ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသော ငါးရံ့ခြောက်များ ပြည်ပဈေးကွက်သို့ ပြန်လည် တင်ပို့နေရသဖြင့် အဝယ်လိုက်နေ

ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသော ငါးရံ့ခြောက်များ ပြည်ပဈေးကွက်သို့ ပြန်လည် တင်ပို့နေရသဖြင့် အဝယ်လိုက်နေ

    ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသော ငါးရံ့ခြောက်များကို  ရန်ကုန်ဈေးကွက်မှ တစ်ဆင့် ပြည်ပဈေးကွက်သို့ ပြန်လည်တင်ပို့ ရောင်းချနေရသဖြင့်   အဝယ်လိုက်နေကြောင်း ပုသိမ်မြို့မှ ငါးခြောက်ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူ  ဒေါ်မြတ်မော်၏ ပြောပြချက်အရ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသော ငါးရံ့ခြောက်များ ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချမှုကို ကိုဗစ်-၁၉  ရောဂါ ကာကွယ်ထိန်းချုပ်ရေး   ကာလအတွင်း ယာယီရပ်ဆိုင်းခဲ့ရပြီး ယခုနှစ် နိုဝင်ဘာ လမှစတင်ကာ ရန်ကုန်မြို့မှ တစ်ဆင့် ပြည်ပ ဈေးကွက်သို့ ငါးရံ့ခြောက်များ ပြန်လည် တင်ပို့ရောင်းချနေခြင်းကြောင့် လက်ရှိတွင် ရန်ကုန်ဈေးကွက်မှ    ငါးရံ့ခြောက်များ  ဝယ်လိုအားကောင်းနေကြောင်း သိရသည်။

“ရန်ကုန်ကနေပြီးတော့ ဧရာဝတီတိုင်း ဒေသကြီးကထွက်တဲ့   ငါးရံ့ခြောက်ကို မှာယူပြီး   ပြည်ပကို တင်ပို့နေတာဖြစ်ပါတယ်။ ကိုဗစ်- ၁၉ ရောဂါ အခြေအနေကြောင့် ပြည်ပကို ငါးခြောက်တင်ပို့မှုရပ်နားခဲ့ရပေမယ့်  ဒီနှစ်မှာတော့  ငါးရံ့ခြောက် ပြည်ပဈေးကွက် တင်ပို့ရောင်းချတဲ့ လုပ်ငန်းကို နိုဝင်ဘာလကနေ စတင်လုပ်ကိုင်နေကြတာပါ။   လက်ရှိ  ရန်ကုန်ဈေးကွက်ကို ဧရာဝတီတိုင်းဒေသကြီးကနေ   ထွက်တဲ့ ငါးခြောက်တန်ချိန် ၅၀ အထိ  ငါးရက်တစ်ကြိမ် တင်ပို့ရောင်းချနေရတယ်။ အရင်နှစ်က ဈေးကွက်ပျက်တဲ့ အထိဖြစ်ခဲ့တာမို့ အခုလို ပြန်လည်တင်ပို့ရတော့ အဆင်ပြေပါတယ်”ဟု ဒေါ်မြတ်မော်ကပြောသည်။

လက်ရှိ ဒေသတွင်းငါးရံ့ခြောက်ဈေးကွက်၌  ငါးရံ့ခြောက်အကြီး  တစ်ပိဿာလျှင်  ငွေကျပ်  ၆၅၀၀၀၊  ငါးရံ့ခြောက် အလတ်တစ်ပိဿာလျှင် ငွေကျပ် ၅၅၀၀၀၊ ငါးရံ့ခြောက်အသေး တစ်ပိဿာလျှင် ငွေကျပ် ၄၈၀၀၀ ခန့်ရှိကြောင်း၊ မြန်မာနိုင်ငံ နေရာအနှံ့အပြားရှိ   အင်းအိုင်များမှ ရရှိသည့် ငါးရံ့များကို ငါးရံ့ခြောက်ပြုလုပ်ပြီး ဖြန့်ဖြူးရောင်းချရာတွင်   ဧရာဝတီတိုင်း ဒေသကြီးမှ ထွက်ရှိသော   ငါးရံ့ခြောက်များကို   ကြိုက်နှစ်သက်မှု ပိုများကြောင်း သိရသည်။