ရုရှားက နောက်ဆုံးပေါ်တိုက်ချင်းပစ်ဒုံးကျည်ကို စတင်အသုံးပြုမည်

ရုရှားက နောက်ဆုံးပေါ်တိုက်ချင်းပစ်ဒုံးကျည်ကို စတင်အသုံးပြုမည်

ရုရှားစစ်ဘက်အနေဖြင့် နောက်ဆုံးပေါ် အဆင့်မြင့်တိုက်ချင်းပစ်ဒုံးကျည်ကို လာမည့်နှစ်မှစ၍ အသုံးပြုသွားမည် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဆာဂျီရွှိုင်ဂူက သမ္မတနှင့်စစ်ဘက်အကြီးအကဲများတွေ့ဆုံဆွေးနွေးပွဲ၌ ပြောသည်။

အဆိုပါဒုံးကျည်သည် မြေအောက်ဒုံးပစ်စခန်းအခြေပြု  Sarmat တိုက်ချင်းပစ်ဒုံးကျည်ဖြစ်ပြီး ထိုဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့မှုများကြောင့် စစ်ဘက်တွင် စတင်အသုံးပြုခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးကပြောသည်။

ထို့ပြင်   လာမည့်နှစ်တွင်  မဟာဗျူဟာမြောက်ဒုံးတပ်ဖွဲ့က အသုံးပြုသွားမည့် ဒုံးလက်နက်စနစ်များတွင်  Sarmat သာမက Avangard နှင့့် Yars စနစ်တို့လည်း ပါဝင်မည်ဖြစ်ကာ စုစုပေါင်း မဟာဗျူဟာမြောက်နျူကလီးယား ဒုံးပစ်လောင်ချာ  ၂၂ မျိုးအထိ   အသုံးပြုသွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက ဆက်ပြောသည်။

ယခုကဲ့သို့သောလုပ်ဆောင်မှုများသည် မဟာဗျူဟာမြောက်ဒုံးတပ်ဖွဲ့၏ စွမ်းရည်များကို တိုးတက်စေမည် ဖြစ်ကြောင်း၊ ဒုံးတပ်ဖွဲ့တွင် အသုံးပြုထားသည့် လက်နက်များအနက် ၉၁ ရာခိုင်နှုန်းမှာ  ခေတ်မီအမျိုးအစားများသာဖြစ်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က ပြောသည်။

မိမိတို့အနေနဲ့ သုံးမျိုးပေါင်းနျူကလီးယား လက်နက်တိုက်ပွဲဝင်အသင့်ဖြစ်မှုကို တိုးတက်စေရေးအတွက် ဆက်လက်ထိန်းသိမ်းသွားပါမယ်။ ဒါဟာ မိမိတို့ရဲ့အချုပ်အခြာအာဏာ၊ ပိုင်နက်နယ်မြေတည်တံ့ခိုင်မြဲမှု၊ မဟာဗျူဟာတန်းတူညီမျှအခွင့်အရေးနဲ့ ကမ္ဘာ့အင်အားမျှခြေတို့ကို ကောင်းစွာထိန်းသိမ်း စောင့်ရှောက် နိုင်ဖို့အတွက် အဓိကအကျဆုံးသော အာမခံချက်ဖြစ်ပါတယ်ဟု ပူတင်ကပြောထားသည်။

Sarmat ဒုံးကျည်သည် လောင်စာရည်သုံးအကြီးစားတိုက်ချင်းပစ်ဒုံးကျည်ဖြစ်ပြီး ဧပြီလတွင် ပထမဆုံးအကြိမ် အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံ၏မဟာဗျူဟာမြောက်နျူကလီးယား အဟန့်အတားအတွက် ပင်မကျောရိုးဖြစ်သည့်အပြင် သက်တမ်းကြာမြင့်နေပြီ ဖြစ်သော R-36M2 Voevoda ဒုံးကျည်များနေရာ၌ Sarmat တိုက်ချင်းပစ်ဒုံးကျည်များကို    အစားထိုးအသုံးပြုသွားမည် ဖြစ်သည်။

Sarmat ဒုံးကျည်စနစ်က အမျိုးမျိုးသော ထိပ်ဖူးအများအပြားကို  တစ်ချိန်တည်းတစ်ပြိုင်တည်း သယ်ဆောင်နိုင်သည့်အပြင် မည်သည့်အမြင့်ပျံဒုံးကျည်ကာကွယ်ရေးစနစ်ကိုမဆို ဖောက်ထွင်းဝင်ရောက်နိုင်စွမ်းရှိတာကြောင့်   စွမ်းဆောင်ရည်အပိုင်းတွင်  R-36M2 Voevoda ထက်   အဆပေါင်းများစွာ ပိုမိုသာလွန်ကြောင်း မဟာဗျူဟာမြောက်ဒုံးတပ်ဖွဲ့မှူး ဗိုလ်ချုပ်ကြီးဆာဂျီကာရာကေ့ကပြောထားသည်ဟုသိရသည်။

Ref:RT