ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့နေသော ကနဦး လျာထားချက် ဆန်တန်ချိန်သုံးသောင်း မကြာမီ ပြည့်မီတော့မည်

ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့နေသော ကနဦး လျာထားချက် ဆန်တန်ချိန်သုံးသောင်း မကြာမီ ပြည့်မီတော့မည်

ရန်ကုန်  ဒီဇင်ဘာ  ၁၈

မြန်မာ့ဆန်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝယ်ယူလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်စက်မှု မြို့တော်ဆိပ်ကမ်းမှ တိုက်ရိုက်တင်ပို့လျက်ရှိပြီး ကနဦးလျာထားချက်ဖြစ် သည့်ဆန်တန်ချိန်သုံးသောင်း မကြာမီ ပြည့်မီတော့မည်ဖြစ်ကြောင်း သိရသည်။

ပြည်ပသို့တင်ပို့နေသော မြန်မာ့ဆန်များ အရည်အသွေး ပြည့်မီစေရန်နှင့် မြန်ဆန်စွာ တင်ပို့နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရနှင့် ပို့ကုန်တင်ပို့နေသော ကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး   ပုသိမ်စက်မှု မြို့တော်ဆိပ်ကမ်းမှ နိုဝင်ဘာ ၂ ရက်မှစ၍ တိုက်ရိုက်တင်ပို့သော စနစ်ဖြင့် တင်ပို့နိုင်ခဲ့ပြီး ဒီဇင်ဘာ ၁၈ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရှစ်စင်းမြောက်သင်္ဘောသည် ဆန်တန်ချိန် ၂၆၅၀ ကို တင်ဆောင်လျက်ရှိကာဒီဇင်ဘာ၁၉ ရက်တွင် ထွက်ခွာနိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  G to G သဘောတူညီမှုအရ ဆန်တန်ချိန် နှစ်သိန်းတင်ပို့ရန် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများနှင့် သီလဝါ ဆိပ်ကမ်းတို့မှ တင်ပို့လျက်ရှိသည့်နည်းတူ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်စက်မှုမြို့တော် ဆိပ်ကမ်း (Ayeyarwaddy International Industrial Port)မှလည်း ပထမဆုံး အကြိမ်အဖြစ် ပြည်ပသို့တိုက်ရိုက် တင်ပို့ခွင့်ရရှိခဲ့ရာ သင်္ဘောခုနစ်စင်းဖြင့် ဆန်တန်ချိန်ပေါင်း  ၁၈၄၇၅ တန် တင်ပို့ထားပြီး ယခု ဆန်တန်ချိန် ၂၆၅၀ တန် တင်ဆောင်နေသော MCL-7 သင်္ဘော ဖြင့်တင်ပို့ပြီးပါက ပုသိမ်စက်မှုမြို့တော် ဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဆန်တန်ချိန် ပေါင်း ၂၁၁၂၅ တန် တင်ပို့နိုင်ခဲ့ပြီးဖြစ်သည်။

“ဘင်္ဂလားဒေ့ရှ်ကိုပို့မယ့် ရှစ်စင်းမြောက် ဆန်သင်္ဘော ဒီနေ့မှာ ကျန်တဲ့ ၁၉၇ တန်ကို တင်ဆောင်နေတဲ့အတွက်    မနက်ဖြန် ရေအလှည့်သင့်ရင် ထွက်ခွာဖို့ရှိပါတယ်။ ဒီသင်္ဘောနဲ့ ဆန်တန်ချိန် ၂၆၅၀ တင်ဆောင်သွားမှာဖြစ်တဲ့အတွက် တင်ပို့တဲ့တန်ချိန် အားလုံးပေါင်း ၂၁၁၂၅ တန်ရှိပြီလို့ပြောရမှာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆန်တင်ပို့ဖို့ ကနဦးလျာထားတာက   ဆန်တန်ချိန် သုံးသောင်းဖြစ်တဲ့အတွက် မကြာမီပြည့်မီတော့မှာပါ။   စာချုပ်စာတမ်း ကိစ္စတွေ ကိုက်ညီမှုရှိမယ်ဆိုရင်    ဆန်ဆက်လက်တင်ပို့ဖို့ရှိမယ်။ ရန်ကုန်ကနေ မဟုတ်ဘဲ ပုသိမ်ကနေ တိုက်ရိုက်တင်ပို့ခွင့်ရတဲ့အတွက် ကုန်ကျစရိတ်သက်သာမှုဟာ နိုင်ငံတော်နဲ့ ကုန်သည်တွေအတွက်   အကျိုးရှိခဲ့တယ်။

အထူးသဖြင့် စက်သုံးဆီနဲ့ ပို့ဆောင်စရိတ် သက်သာစေခဲ့ပြီးတော့ ဒီဒေသမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ပွင့်လန်းလာတဲ့အပြင် ပို့ကုန်လုပ်ငန်းရှင်တွေလည်း စီးပွားရေး အခွင့်အလမ်းတွေ ရရှိစေခဲ့ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်ပသို့ မြန်မာ့ဆန်များ တင်ပို့နိုင်ခြင်းကြောင့် စိုက်ပျိုးတောင်သူတို့၏ လူမှုစီးပွား ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပြည်ပသို့ပို့ကုန်များ မြန်ဆန်စွာ စီးဆင်းနိုင်ရန် လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းဆောင်ရွက် ပေးနေကြောင်း သတင်းရရှိသည်။