အမေရိကန်က နိုင်ငံတကာကုန်သွယ်မှုစည်းမျဉ်းများကို မထီမဲ့မြင်ပြုဟု WTO ဆုံးဖြတ်

အမေရိကန်က နိုင်ငံတကာကုန်သွယ်မှုစည်းမျဉ်းများကို မထီမဲ့မြင်ပြုဟု WTO ဆုံးဖြတ်

အမေရိကန်နိုင်ငံသည်  နိုင်ငံတကာကုန်သွယ်မှုစည်းမျဉ်းများကို မထီမဲ့မြင်ပြုနေကြောင်း ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ (WTO) က ဆုံးဖြတ်ချက်ချလိုက်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံက ဟောင်ကောင်တွင် ပြုလုပ်သည်ဟူသောစာတမ်းပါ ကုန်ပစ္စည်းများကို တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းများအဖြစ်သတ်မှတ်ကာ တင်သွင်းမှုတားမြစ်ခြင်းအပေါ် WTO က ယခုကဲ့သို့ ဆုံးဖြတ်ချက်ချခြင်းဖြစ်သည်။

တရုတ်အစိုးရက ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတွင် လုံခြုံရေးဥပဒေပြဋ္ဌာန်းပြီးနောက်  ယခင်အမေရိကန် အစိုးရလက်ထက် သမ္မတဒေါ်နယ်ထရမ့် အစိုးရက ဟောင်ကောင်ဒေသထွက်ကုန် ပစ္စည်းများ တင်သွင်းမှုကို   ကန့်သတ်တားမြစ်ခဲ့ခြင်း ဖြစ်သည်။

ဟောင်ကောင်သည် WTO တွင် တရုတ်နိုင်ငံနှင့်မသက်ဆိုင်ဘဲ သီးခြားအဖွဲ့ဝင်အဖြစ် ပါဝင်နေမှုအပေါ် အမေရိကန်က လျစ်လျူရှုကာ ကုန်သွယ်ရေးစည်းမျဉ်းများကို ချိုးဖောက်သည်ဟု တိုင်ကြားခဲ့မှုအပေါ် WTO က ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

သို့သော် WTO ၏ဆုံးဖြတ်ချက်ကို အမေရိကန်အစိုးရကပယ်ချလိုက်ပြီး နိုင်ငံ၏ အမျိုးသားလုံခြုံရေး အကျိုးစီးပွားများအပေါ် WTO အနေဖြင့်ဆုံးဖြတ်ပိုင်ခွင့်မရှိကြောင်း အမေရိကန်ကုန်သွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ အာဒမ်ဟော့က ပြောထားသည်။

ဟောင်ကောင်ကုန်သွယ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနကမူ WTO ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုပြီး   အမေရိကန်အနေဖြင့် ယခင်သတ်မှတ်ချက်ကို ပြောင်းလဲပေးရန်   တောင်းဆိုလိုက်ကြောင်း သိရသည်။

Ref:TST