လိမ္မော်သီးများ လှိုင်လှိုင်ထွက်ရှိလာပြီး ဈေးကောင်းရရှိကာ ရောင်းအားကောင်း

လိမ္မော်သီးများ လှိုင်လှိုင်ထွက်ရှိလာပြီး ဈေးကောင်းရရှိကာ ရောင်းအားကောင်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့    မြို့မဈေးကြီးရှိ သစ်သီးဝလံအရောင်းဆိုင်တို့၌ နမ့်ပေါင်နှင့် မိုင်းရယ်ဒေသတို့မှ စိုက်ပျိုးထားသည့် လိမ္မော်သီးများ ခရစ္စမတ်ကာလအတွင်း ဈေးကွက်သို့ လှိုင်လှိုင်ထွက်ရှိလာပြီး ဈေးကောင်းရရှိကာ ရောင်းအားကောင်းမွန်လျက် ရှိကြောင်း သစ်သီးဝလံ အရောင်းဆိုင်များမှ သိရသည်။

“ခရစ္စမတ်ကာလအတွင်းမှာ နမ့်ပေါင်နဲ့ မိုင်းရယ်ဒေသတွေက လိမ္မော်သီးတွေ လှိုင်လှိုင်ထွက်ရှိလာတယ်။ ရောင်းအားကလည်း ကောင်းသလို ဈေးကလည်း ကောင်းပါတယ်။ အရင် ပေါ်ဦးပေါ်ဖျားထက် ဈေးပိုရတယ်။ စတင်ထွက်ရှိတဲ့အချိန်ကဆိုရင် လိမ္မော်သီးအကြီး တစ်ပိဿာကို ငွေကျပ် ၂၂၀၀၊  အသေးက တစ်ပိဿာကို  ငွေကျပ် ၁၅၀၀ ပါ။

အခုကတော့ လိမ္မော်သီးအကြီး တစ်ပိဿာကို ငွေကျပ် ၂၈၀၀ နဲ့ အသေးတစ်ပိဿာကို ငွေကျပ် ၂၀၀၀ အထိ  ဈေးကောင်းရပါတယ်။

ကျွန်တော်ကတော့မြို့တွင်းကိုလည်း လက်ကားဖြန့်တယ်။ ပြီးတော့ ဒေသတွင်းဖြစ်တဲ့ ကွတ်ခိုင်၊ ကွမ်းလုံ၊နမ့်ခမ်း၊ သိန်းနီ၊ ဟိုပန် အစရှိတဲ့ဒေသတွေကလည်း မှာယူမှုတွေရှိတဲ့အတွက်  တင်ပို့ပေးရပါတယ်။ တစ်ရက်ကို  ပိဿာချိန် ၃၀၀၀ နဲ့၄၀၀၀ အထိရောင်းရပါတယ်။

ဈေးကောင်းတဲ့အတွက် စိုက်ပျိုးတဲ့ သူတွေလည်း အမြတ်အစွန်းပိုရတဲ့အတွက်  အဆင်ပြေပါတယ်” ဟု သစ်သီးဝလံ   အရောင်းဆိုင်မှ ကိုအောင်ကပြောသည်။

နှစ်ရှည်သီးနှံဖြစ်သည့် လိမ္မော်ပင်စိုက်ပျိုးကြသူများ အနေဖြင့် လိမ္မော်သီးများ လှိုင်လှိုင်ထွက်ရှိလာပြီး ယခင်နှစ်ထက် ဈေးကောင်းရရှိခြင်းကြောင့်  အသီးအထွက်နှုန်း လျော့လာသည့်  သက်တမ်းရင့် အပင်ကြီးများနေရာတွင် အစားထိုး စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။