ရမည်းသင်းမြို့နယ်၌ မိုးနှောင်းစပျစ်များ စတင်ထွက်ရှိချိန်တွင် ဈေးကောင်းရရှိနေ

ရမည်းသင်းမြို့နယ်၌ မိုးနှောင်းစပျစ်များ စတင်ထွက်ရှိချိန်တွင် ဈေးကောင်းရရှိနေ

မန္တလေးတိုင်းဒေသကြီး ရမည်းသင်း မြို့နယ်၌ မိုးနှောင်းစပျစ်များ စတင်ထွက်ရှိ ချိန်တွင် ဈေးကောင်းရရှိနေကြောင်း စပျစ် စိုက်ပျိုးရောင်းချသူများ၏ပြောပြချက်အရ သိရသည်။

ထိုသို့ဈေးကောင်းရရှိရာတွင် စပျစ်သီး  လက်ကားဈေးနှုန်းမှာ   တစ်ပိဿာလျှင် ငွေကျပ်  ၅၀၀၀  ဝန်းကျင်နှင့်  လက်လီဈေးနှုန်းမှာ  တစ်ပိဿာလျှင်  ငွေကျပ် ၈၀၀၀  ဝန်းကျင်အထိ  ရရှိနေခြင်းဖြစ်သည်။

“လက်ရှိက စပျစ်သီးအထွက်နှုန်း နည်းနေသေးတယ်။ ရာသီအစောဖြတ်လောက်ပဲ ထွက်သေးတာပါ။ အရည်အသွေးကတော့ တဖြည်းဖြည်းချင်း ကောင်းလာပြီ။   အခု ထွက်တဲ့အသီးက မိုးနှောင်းပိုင်း စက်တင်ဘာလမှာ ကိုင်းဖြတ်တဲ့ အသီးတွေဖြစ်လို့ မိုးရာသီမှာထွက်တဲ့အသီးတွေထက် အရည်အသွေး နည်းနည်းပိုကောင်းပါတယ်။ ဈေးကောင်းလည်းရနေတယ်”ဟု မန္တလေးတိုင်း ဒေသကြီးမှ စပျစ်စိုက်ပျိုးသူဦးလှိုင်ထွန်းကပြောသည်။

ရမည်းသင်းမြို့နယ်၌   ပုံမှန်အားဖြင့် တစ်ရက်လျှင် စပျစ်ပိဿာချိန် ၁၀၀၀၀ မှ ၁၅၀၀၀ ဝန်းကျင်အထိထွက်ရှိလေ့ရှိသော် လည်း လတ်တလောတွင် တစ်ရက်လျှင် ပိဿာချိန် ၁၅၀၀ မှ ၂၀၀၀ ဝန်းကျင်အထိသာ ထွက်ရှိနေသေးသည်။

“လတ်တလောထွက်ရှိတာတွေကို နယ် တွေပို့ကြတာများတယ်။ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တွေဆီ ပို့ကြ တယ်။ ရန်ကုန်၊ မန္တလေးသစ်သီး ပွဲရုံတွေကတော့ တအားကြီး မလည်ပတ်သေးဘူး”ဟု ဦးလှိုင်ထွန်းကပြောသည်။

ပြည်တွင်း၌စိုက်ပျိုးသည့်   စပျစ်များသည်   ရာသီမရွေး ထွက်ရှိသော်လည်း မိုးရာသီတွင်ထွက်ရှိသော  စပျစ်များမှာ အရည်အသွေးပိုင်းဆိုင်ရာ အားနည်းချက်များ ရှိပြီး မိုးနှောင်းစပျစ်မှာ အနည်းငယ် ကောင်းမွန်လေ့ရှိကာ ဆောင်းစပျစ်များမှာ ပိုမိုကောင်းမွန်လေ့ ရှိကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်အတွင်းရှိ ကျေးရွာ ပေါင်း ၃၀ ကျော်၌ စပျစ်စိုက်ပျိုးသူ ဦးရေ ၃၅၀၀  မှ  ၄၀၀၀  ဝန်းကျင်အထိရှိပြီး စိုက်ပျိုးဧက ၁၀၀၀၀ ကျော်ရှိကာ ထွက်ရှိလာသောစပျစ်များကို  နယ်စုံသို့တင်ပို့လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၌ စပျစ်ကို ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ မန္တလေး၊ စစ်ကိုင်း၊  မုံရွာ၊  ပခုက္ကူ၊  ရေနံချောင်း၊ ရမည်းသင်း၊ ပျော်ဘွယ် စသည့်မြို့နယ်

များ၌     အများအပြား စိုက်ပျိုးလျက်ရှိကြောင်း၊  စပျစ်စိုက်ပျိုးသည့် ဒေသများ၌ စိုက်ပျိုးရေကို လိုအပ်သလို ပေးသွင်းနိုင်ပါက  အကျိုးဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ကြောင်း သိရသည်။