၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံကျော် အဆိုတော် မြန်မာပြည်သိန်းတန်၏ ကြယ်လေးများရဲ့ အနာဂတ် တစ်ကိုယ်တော် သီဆိုဖျော်ဖြေပွဲကျင်းပ

၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံကျော် အဆိုတော် မြန်မာပြည်သိန်းတန်၏ ကြယ်လေးများရဲ့ အနာဂတ် တစ်ကိုယ်တော် သီဆိုဖျော်ဖြေပွဲကျင်းပ

နေပြည်တော်   ဒီဇင်ဘာ   ၂၂

၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံကျော် အဆိုတော် မြန်မာပြည်သိန်းတန်၏ ကြယ်လေးများရဲ့ အနာဂတ် တစ်ကိုယ်တော် သီဆိုဖျော်ဖြေပွဲကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ  မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(MICC II))၌ ကျင်းပသည်။

အဆိုပါသီဆိုဖျော်ဖြေပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များဖြစ်ကြသော  ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ ဦးရွှေကြိမ်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် လေထီးခုန် ဂုဏ်ပြုကြမည့် လေထီးခုန်စစ်သည်များနှင့် စစ်သမီးများ၊ စိန်ရတုလွတ်လပ်ရေးနေ့    ဂုဏ်ပြုအခမ်းအနားတွင်   စာလုံး သရုပ်ဖော်ကြမည့် ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင်   ယနေ့ဖျော်ဖြေတင်ဆက်မှုမှာ ရင်ခွင်မဲ့ ကလေးများအတွက် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊  ရင်ခွင်မဲ့ကလေးများကို စာနာနားလည်စွာ ကူညီဖေးမသင့်ပါကြောင်း၊ ယနေ့တွင် အသက်လေးနှစ်မှ ၂၀ ကျော်အရွယ်အထိ   ရင်ခွင်မဲ့ကလေးများက  မြန်မာပြည်သိန်းတန်နှင့်အတူ ပါဝင်ဖျော်ဖြေ တင်ဆက်မည့် အစီအစဉ်လည်း ပါဝင်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာပြည်သိန်းတန်နှင့် အဖွဲ့က ရတနာပုံ၊ အောင်စေ တည်စေ ညီစေ၊   လွတ်လပ်ရေးတေးသံ၊ ပြောင်းလဲနေသောရွာကလေး၊ ယောသူတို့ရွာ+မဗေဒါ သီချင်းတို့ဖြင့် သီဆိုဖျော်ဖြေ တင်ဆက်သည်။

ယင်းနောက်   အလှူငွေပေးအပ်ပွဲကို ကျင်းပရာ ရင်ခွင်မဲ့ကလေးများအတွက် နွေးထွေးသော ကမ်းလက်များဖောင်ဒေးရှင်း၊ ရွှေသံလွင်မီဒီယာ ကုမ္ပဏီလီမိတက် နှင့်  စေတနာရှင်အလှူရှင် တစ်ဦးတို့က  ငွေကျပ် သိန်း ၁၀၀ စီ၊  ဦးလှစိုးဦး-ဒေါ်သန်းသန်း  (သာယာကြည်နူးဖွယ်  ကျောက်မျက်ကုမ္ပဏီလီမိတက်)က ငွေကျပ်သိန်း ၁၅၀၊ ဦးအောင်မျိုးဝင်း-ဒေါ်မေသူဇာဝင်း (May Thu 27 ) အိမ်ခြံမြေရောင်းဝယ်ရေးက ငွေကျပ်သိန်း ၃၀ တို့ကို ပေးအပ် လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက လက်ခံရယူပြီး ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်သည်။

ဆက်လက်၍   မြန်မာပြည်သိန်းတန်နှင့် အဖွဲ့က စနေထောင့်မှာ ပန်းလှူမယ်၊ ရင်ခွင်မဲ့ကလေး ၅၀ နှင့် အတူ  ပူးပေါင်းတင်ဆက်သည့်  ကြယ်စင်လေးများ၊  ရွှေသုန္ဒရီ၊ ချစ်စိတ်ငယ်ငယ်၊ နှင်းပွင့်သစ္စာ၊  Uncle ကတော့နိုးပါ   စသည့် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေရာ  တက်ရောက်လာကြသူများက ပျော်ရွှင်စွာ အားပေးကြည့်ရှုကြသည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် အကြောင်းအမျိုးမျိုးကြောင့် ရင်ခွင်မဲ့နေကြသော ရင်သွေးရတနာလေးများ၊ ဘဝအခြေအနေ ချို့တဲ့နေရှာသော ကလေးသူငယ်များ များစွာရှိနေရာ ၎င်းတို့ကို စနစ်တကျပြုစုပျိုးထောင်၍ တန်ဖိုးရှိသော လူချွန်လူကောင်းများ ဖြစ်ပေါ်လာအောင် မေတ္တာဖြင့်ထုံမွမ်း၍ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။

ယနေ့တွင်   နိုင်ငံကျော်တေးသံရှင် မြန်မာပြည်သိန်းတန်က ရင်ခွင်မဲ့ကလေးများကို  ကောင်းကင်တွင် တောက်ပမည့်ကြယ်ကလေးများ အဖြစ်  တင်စားကာ ကြယ်ကလေးများ၏ အနာဂတ်ဟု   အမည်တပ်၍ ဖျော်ဖြေတင်ဆက်ခြင်း ဖြစ်သည်။ ရင်ခွင်မဲ့ကလေးများ အတွက် ယနေ့တွင် အလှူငွေကျပ်  ၅၅၉ သိန်းကျော် ရရှိခဲ့ကြောင်း သိရသည်။