ယူကရိန်းသို့အဆင့်မြင့်လက်နက်များ ပံ့ပိုးပေးခြင်းက အမေရိကန်မဟာမိတ်များကို အန္တရာယ်ကျရောက်စေမည်

ယူကရိန်းသို့အဆင့်မြင့်လက်နက်များ ပံ့ပိုးပေးခြင်းက အမေရိကန်မဟာမိတ်များကို အန္တရာယ်ကျရောက်စေမည်

ယူကရိန်းနိုင်ငံသို့ အဆင့်မြင့်လက်နက်များ ထောက်ပံ့ပေးပို့ခြင်းသည် အမေရိကန်၏မဟာမိတ်နိုင်ငံများအပေါ် ဘေးအန္တရာယ်ကျရောက်စေမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ပြောသည်။

အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသည့် ယူကရိန်းသမ္မတဇီလန်စကီနှင့် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်တို့က ပူးတွဲသတင်းစာရှင်းလင်းပွဲလုပ်ဆောင်စဉ် သတင်းထောက်တစ်ဦး၏မေးမြန်းမှုကို   အမေရိကန်သမ္မတက ယခုကဲ့သို့ဖြေဆိုလိုက်ခြင်းဖြစ်သည်။

ထို့ပြင် ယူကရိန်းအနေဖြင့်  စစ်မြေပြင်တွင်အောင်မြင်မှုရရှိပြီး   မိမိကိုယ်မိမိကာကွယ်နိုင်စေရန် လိုအပ်မည့်လက်နက် များကို အမေရိကန်က ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဂျိုးဘိုင်ဒင်က ဆက်ပြောသည်။

အမေရိကန်အစိုးရသည်   ဇီလန်စကီ၏ခရီးစဉ်အတွင်း    ယူကရိန်းနိုင်ငံသို့စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးမည့် ဆုံးဖြတ်ချက်တစ်ခုကို ဒီဇင်ဘာ၂၁ ရက်တွင် အတည်ပြုလိုက်သည်။ ထောက်ပံ့ပေးမည့် စစ်လက်နက်ပစ္စည်းများတွင် ပတ်ထရီးယော့ ဒုံးတပ်ခွဲတစ်ခွဲလည်း ပါဝင်မည်ဖြစ်သည်။

ယူကရိန်းအစိုးရက လက်ရှိ  ၎င်းတို့အသုံးပြုနေသော   အမြောက်များထက် အကွာအဝေးပိုမိုရောက်ရှိကာ ရုရှားနိုင်ငံ အတွင်းပိုင်းကိုပင်   တိုက်ခိုက်နိုင်စေမည့် တာဝေးပစ်   အဆင့်မြင့်လက်နက်များကို အမေရိကန်ထံမှ   မကြာခဏဆိုသလို တောင်းခံခဲ့ခြင်းဖြစ်သည်။

အမေရိကန်အနေဖြင့် ထိုကဲ့သို့သာထောက်ပံ့ပေးလိုက်ပါက အဆိုပါထောက်ပံ့ပေးသူသည်  လက်ရှိဖြစ်ပွားနေသော ယူကရိန်းပဋိပက္ခတွင်   တိုက်ရိုက်ပါဝင်ပတ်သက်သူဖြစ်လာမည်ဖြစ်ကာ ပဋိပက္ခကို ပိုမိုရှည်ကြာစေမည်ဟု ရုရှားအစိုးရက သတိပေးထားသည်။

ထို့ကြောင့် NATO တပ်ဖွဲ့မှအဖွဲ့ဝင်နိုင်ငံအချို့အပါအဝင် ဥရောပနိုင်ငံအချို့သည် ဖြစ်လာနိုင်သည့် အခြေအနေအရပ်ရပ်ကို သုံးသပ်ကာ ယူကရိန်း၏ တောင်းဆိုချက်မှန်သမျှကို မလိုက်လျောခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။          

   Ref:TST