တရားမဝင် လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ် ဖမ်းဆီးရမိ

တရားမဝင် လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ် ဖမ်းဆီးရမိ

နေပြည်တော်   ဒီဇင်ဘာ   ၂၅

    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာတွင် ဒီဇင်ဘာ ၂၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ စစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ    မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေး စခန်း၌  ကုန်သေတ္တာတစ်လုံး အတွင်းမှ သွင်းကုန်ကြေညာလွှာ

(ID)တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော Thermos   Bottles   အလုံး ၁၀၀၀ အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၉၇၅၀၀၀)ကို လည်းကောင်း၊ မြဝတီ-ဘားအံ-ရန်ကုန် ကားလမ်း အမှတ်(၂)လမ်းမကြီး  ရွာသာကြီးတိုးဂိတ်အနီး၌ မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာ(ID)တွင်  ကြေညာထားသည်ထက် ပိုမိုပါရှိလာသော  Shopping Bag ၃၈၀၀ လုံး အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၅၀၄၀၀၀၀)နှင့်  အဆိုပါပစ္စည်းများ တင်ဆောင်လာသော NISSAN   DIESEL အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၅၁၀၁၅၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

အလားတူ ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်   မြဝတီကုန်သွယ်ရေး ဇုန်၌ ပူးပေါင်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်ထက် ပိုမိုပါရှိသော PE  Slipper များ ၂၁၅၇၀ ရန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၅၀၇၇၀)ကို သိမ်းဆည်းရမိခဲ့ပြီး  အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍   ဒီဇင်ဘာ ၂၃ ရက်တွင်  ဖမ်းဆီးရမိမှု စုစုပေါင်းမှာ  အမှုတွဲ(၄)မှု၊  (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၅၆၅၇၇၀)ဖြစ်ကြောင်း   တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ  သိရသည်။