ကြက်သွန်နီအများအပြား ဝင်ရောက်လျက် ရှိသောကြောင့် ဈေးနှုန်း ကျဆင်း

ကြက်သွန်နီအများအပြား ဝင်ရောက်လျက် ရှိသောကြောင့် ဈေးနှုန်း ကျဆင်း

မကွေးတိုင်းဒေသကြီး  မင်းဘူးမြို့၌ ကြက်သွန်နီအများအပြား ဝင်ရောက်လျက် ရှိသောကြောင့် ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀ ဝန်းကျင်သို့ ကျဆင်းလျက်ရှိကြောင်း မင်းဘူးမြို့ ကြက်သွန်ပွဲရုံ ပိုင်ရှင်များထံမှ သိရသည်။

မင်းဘူးဈေးကွက်သို့ လာရောက်ရောင်းချလျက်ရှိသော ကြက်သွန်တောင်သူများသည် ဧရာဝတီမြစ်ရိုး တစ်လျှောက်  ကိုင်းထဲ/ကျွန်းထဲတွင်  စိုက်ပျိုးသူများဖြစ်ကြပြီး ဆိတ်ဖြူ၊ ဆင်ဖြူကျွန်းနှင့်  စလင်း၊ ရေနံချောင်းကျွန်းထဲမှ လာရောက်ရောင်းချလျက် ရှိကာ တစ်နေ့လျှင်ပိဿာချိန် ၈၀၀၀၀ ဝန်းကျင်အထိ ရောင်းချ၍  ဝယ်လိုအား နည်းနေသောကြောင့် ယခင်တစ်ပိဿာ ၃၅၀၀၊ ၃၈၀၀ ဈေးမှ ယခုအခါ တစ်ပိဿာ ကျပ် ၂၀၀၀ ဈေးအထိ ကျဆင်းခဲ့သည်။

ထိုသို့ ကြက်သွန်ဈေး ကျဆင်းရခြင်းမှာ ရန်ကုန်၊ မန္တလေး၊ ပခုက္ကူနှင့် မုံရွာမြို့တို့မှ အဝယ်ဒိုင်ကြီးများသည် နေရာဒေသနှင့် ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့သောကြောင့် မြန်မာနိုင်ငံအတွင်းမှ မြို့များနှင့် ထိုင်း၊ တရုတ်နှင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သို့ သယ်ပို့ရောင်းချနိုင်သော်လည်း မင်းဘူးမြို့မှ အဝယ်ဒိုင်များသည် မင်းဘူးခရိုင် အတွင်းနှင့် ရခိုင်ပြည်နယ်၊ အိန္ဒိယနိုင်ငံတို့သို့သာ တင်ပို့နိုင်သဖြင့် ဝယ်လိုအားနည်းပြီး ရောင်းအားများနေသဖြင့် ကြက်သွန်ဈေးများ ကျဆင်းလာခြင်းဖြစ်ကြောင်း သိရ သည်။