ဟီရိုရှီးမားနှင့်နာဂါဆာကီတို့အပေါ် အမေရိကန်ဗုံးကြဲမှုက အမှားလုပ်မိခြင်းဖြစ်ဟု ကြေညာရန် ဂျပန်တောင်းဆို

ဟီရိုရှီးမားနှင့်နာဂါဆာကီတို့အပေါ် အမေရိကန်ဗုံးကြဲမှုက အမှားလုပ်မိခြင်းဖြစ်ဟု ကြေညာရန် ဂျပန်တောင်းဆို

ဒုတိယကမ္ဘာစစ်  အဆုံးသတ်တွင် ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့တို့အပေါ် အမေရိကန်တို့၏ အက်တမ်ဗုံးများကြဲမှုသည် အမှားလုပ်မိခြင်း ဖြစ်သည်ဟု ရိုးသားစွာ ဝန်ခံကြေညာရန် ဂျပန်အထက်လွှတ်တော်အမတ်တစ်ဦးဖြစ်သည့် မူနေးအိုးဆူဇူကီးက တောင်းဆိုလိုက်ကြောင်း သိရသည်။

စစ်ပွဲကြီးအဆုံးသတ်တာ နှစ်ပေါင်း ၇၇ နှစ်ကြာရှိလာပြီဖြစ်သည့်တိုင် အမ်တမ်ဗုံးတွေကြဲချခဲ့တဲ့ အမေရိကန်က သူ့လုပ်ရပ်အတွက် ဘယ်တုံးကမှမတောင်းပန်ခဲ့သလို ဘယ်တုံးကမှလည်း ခွင့်လွှတ်ပေးဖို့ မတောင်းဆိုခဲ့ဖူးပါဘူး။ တခြားနိုင်ငံတွေရဲ့လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်လို့ တကြော်ကြော် အော်ဟစ်နေတဲ့နိုင်ငံက အမေရိကန်နိုင်ငံပါပဲ။ ဒါဆိုရင်သူတို့လုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံနဲ့ကမ္ဘာကြီးကို ဘာကြောင့်ရိုးရိုးသားသားမပြောပြရတာလဲ ဟု မူနေးအိုးဆူဇူကီးက ၎င်း၏ပုဂ္ဂလိကဝက်ဆိုက်တွင် ရေးသားထားသည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ၂၀၂၃ ခုနှစ်မေလတွင် နာဂါဆာကီမြို့သို့သွားရန် စီစဉ်ထားသည့်ခရီးစဉ်နှင့် ပတ်သက်၍ ဂျပန်သတင်းဌာနများက ထုတ်ပြန်လာမှုအပေါ် ၎င်းကယခုကဲ့သို့ပြောခြင်း ဖြစ်သည်။

ဂျိုးဘိုင်ဒင်၏ခရီးစဉ်သည် မှန်ကန်သော  ဆုံးဖြတ်ချက်ဖြစ်မည်ဟု ယုံကြည်ကြောင်း၊ ထိုခရီးစဉ်တွင် နျူကလီးယားလက်နက်များ အသုံးပြုရမှုက မဖြစ်နိုင်သောအရာဖြစ်ကြောင်း၊ အက်တမ်ဗုံးများကို အသုံးပြုခြင်းသည် မှားယွင်းသောလုပ်ရပ်ဖြစ်ကြောင်း ဝန်ခံပြောဆိုမည်ဟု ဆုတောင်းကြောင်း မူနေးအိုးဆူဇူကီးက ဆက်ပြောသည်။

၂၀၂၃ ခုနှစ်တွင် ဂျပန်နိုင်ငံက ခုနစ်ပြည်ထောင်အဖွဲ့ဖြစ်သည့်  G-7 အဖွဲ့၏ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ရမည်ဖြစ်ပြီး ထိပ်သီးညီလာခံကို မေ ၁၉ ရက်မှ ၂၁ ရက်အထိ ဟီရိုရှီးမားမြို့၌ ကျင်းပရန် စီစဉ်ထားသည်။

ဒုတိယကမ္ဘာစစ်ပြီးဆုံးတော့မည့်ရက်ပိုင်းတွင် အမေရိကန်က ဟီရိုရှီးမားမြို့ကိုလည်းကောင်း၊ နောက်သုံးရက်အကြာတွင် နာဂါဆာကီမြို့ကိုလည်းကောင်း အက်တမ်ဗုံးများ ကြဲချလိုက်ခြင်း ဖြစ်သည်။

အဆိုပါဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဟီရိုရှီးမားမြို့တွင် လူ ၁၄၀၀၀၀ ခန့်နှင့် နာဂါဆာကီမြို့တွင် လူ ၇၀၀၀၀ ခန့် သေဆုံးကာ ထိုဗုံးကြဲမှုများသည်လူသားတို့၏ သမိုင်းတစ်လျှောက်စစ်ပွဲများတွင် နျူကလီးယားလက်နက်ကို  ပထမဆုံးအသုံးပြုမှုဖြစ်ကြောင်း သိရသည်။     

 Ref:Sputnik