ယူကရိန်းပဋိပက္ခတွင် ပါဝင်နေသည့် အဖွဲ့အစည်းများ အားလုံးနှင့် စေ့စပ်ဆွေးနွေးရန် အသင့်ရှိဟု ပူတင်ပြော

ယူကရိန်းပဋိပက္ခတွင် ပါဝင်နေသည့် အဖွဲ့အစည်းများ အားလုံးနှင့် စေ့စပ်ဆွေးနွေးရန် အသင့်ရှိဟု ပူတင်ပြော

ယူကရိန်းလက်နက်ကိုင် ပဋိပက္ခတွင် ပါဝင်နေသည့်  အဖွဲ့အစည်းများအားလုံးနှင့် စေ့စပ်ဆွေးနွေးရန် အသင့်ရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒီဇင်ဘာ ၂၅ ရက်တွင် ပြောကြားသည်။

ရုရှားနိုင်ငံအနေဖြင့်  ယူကရိန်းအရေး ဆွေးနွေးရန် ငြင်းဆိုနေသည့် နိုင်ငံမဟုတ်ကြောင်း၊ ယူကရိန်းပဋိပက္ခနှင့်စပ်လျဉ်း၍ လက်သင့်ခံနိုင်လောက်သည့် ဖြေရှင်းချက်မျိုး ရရှိရေးအတွက် ဆွေးနွေးရန် အသင့်ရှိနေကြောင်း Rossiya 1 ရုပ်သံနှင့်ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် ပြောကြားသည်။  ထို့ပြင် အမေရိကန်ဦးဆောင်သည့် အနောက်နိုင်ငံများသည် ရုရှားနိုင်ငံအား ခွဲခြားနိုင်ရေး ကြိုးပမ်းနေခြင်းကြောင့် ရုရှားနိုင်ငံသည် မှန်ကန်သော ဦးတည်ချက်သို့  လျှောက်လှမ်းနေခြင်းဖြစ်ကြောင်း သမ္မတပူတင်က ဆက်လက်ပြောကြားသည်။

သို့သော် အမေရိကန်က ရုရှားအားချည့်နဲ့စေရန် ကြိုးပမ်းနေသည်ဟူသော ပြောဆိုချက်ကို အမေရိကန်အစိုးရက  ငြင်းဆိုထားသည်။

ရုရှားနိုင်ငံသည် နိုင်ငံနှင့်ပြည်သူများ၏ အကျိုးစီးပွားကို ကာကွယ်နေခြင်းဖြစ်သောကြောင့် နိုင်ငံသားများကို ကာကွယ်နိုင်ရေးအတွက် အခြားရွေးချယ်စရာ မရှိကြောင်း ယူကရိန်းပဋိပက္ခကို ရည်ညွှန်း၍  ဆက်လက် ပြောကြားသည်။

အမေရိကန်ဦးဆောင်သည့် အနောက်နိုင်ငံများသည် ယူကရိန်း အရေးတွင် ယူကရိန်းတပ်ဖွဲ့များအား လက်နက်ထောက်ပံ့နေခြင်းဖြင့် ရုရှားအား တန်ပြန်နိုင်ရန်ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။