စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် (၃)

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် (၃)

အမှတ်စဉ် (၃)

မြန်မာ့ရေနံထုတ်လုပ်မှု

မြန်မာ့ရေနံထုတ်လုပ်မှုကို လေ့လာရင် ယခင်ကုန်းတွင်းရေနံကိုပဲ အဓိကထား သုံးစွဲနေခဲ့ရာက ၂၀၀၀-၂၀၀၁ ခုနှစ်ကစပြီး ကမ်းလွန်ရေနံတွင်းများကနေ ရေနံထွက် ရှိလာပါတယ်။ ကုန်းတွင်းရေနံဟာ ၁၉၉၂-၁၉၉၃ ခုနှစ်မှာ ထုတ်လုပ်မှု စည် ၅ ဒသမ ၅ သန်းခန့်ထိ အမြင့်ဆုံးထုတ်လုပ်နိုင်ခဲ့ရာကနေ တဖြည်းဖြည်းချင်းလျော့လာခဲ့တယ်။ ၁၉၉၈-၁၉၉၉ ခုနှစ်မှာ စည်ပေါင်း ၃ ဒသမ ၄ သန်းထိပင် ကျဆင်းလာခဲ့တယ်။ ကုန်းတွင်းရေနံသိုက်အချို့  မတွေ့မချင်း ၂၀၀၁-၂၀၀၂ ကုန်ထိ  ဒီပမာဏကနေ တက်မလာခဲ့ပါဘူး။ အဲဒီနောက် ကုန်းတွင်းရေနံသိုက်အချို့က ထွက်ရှိလာလို့ ၂၀၀၃-၂၀၀၄ ခုနှစ်မှာ ရေနံစည် ၄ ဒသမ ၃ သန်းလောက်ထိ ပြန်တက် လာခဲ့တယ်။ ဒီနောက်မှာတော့ ကုန်းတွင်းရေနံထုတ်လုပ်မှု ပြန်လည်ကျဆင်းလာခဲ့ရာမှာ ၂၀၁၂-၂၀၁၃ ခုနှစ်မှာ စည်ပေါင်း  ၂ ဒသမ ၈ သန်းခန့်ထိ ရောက်လာခဲ့တယ်။ ၁၉၉၁-၁၉၉၂ ခုနှစ်နဲ့ နှိုင်းရင် ၁၂ နှစ်ခန့်အတွင်း ကုန်းတွင်းရေနံထွက်ရှိမှုဟာ ထက်ဝက်ထိ ကျဆင်းလာခဲ့တဲ့ သဘောပါပဲ။ အသစ်တွေ တွေ့ရှိတယ်ဆိုတာတွေကလည်း  တူးဖော်ရတဲ့ စရိတ်တောင် ကျေဖို့မလွယ်တဲ့ နေ့စဉ် စည်ရာဂဏန်းခန့်သာ တွေ့ရှိမှုတွေလို့လည်း ဆိုကြပါတယ်။

ဒါပေမဲ့ ၂၀၀၀-၂၀၀၁ ခုနှစ်ကစပြီး ကမ်းလွန်ရေနံထွက်ရှိလာတဲ့အတွက် ခံသာသွားခဲ့ပြန်ပါတယ်။ ကမ်းလွန်ရေနံကို ပြန်ကြည့်ရင် လည်း ၂၀၀၀-၂၀၀၁ ခုနှစ်မှာ စည် သုည ဒသမ ၈ သန်းလောက် ထွက်ရှိနေခဲ့ရာမှ ၂၀၀၅-၂၀၀၆ ခုနှစ်မှာ အမြင့်ဆုံး အဖြစ် စည်ပေါင်း ၄ ဒသမ ၄ သန်းလောက်ထိ တက်လာခဲ့တယ်။ ဒါပေမဲ့ သုံးနှစ်ခန့် အတွင်း ၂၀၀၇-၂၀၀၈ ခုနှစ်ကစပြီး တဖြည်းဖြည်းချင်း ပြန်ကျ လာခဲ့တာ ၂၀၁၂-၂၀၁၃ ခုနှစ်မှာ စည်ပေါင်း ၂ ဒသမ ၈ သန်းထိ ကျလာခဲ့ပါတယ်။ ရေနံနဲ့သဘာဝဓာတ်ငွေ့ဆိုတာ  ကျိန်းသေတွက်လို့ မရတာကို လက်တွေ့တွေ့ကြရတာပါပဲ။

ကုန်းတွင်းနဲ့ ကမ်းလွန်နှစ်ခုပေါင်း စဉ်းစားရင်တော့ ကမ်းလွန်ရေနံထွက်တဲ့နှစ် ၂၀၀၀-၂၀၀၁ ခုနှစ်က စပြီးတွက်ရင် အောက်ပါ အတိုင်း တွေ့ရမှာဖြစ်ပါတယ်။

ဖော်ပြခဲ့တဲ့ ကိန်းဂဏန်းအထောက်အထားများအရ ၂၀၁၅-၂၀၁၆ ခုနှစ် မြန်မာ့ရေနံထုတ်လုပ်မှု စုစုပေါင်းဟာ စည် ၄ ဒသမ ၇ သန်းကျော်ထိ တဖြည်းဖြည်းချင်း ကျဆင်းလာနေတာကို တွေ့ရပါမယ်။ ကမ်းလွန်ရေနံမတူးမီ ၁၉၉၂-၁၉၉၃ ခုနှစ်တုန်းက ကုန်းတွင်းသက်သက် ထုတ်လုပ်ခဲ့တဲ့ ရေနံစည် ၅ ဒသမ ၅ သန်းထက်နိမ့်တဲ့ အဆင့်ရောက်နေပြီဆိုတာတွေ့ရမှာပါ။

မြန်မာနိုင်ငံအတွက် အတည်ပြု(Proven) ပမာဏဆိုတာ ဘယ်ကာလက အတည်ပြုပမာဏလဲဆိုတာ မသိရပေမယ့် စာရင်းတစ်ခုမှာ ဖြစ်နိုင်ခြေ(Probability)ဟာ စည်သန်းပေါင်း ၄၀၀ လို့ ဖော်ပြထားပြီး Proven ပမာဏကို စည်သန်းပေါင်း ၄၅၉ ရှိတယ်လို့ ဖော်ပြထားတာလည်း တွေ့ရပါတယ်။ US Energy Information Administration (EIA)က ဆိုတာကတော့ အတည်ပြုနိုင်တဲ့ (Proven) မြန်မာ့ရေနံသိုက်ဟာ ရေနံစည်သန်း ၅၀ ပဲရှိတယ်လို့သာဆိုပါတယ်။ ဒီအတိုင်းသာဆိုရင်တော့ လက်ရှိတစ်နှစ် ထုတ်လုပ်မှု စည် ၅ သန်းနဲ့ဆက်သွားရင် ရေနံသိုက်သာ ထပ် မတွေ့ရင် မြန်မာ့အခြေအနေဟာ နောက် ၁၀ နှစ်ဆိုရင်  ရေနံအကျပ်အတည်းနဲ့ ထပ်ကြုံတော့မယ်လို့ ဆိုရမလိုဖြစ်နေပါပြီ။ (Source; Myanmar Energy Master Plan 2015)

ဓာတ်ဆီ၊ ဒီဇယ်ဆီ ဝယ်ယူတင်သွင်းမှု

နိုင်ငံမှာ ရေနံမလုံလောက်တဲ့အတွက် ပြည်ပက ဝယ်ယူတင်သွင်းနေရပါတယ်။ နှစ်စဉ် ဝယ်ယူတင်သွင်းနေရတဲ့ ပမာဏဟာလည်း လျော့သွားတယ်လို့မရှိဘူးဆိုတာ ဇယားမှာကြည့်ရင် တွေ့ရမှာပါ -

ရေနံချက်စက်ရုံများကိစ္စ

မြန်မာနိုင်ငံမှာ ရေနံချက်စက်ရုံ (Refinery Plant) သုံးခုရှိပါတယ်။ ဒီသုံးခုထဲမှာ အကြီးဆုံးက မင်းဘူး(သံပုရာကန်) ရေနံချက်စက်ရုံ ဖြစ်ပါတယ်။ ဒီသုံးရုံလုံး အခြေအနေကိုလည်း သိသာစေဖို့ဖော်ပြပါမယ်။

ရေနံလုပ်ကွက်များ

ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်မှုလုပ်ငန်းကို ကုန်းတွင်းရောကမ်းလွန်မှာပါ လုပ်ကွက်များသတ်မှတ်ပြီး ရှာဖွေတူးဖော်မှုကို ပုဂ္ဂလိကကုမ္ပဏီများနဲ့ စာချုပ်ချုပ်ပြီး လုပ်ကိုင်နေတာ တွေ့ရပါတယ်။ Production Share Contract (PSC) နဲ့ Improved Petroleum Recovery (IPR) ဆိုပြီး နှစ်မျိုးနဲ့စာချုပ်ပြီး ဆောင်ရွက်နေပါတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလကုန်အထိ စာရင်းအရ ကုန်းတွင်းနဲ့ကမ်းလွန် လုပ်ကွက်ပေါင်း ၆၅ ကွက်မှာ ကုမ္ပဏီပေါင်း ၃၉ ခုက လုပ်ငန်းများ ဆောင်ရွက်နေကြပါတယ်။

ရေနံတွင်းများ အခြေအနေ

တစ်နိုင်ငံလုံး ရေနံထွက်ရှိနိုင်မှုကို လေ့လာဆန်းစစ်ထားမှုအရ အတည်ပြုထားတဲ့ (Proven) ပမာဏဟာ-

ကုန်းတွင်း          ၁၀၄      သန်း(စည်ပေါင်း)

ကမ်းလွန်            ၃၅၅     သန်း(စည်ပေါင်း)

နှစ်ခုပေါင်း         ၄၅၉     သန်း(စည်ပေါင်း) ရှိတယ်လို့ ဆိုပါတယ် (ရှေ့တွင်ဖော်ပြပြီး)။ အထက်မှာဖော်ပြခဲ့သလို ၂၀၁၅- ၂၀၁၆ ခုနှစ်ထုတ်လုပ်မှုကတော့ တစ်နှစ်ကို စည် ၅ ဒသမ ၂ သန်းထိကျလာပါတယ်။ ရေနံချက်စက်ရုံတွေကို ပြန်ကြည့်ရင်လည်း အိုဟောင်းနေတဲ့ စက်များဖြစ်နေတာကြောင့် စက်ရုံများရဲ့ မူလဒီဇိုင်းထက် ၄၃ ရာခိုင်နှုန်း လောက်ပဲ  ချက်လုပ်နိုင်ပါတော့တယ်။ ပြည်တွင်းရေနံအထွက်ကလည်း ကျလာတော့ ပြည်တွင်းထွက်ကိုရည်မှန်းပြီး ရေနံချက်စက်ရုံ တည်ရင်လည်း တွက်ခြေကိုက်မှု စိစစ်ချက်တွေလုပ်ဖို့လိုလာမှာ ဖြစ်ပါတယ်။

၂၀၁၁-၂၀၁၆ ခုနှစ် အစိုးရလက်ထက်မှာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ဧရာဝတီတိုင်းထဲက ရေနက်ဆိပ်ကမ်းတစ်ခုမှာ စင်ကာပူလို ရေနံစိမ်းကို ပြည်ပကဝယ် ကိုယ့်ဆီမှာချက်ပြီး ပြည်ပကိုပြန်လည်တင်ပို့ဖို့လုပ်မယ့် အစီအစဉ်တစ်ခုရှိခဲ့တယ်လို့  သိရပါတယ်။  စင်ကာပူရဲ့မဟာဗျူဟာကျတဲ့ တည်နေရာနဲ့စီမံခန့်ခွဲမှုကို ဘယ်လိုလိုက်မီနိုင်အောင် ကြိုးစားမှာလည်းတော့မသိပါဘူး။  ဧရာဝတီမှာရှိတဲ့  ရေနက်ဆိပ်ကမ်းဟာ တကယ်ရောမဟာဗျူဟာကျတဲ့ ပင်လယ်ရေကြောင်းဆုံချက်မှာ ရှိသလားဆိုတာလည်း စိစစ်ရမှာပါ။ စီမံခန့်ခွဲမှုဆိုတာကတော့  တဖြည်းဖြည်း ဖန်တီးယူလို့ရပါတယ်။ ရေနံစိမ်းလည်း လုံးဝမထွက်ပါဘဲလျက် စင်ကာပူ ရေနံချက်စက်ရုံ (Refinary Plant)ကတော့ နေ့စဉ်ရေနံဆီ  တစ်သန်းချက်လုပ်ပြီး  ကမ္ဘာ့တတိယအကြီးဆုံး ရေနံချက် စက်ရုံကြီး ဖြစ်နေတာကြည့်ပြီး အားကျဖို့တော့ကောင်းပါတယ်။ အဓိကကတော့ ပင်လယ်ရေကြောင်းခရီး မဟာဗျူဟာကျတဲ့ မလက္ကာ ရေလက်ကြားရယ်၊ စီမံခန့်ခွဲမှုကောင်းလို့ရယ်ပါပဲ။ နိုင်ငံက ရန်ကုန်သာသာလောက်သာရှိပြီး  ဒီလောက်ကြီးတဲ့  ရေနံချက် စက်ရုံကြီး လည်း ရှိတယ်။ ဆိပ်ကမ်းတွေကလည်း အကြီးကြီးတွေ၊ ပျမ်းမျှ ၁၀ မိနစ်ကို တစ်စီးနှုန်းနဲ့ သင်္ဘောတွေ ပြန်လည် ထွက်ခွာနိုင်တဲ့ အဆင့်ရှိပြီး သင်္ဘောအစင်း ၆၀၀ လောက်ရပ်နားစရာ နေရာရှိတဲ့ ဆိပ်ကမ်းဖြစ်နေတာဟာလည်း အံ့သြစရာပါ။

မိမိတို့နိုင်ငံမှာ ၂၀၁၄-၂၀၁၅ ခုနှစ်အတွက် ပြည်ပသွင်းကုန်နဲ့ ပို့ကုန်တန်ဖိုး ကွာဟမှုကြောင့် ကုန်သွယ်ရေး လိုငွေဒေါ်လာသန်း ၄၁၀၀ လောက်ဖြစ်နေတဲ့အချိန်၊ လောင်စာဆီတင်သွင်းမှုက ဒေါ်လာ သန်း ၂၃၅၀ ကျော်နေတာကို ဘယ်လိုဖြည့်ဆည်းကြမလဲ စဉ်းစား ရမှာပါ။

နိဂုံးချုပ်ရရင်တော့ ရေနံအသုံးကိုတော့ လျှော့လို့မရတာ သေချာတယ်။ နှစ်စဉ် ယာဉ်တွေ၊ ယန္တရားတွေတင်သွင်းမှု၊ လူဦးရေ တိုးပွားလာပြီး စီးပွားရေးလုပ်ငန်းတွေ များလာမှုတွေကြောင့် လောင်စာဆီ အသုံးကျသွားစရာ အကြောင်းကတော့ လုံးဝမရှိပါဘူး။ ဒါဆိုရင် ဒါတွေပြန်ဝယ်နိုင်အောင်လို့ နိုင်ငံခြားငွေပုံမှန်ရနေမယ့် လမ်းတစ်ခုခု ကို ရွေးမှရတော့မှာကတော့ သေချာပါတယ်။

ဆက်လက်ဖော်ပြပါမည်။

 

မော်သာထွေး(မန္တလေး)