စိမ်းစိုလန်းဆန်းနေစေဖို့ လူတိုင်းသစ်ပင်စိုက်ကြစို့

ကမ္ဘာကြီးတွင် ပူပြင်းခြောက်သွေ့ခြင်း၊ ရာသီဥတုဆိုးရွားလာခြင်း၊ တောမီးလောင်ခြင်း၊ ရေကြီးရေလျှံခြင်း၊ ရောဂါအသစ်အဆန်းများ ပေါ်ပေါက်လာခြင်း စသည်ဖြင့်ဘေးဒဏ် အမျိုးမျိုးတို့ကို လူသားတို့ တွေ့ကြုံရင်ဆိုင် နေကြရသည်။ အကြောင်းအကျိုး ဆက်စပ်မှု ဖြစ်စဉ်အရ ကမ္ဘာကြီးပူနွေး အရည်ပျော်ကာ ပင်လယ် ရေမျက်နှာပြင် မြင့်တက်လာသည်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာသည်။ လူသားတို့နေထိုင်ရန်၊ စက်မှုလုပ်ငန်းများတိုးချဲ့ရန်၊ သဘာဝသယံဇာတများထုတ်ယူရန် စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် သစ်ပင်များခုတ်လှဲမှုက သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များကို ပျက်စီးစေကာ ဥတုရာသီများ ဖောက်ပြန်ခြင်း၊ အပူလွန်ကဲခြင်း၊ မိုးခေါင်ခြင်း၊ ရေကြီးခြင်းတို့ ဖြစ်ပေါ်လာရသည်။ စက်မှုလုပ်ငန်းများမှ စွန့်ထုတ်လိုက်သော ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များကြောင့် အိုဇုန်းလွှာပျက်စီးကာ တစ်နှစ်ထက်တစ်နှစ် အပူချိန်မြင့်တက် လာနေသည်။ ဘယ်သူမပြု မိမိမှုဆိုသလို လူသားတို့၏ သဘာဝ ပတ်ဝန်းကျင် ဖျက်ဆီးမှုများကြောင့် ဖြစ်ပေါ်လာရသော ကြောင်းကျိုးဆက်နွှယ်မှု အကြောင်းရင်းများပင် ဖြစ်သည်။ ကမ္ဘာမြေပေါ်တွင် နေထိုင်ကြသည့် လူသားတိုင်း မိမိတို့သုံးစွဲသော ပစ္စည်းများကို ပြန်လည်သုံးစွဲနိုင်အောင် ကိုယ်တိုင်ဆောင်ရွက်ပြီး အများက လိုက်ပါဆောင်ရွက်နိုင်အောင် ကူညီဆောင်ရွက်ခြင်း၊ ပလတ်စတစ် သုံးစွဲမှု လျှော့ချခြင်း၊ လေထုသန့်စင် စေရန်နှင့် ရာသီဥတု မျှတစေရန် လူတိုင်းသစ်ပင် စိုက်ပျိုးခြင်း၊ စိုက်ပြီးသစ်ပင်များ ရှင်သန်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ကမ္ဘာကြီး အတွက် အဘက်ဘက်က အကူအညီပေးနိုင်သည့် လူသားကောင်း တစ်ယောက်ဖြစ်စေရန် မိမိကိုယ်ကို တည်ဆောက်ခြင်းတို့ဖြင့် မိမိတို့ဝန်းကျင် တစ်ခုမှသည် ကမ္ဘာ့ပတ်ဝန်းကျင် သာယာလှပရေး အားသွန်ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုက်ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့ရာသီဥတု ဆိုးရွားစွာ ပြောင်းလဲမှုကို ရင်ဆိုင်နေရသည့် နိုင်ငံဖြစ်ရာ မိုးရာသီတွင် ရေကြီးမှု၊ နွေရာသီတွင် အပူချိန်မြင့်မားမှုကြောင့် သောက်သုံးရေ ရှားပါးမှု၊ ဆောင်းရာသီကာလ တိုတောင်းမှု ဒဏ်များကို နှစ်အနည်းငယ် အတွင်း ပြင်းပြင်းထန်ထန် ခံစားလာကြရသည်။ ထိုသို့သော အခြေအနေမျိုးအတွက် အကြောင်းရင်းများစွာ ရှိသော်လည်း လူသားတို့၏ ပယောဂကြောင့် သစ်ပင်၊ သစ်တောများ ပြုန်းတီးခြင်းမှာ အဓိက အချက်ဖြစ်သည်။ အထူးသဖြင့် စီးပွားဖြစ် တရားမဝင်သစ်ခုတ်မှု၊ သယံဇာတတူးဖော်မှု၊ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးမှု၊ ကျေးလက်နေ ပြည်သူများ အတွက် ထင်းလောင်စာလိုအပ်မှု၊ အိမ်ရာဆောက်လုပ်ရန် လိုအပ်မှု၊ လမ်းဖောက်လုပ်မှု၊ လျှပ်စစ်ဓာတ်အား လိုင်းများနှင့် မလွတ်ကင်းသဖြင့် ခုတ်ထွင်ရှင်းမှုတို့ကြောင့် သစ်ပင်သစ်တောများ အချိန်နှင့်အမျှ ပြုန်းတီးလျက် ရှိသည်။ သစ်ပင်၊ သစ်တော ခုတ်ထွင်မှုများကို ကြပ်မတ်ထိန်းသိမ်းခြင်း၊ စိုက်ကွက်စိုက်ခင်းများ အစားထိုးခြင်းနှင့် သစ်ပင်စိုက်ပျိုးခြင်း များကို လုပ်ဆောင်ရန်မှ တစ်ပါး အခြားမရှိပေ။ သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန် လာစေရေးအတွက် မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်းကို ၂ဝ၁၇-၂ဝ၁၈ မှ၂ဝ၂၆-၂ဝ၂၇ အထိ ၁ဝ နှစ်စီမံကိန်း ရေးဆွဲ၍ အကောင်အထည် ဖော်လျက်ရှိသည်ဟု သိရသည်။ သစ်တောများလျင်မြန်စွာ ပြုန်းတီးနေမှုကို ကုစားနိုင်ရေးအတွက် ၂ဝ၁၄ ခုနှစ်တွင် ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုရပ်ဆိုင်းခြင်း၊ ၂ဝ၁၆ ခုနှစ်မှစ၍ ပဲခူးရိုးမတွင် သစ်ထုတ်လုပ်မှု ၁ဝ နှစ်ရပ်ဆိုင်းခြင်းများ လုပ်ဆောင်ခဲ့သည်။ သို့ရာတွင် တရားမဝင် သစ်ထုတ်လုပ်မှုများ၊ တရားမဝင် သယံဇာတ တူးဖော်မှုများကြောင့် မြန်မာ့သစ်တောများ ပြုန်းတီးနေဆဲဖြစ်သည်။ သစ်ပင်စိုက်ပျိုးရေးသည် စိုစွတ်ရာသီဖြစ်သော မိုးတွင်းကာလ ဇွန်၊ ဇူလိုင်နှစ်လတည်းသာ အချိန်ရှိသဖြင့် ဇူလိုင်လကို သစ်ပင်စိုက်ပျိုးရေး လအဖြစ် သတ်မှတ်ပြီး လူထုလှုပ်ရှားမှု အသွင်ဖြင့် စိုက်ပျိုးလျက်ရှိသည်။ သို့ရာတွင် နှစ်စဉ်သန်းနှင့်ချီကာ စိုက်ပျိုးခဲ့သော အပင်များ ဆက်လက်ရှင်သန်ရေး အတွက် ထိန်းသိမ်းရေး လုပ်ငန်းများအပေါ် အာရုံစိုက်မှု အားနည်းခြင်း၊ စိုက်ပျိုးစဉ်ကပင် နည်းစနစ်မှန်ကန်စွာ မစိုက်ခဲ့ခြင်းနှင့် ရန်သူမျိုးငါးပါး အန္တရာယ်များရှိနေခြင်းတို့ကြောင့်   အပင်အရေအတွက် အများစုမှာ ပျက်စီးဆုံးရှုံးမှုနှင့် ရင်ဆိုင်ကြရသည်။ ယခုနှစ်တွင်လည်း သစ်စေ့မြေလုံး များကို ရဟတ်ယာဉ်ဖြင့် ကြဲချခြင်း၊ အပင်ပေါက်ရောက်နိုင်သော တောင်ကုန်းများ၌ လူအင်အားဖြင့် ဆူးထိုး စိုက်ပျိုးခြင်း၊ အစုအဖွဲ့အလိုက် စိုက်ပျိုးခြင်းများကို လုပ်ဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံ၌လည်း အမြဲစိမ်း သစ်တော ၄၁ ရာခိုင်နှုန်း၊ ရွက်ပြတ်ရောနှောတော ၃၇ ရာခိုင်နှုန်း၊ ခြောက်သွေ့တော ၁ဝ ရာခိုင်နှုန်း၊ အင်တိုင်းတော ၅ ရာခိုင်နှုန်း၊ ပလပ်မြေ ၃ ရာခိုင်နှုန်းရှိနေကြောင်း သစ်တောနှင့်ဆိုင်သော စာပေများမှ မှတ်သားရသည်။ ထိုသစ်တောများတွင် အမြဲစိမ်း သစ်တောသည် ရာခိုင်နှုန်း အများဆုံး ပေါက်နေသောကြောင့် မြန်မာနိုင်ငံအတွက် သစ်တောထွက် ပစ္စည်းကိုသာမက ရေ၊ လေ၊ ရာသီဥတုတို့ကိုပါ ညီမျှစေသည်ဟုလည်း လေ့လာသိရှိရသည်။ သစ်တောနှင့် သဘာဝ ပတ်ဝန်းကျင် လေ့လာရေး အဖွဲ့များက သစ်တောသုံးမျိုး ရှိသည်ဟု ဆိုထားရာ ယင်းတို့မှာ သက်ရင့်သစ်တော၊ တောရိုင်းတိရစ္ဆာန်များ မှီခိုနေထိုင်ကြသော သစ်တောဟူ၍ ရှာဖွေတွေ့ရှိကြောင်း မှတ်တမ်းရေးသားထားပြီး ထပ်မံတိုးလာသည့် နှောင်းဖြစ်သစ်တော (ခုတ်လှဲပြီး သစ်တောများ နေရာ၌ပြန်၍ ပေါက်လာသော သစ်တောများ)၊ စိုက်ခင်းသစ်တော (စိုက်ပျိုးထားသည့် သစ်တောများ)ဟူ၍ တွေ့ရှိရကြောင်း ဆိုကြသည်။ တစ်ကမ္ဘာလုံး သစ်တောဖုံးလွှမ်းနေမှု ဧရိယာမှာ ဟက်တာသန်းပေါင်း ၃၄၄ဝ ရှိပြီး ရေမြေရာသီဥတု ဖောက်ပြန်မှုကြောင့် သစ်တောပြုန်းတီးမှု များစွာရှိခဲ့သည်။ ထိုသို့ ပျက်စီးမှုများတွင် ပျက်စီးမှု အများဆုံး ဒေသမှာ အရှေ့တောင်အာရှဟုလည်း ပါဝင်ကြသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း တစ်ကမ္ဘာလုံးရှိ ဒီရေတော ၃ဝ ရာခိုင်နှုန်း ပျက်စီးခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။ သစ်ပင်၊ သစ်တောများသည် သဘာဝအလျောက် ဖြစ်ထွန်းနေသည် မှန်သော်လည်း သဘာဝဘေးကြောင့် ပျက်စီးခြင်း၊ လူတို့မဆင်မခြင် ခုတ်လှဲမှုကြောင့် ပျက်စီးခြင်းတို့နှင့် ကြုံရသောကြောင့် တစ်ကမ္ဘာလုံးရှိ သစ်တောများ၏ ထက်ဝက်မက ပျက်စီးမှုများ ရှိခဲ့သည်။ မိမိပတ်ဝန်းကျင် မှသည် တိုင်းနိုင်ငံ၊ ကမ္ဘာတစ်ဝန်းနှင့် သက်ဆိုင်သော နေရာဒေသများကို ဆိုလိုခြင်းဖြစ်သည်။ မိမိ ပတ်ဝန်းကျင်တွင် စိမ်းစိုလန်းဆန်းနေပါက မိမိစိတ်ကို အေးချမ်းစေသလို တိုင်း၊ နိုင်ငံဒေသ အသီးသီး ကမ္ဘာတစ်ဝန်းတွင်လည်း စိမ်းစိုလန်းဆန်းအေးချမ်းစေသည်။ သစ်ပင်စိုက်ပျိုးခြင်းသည် ငွေကြေးကုန်ကျမှု သက်သာသည့်အပြင် အကျိုးကျေးဇူးများစွာ ရရှိစေသည်။ သစ်ပင်တစ်ပင် ရှင်သန်ဖြစ်ထွန်းလာပြီဆိုလျှင် သက်ရှိလောကအားလုံး အကျိုးဖြစ်ထွန်းစေသည်။ အရိပ်အာဝါသ ကောင်းသော သစ်ပင်ကြီးများသည် ကျေးလက်နေ ပြည်သူများအတွက် လေအေးပေးစက် ထက်ပင် တန်ဖိုးကြီးမားသည်။ အရိပ်ရပင်ဖြစ်စေ၊ စားပင်သီးပင်ဖြစ်စေ ရှင်သန်ဖြစ်ထွန်းမည် ဆိုလျှင် များစွာအကျိုးရှိသည်။ မြန်မာနိုင်ငံအတွင်း အကြောင်း အမျိုးမျိုးကြောင့် သစ်တောများ တဖြည်းဖြည်း ပြုန်းတီးလျက်ရှိသည်။ ထိုသို့ ပြုန်းတီးသွားသော သစ်တောများ နေရာတွင် အစားထိုးသစ်ပင်များ ရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်စွမ်းမရှိလျှင် မဝေးတော့သည့် အနာဂတ်တွင် သဲကန္တာရများ ဖြစ်လာနိုင်ပေသည်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း၌ သစ်တောများ ပြုန်းတီးလာမှုကြောင့် ကမ္ဘာကြီး ပူနွေးလာပြီး ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များနှင့် သဘာဝ ဘေးအန္တရာယ်များ ကြုံတွေ့ခံစားနေကြရပြီဖြစ်သည်။ နှစ်စဉ်မိုးရာသီတွင် သစ်ပင်စိုက်ပျိုးရာ၌ တာဝန်ကျေစိုက်ပျိုးနေသည်ထက် စိတ်စေတနာဖြင့် ရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးသင့်ပေသည်။ သစ်တောပြုန်းတီးမှု များပြားလာသော မြို့၊ ရွာများတွင် လမ်းများနှင့် အဆောက်အအုံများသည် အပူပိုမို စုပ်ယူလေ့ရှိသည်။ သစ်တောသစ်ပင် ထူထပ်သော မြို့၊ ရွာများတွင် အရိပ်အာဝါသကောင်းမွန်သဖြင့် လမ်းများနှင့် အဆောက်အအုံများကို အေးမြစေသည်။ ''ပတ်ဝန်းကျင် ဆိုသည်မှာ  မြေထု၊ ရေထု၊ လေထု၊ ရာသီဥတု၊ အသံ၊ အနံ့၊ အရသာတို့ ပါဝင်သည့် လူသားတို့ ပတ်ဝန်းကျင်ရှိ  ရုပ်ပိုင်းဆိုင်ရာ အကြောင်းအချက် များကိုလည်းကောင်း၊ တိရစ္ဆာန်များနှင့် အပင်အမျိုးမျိုးတို့၏ သက်ရှိဇီဝဆိုင်ရာ အကြောင်းအချက်များကို လည်းကောင်း၊ သမိုင်း၊ ယဉ်ကျေးမှု၊ လူမှုရေးနှင့် ပဒေသာ အလှအပဆိုင်ရာ အကြောင်းအချက် များကိုလည်းကောင်း စသည်တို့ကို ဆိုလိုသည်''ဟု ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်က အဓိပ္ပာယ် ဖွင့်ဆိုထားသည်။ သစ်ပင်စိုက်ပျိုးခြင်းသည် လူ့အဖွဲ့အစည်းအတွက် အကျိုးကျေးဇူးများစွာ ရရှိစေမည်ဖြစ်ရာ အစိုးရအနေဖြင့် စိုက်ပျိုးပြီး အပင်များ ရှင်သန်မှုကို လေ့လာဆန်းစစ်သည့် အစီအမံများ ချမှတ် အကောင်အထည်ဖော်ခြင်း၊ တိုင်းပြည်ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ ကြီးထွားနေသည့် အပင်များကို ထိခိုက်မှု အနည်းဆုံး ဖြစ်စေခြင်း၊ သယံဇာတ တူးဖော်ထုတ်လုပ်မှုအတွက် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု ရှိစေသည့် မည်သည့်အပြုအမူ မျိုးမဆို ထိရောက်စွာ အရေးယူခြင်းတို့ကို ဟန်ချက်ညီ လုပ်ဆောင်နိုင်ပါက မြန်မာ့သစ်တောများ ထိန်းသိမ်းရေးမူဝါဒကို များစွာ အထောက်အကူ ပြုစေမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။
မေယု-မျိုးအောင်(MANA)