အမေရိကန်က ကမ္ဘာကြီးကို တိုက်ရိုက်ခြိမ်းခြောက်နေသည့် ခြိမ်းခြောက်မှုဖြစ်ဟု တရုတ်ပြော

အမေရိကန်က ကမ္ဘာကြီးကို တိုက်ရိုက်ခြိမ်းခြောက်နေသည့် ခြိမ်းခြောက်မှုဖြစ်ဟု တရုတ်ပြော

အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာကြီးကို   တိုက်ရိုက်ခြိမ်းခြောက်နေသည့် ခြိမ်းခြောက်မှုဖြစ်ကြောင်း     တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အမေရိကန်အစိုးရသည် တစ်ကမ္ဘာလုံးတွင်   ဆက်လက် လွှမ်းမိုးနိုင်ရန်အတွက် စစ်ရေးအသုံးစရိတ်  တိုးမြှင့်ရန်အတွက် တရုတ်နိုင်ငံအား ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်သည်ဟု တမင်အလွန်အမင်း ပြောဆိုခြင်းသာဖြစ်ကြောင်း   တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက  ဒီဇင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်သည့်ကြေညာချက်၌   ဖော်ပြသည်။ တရုတ်ကာကွယ်ရေး ဝန်ကြီးဌာန၏ အဆိုပါပြောကြားချက်သည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ၂၀၂၃ ခုနှစ်အတွက် အမေရိကန်အမျိုးသား ကာကွယ်ရေး ခွင့်ပြုမိန့်ဆိုင်ရာ အက်ဥပဒေကို လက်မှတ်ရေးထိုးပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသည် နိုင်ငံတကာ ဖွဲ့စည်းပုံစနစ်အပေါ်   တိုက်ရိုက် ခြိမ်းခြောက်နေသည့်  ခြိမ်းခြောက်မှုဖြစ်သည့်အပြင် ဒေသတွင်းဆူပူမှုများ ဖြစ်ပွားစေရန် လုပ်ဆောင်နေသည့်နိုင်ငံဖြစ်ကြောင်း ဖြစ်ရပ်မှန်များက  သက်သေပြလျက်ရှိသည်ဟု    တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနမှ  ပြောရေးဆိုခွင့်ရှိသူ  ဗိုလ်မှူးကြီးတန်ကေဖေက ပြောသည်။

ထို့ပြင်    အမေရိကန်အစိုးရသည်  ၎င်းတို့၏   ကိုယ်ကျိုးစီးပွားကိုသာ ရှာဖွေလျက်ရှိပြီး အခြားနိုင်ငံများအပေါ် စစ်မက်ပြုခြင်း သို့မဟုတ် ပဋိပက္ခများကို ဖန်တီးခြင်းတို့ကို လုပ်ဆောင်လျက်ရှိသောကြောင့် အပြစ်မဲ့ပြည်သူ အများအပြားမှာ   အိုးပစ်အိမ်ပစ် တိမ်းရှောင်နေရကြောင်း၊  တရုတ်နိုင်ငံအနေဖြင့်   နိုင်ငံတော် ပေါင်းစည်းရေးနှင့် နယ်မြေပေါင်းစည်းမှုကို   မဆုတ်မနစ် ကာကွယ်သွားမည်ဖြစ်ကြောင်း  တရုတ်ကာကွယ်ရေး ဝန်ကြီးဌာန၏ ကြေညာချက် တွင် ဆက်လက်ဖော်ပြထားကြောင်း သိရသည်။