘောမကျခဲ့ပေ။ ထို့ကြောင့် မြန်မာတိုင်းရင်းသား တို့ကိုသွေးခွဲ အုပ်ချုပ်ခဲ့သည်။  ပြည်မနှင့်တောင်တန်းဒေသကို   ခွဲခြားအုပ်ချုပ်ခြင်း၊ တိုင်းရင်းသား အချင်းချင်း သွေးကွဲစေသော ဇာတ်လမ်းများ ဖန်တီးခြင်းဖြင့် ကျွန်သက်ရှည်အောင် လုပ်ဆောင်ခဲ့သည်။

လွတ်လပ်ရေးမဖြစ်မနေပေးရတော့မည့်အခြေအနေတွင်ပင် သွေးခွဲလျက်ရှိသည်။ လွတ်လပ်ရေးပေးရသော် တောင်တန်းဒေသကို ချန်လှပ်ထားလိုသေးသည်။  မြန်မာတို့က စည်းလုံးညီညွတ်စွာဖြင့် အတူတကွလွတ်လပ်ရေးကို ရယူနိုင်ရေး ဆောင်ရွက်ခဲ့ရာမှ ပင်လုံစာချုပ် ပေါ်ပေါက်လာခဲ့သည်။

၁၉၄၈ ခုနှစ်လွတ်လပ်ရေးရရှိပြီးကာလတွင် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့သည်။  ၁၉၄၈ ခုနှစ် မတ် ၂၈ ရက်တွင် ကွန်မြူနစ်ပါတီ တောခိုခဲ့သည်။ ထို့နောက် ကိုလိုနီအစိုးရ၏ သွေးခွဲအုပ်ချုပ်မှုကြောင့် KNDO ကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပေါ်ပေါက်လာသည်။ ၁၉၅၀ ပြည့်နှစ်ခန့်တွင် ကူမင်တန်တို့ကျူးကျော်ခဲ့သဖြင့်  တပ်မတော်ကတိုက်ထုတ်ခဲ့ရသည်။     တပ်မတော်အနေဖြင့် ပြည်ထောင်စုကြီး မပြိုကွဲစေရေးအတွက် နိုင်ငံနှင့်အဝှမ်း ထိန်းသိမ်းဆောင်ရွက်ခဲ့ရသည်။

နိုင်ငံရေးပြဿနာများ၊ လက်နက်ကိုင်ပဋိပက္ခများနှင့် ပါတီတွင်းသဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် အိမ်စောင့်အစိုးရတက်လာခဲ့သည်။ အိမ်စောင့်အစိုးရသည် နိုင်ငံအတွင်းမြို့ပြသစ် များဖော်ထုတ်ခြင်း၊ တရားဥပဒေ စိုးမိုးအောင်ဆောင်ရွက်ခြင်းနှင့် တရုတ်-မြန်မာနယ်နိမိတ် ပိုင်းခြားခြင်းများ ဆောင်ရွက်ခဲ့သည်။ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ တော်လှန်ရေးကောင်စီနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီတို့က အုပ်ချုပ်ဆောင်ရွက်ခဲ့သည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတစ်ခုတည်းထား ရှိသော်လည်း ထိုပါတီတွင်းဝင်ရောက်ကာ နိုင်ငံတော် တာဝန်ကို ထမ်းဆောင်ကြသူများမှာ  ယခင်ပါတီပေါင်းစုံမှပုဂ္ဂိုလ်များသာဖြစ်သည်။  အစိုးရအနေဖြင့် ဆိုရှယ်လစ်စနစ်ကို တည်ဆောက်ရာ၌ နိုင်ငံရေးသမားများ၊ ဆိုရှယ်လစ်စနစ်ကိုထောက်ခံသည့်ပြည်သူလူထု တို့ဖြင့်ပူးပေါင်း၍ လမ်းစဉ်ပါတီကို တည်ထောင်ကာ ၁၉၈၈ ခုနှစ်ထိ လျှောက်လှမ်းခဲ့ခြင်းဖြစ်သည်။ ၁၉၈၈ ခုနှစ်တွင် အရေးအခင်း ဖြစ်ပေါ်လာကာ တိုင်းပြည်၏ အခြေအနေယိမ်းယိုင်လာခဲ့ပြီး အချုပ်အခြာအာဏာ ပြိုကွဲမည့် အခြေအနေနှင့် ရင်ဆိုင်လာခဲ့ရသည်။  တည်ဆဲအစိုးရတစ်ရပ်၏ လုပ်ငန်းများ ရပ်တန့်ခဲ့သဖြင့်  တပ်မတော်က ဝင်ရောက်ထိန်းသိမ်းတာဝန်ယူ ဆောင်ရွက်ခဲ့ရသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်အစိုးရ တက်လာခဲ့ပြီး ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ပါတီစုံဒီမို ကရေစီစနစ်ကို ကျင့်သုံးနိုင်ရေး၊ ၎င်းနှင့်ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ရေးဆွဲရေးဆောင်ရွက် ခဲ့ရသည်။ တိုင်းရင်းသား ပြည်သူလူထုနှင့် အလွှာပေါင်းစုံမှ အစုအဖွဲ့များ ပါဝင်သော အမျိုးသားညီလာခံ၌ အချေအတင်ဆွေးနွေးပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၀၀၈ ခုနှစ်၌ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် အတည်ပြုနိုင်ခဲ့ကြသည်။ ထို့နောက်၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတို့ဖြင့် အစိုးရနှစ်ဆက် နိုင်ငံတော်ကို တာဝန်ယူခဲ့ကြပြီး ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အာဏာရပါတီအနေဖြင့် မဲအနိုင်ရရှိရေး မသမာသည့်နည်းလမ်းများဖြင့် ဆောင်ရွက်ခဲ့ပြီး  မဲမသမာမှု ဖြစ်ပေါ်ခဲ့သည်။  မဲစာရင်းကွဲလွဲမှုများကိုဖြေရှင်း ဆောင်ရွက်ပေးရန် တပ်မတော်မှထုတ်ပြန်ပြောကြားခဲ့သော်လည်း ဆောင်ရွက်ပေးခြင်းမရှိဘဲ တတိယအကြိမ် လွှတ်တော်ခေါ်ယူရန်ပင် လုပ်ဆောင်ခဲ့သဖြင့်  တပ်မတော်မှနိုင်ငံတော်၏တာဝန်များကို  အခြေခံဥပဒေနှင့်အညီ ဝင်ရောက်ထိန်းသိမ်း ဆောင်ရွက်ခဲ့ရသည်။ တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်သူ  Guardian  အနေဖြင့် မည်သည့်ခေတ်တွင်မဆို တည်ရှိနေမည်သာ ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။   ။