တရားစီရင်ရေးတွင် ခေတ်နောက်မကျစေရေးကြိုးပမ်း

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်)

တရားစီရင်ရေးတွင် ခေတ်နောက်မကျစေရေးကြိုးပမ်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်ကာ နိုင်ငံတော် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်ပေးနေသကဲ့သို့ ခေတ်ကာလနှင့် မလျော်ညီသည့် ဥပဒေ၊  နည်းဥပဒေများကို ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း၊ အစားထိုးဖြည့်စွက်ခြင်း၊ အသစ်ရေးဆွဲပြဋ္ဌာန်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတိုင်းတွင် တရားဥပဒေစိုးမိုးရေးကဏ္ဍသည် အရေးကြီးဆုံးမဏ္ဍိုင်အဖြစ် တည်ရှိနေသည်။ မြန်မာနိုင်ငံတွင် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တည်ဆောက်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)ကို ပြည်လုံးကျွတ် ဆန္ဒခံယူကာ အတည်ပြုပြဋ္ဌာန်းပေးခဲ့သည်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးဟူသည့် နိုင်ငံတော်၏ အာဏာကြီး(၃)ရပ် ပေါ်ထွန်းလာခဲ့ရာ တရားစီရင်ရေးအာဏာကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ကျင့်သုံးဆောင်ရွက်လျက်ရှိသည်။ တရားဥပဒေ စိုးမိုးရေး အခန်းကဏ္ဍသည် အရေးကြီးမဏ္ဍိုင်ဖြစ်ပြီး ပြည်သူတစ်ရပ်လုံး၏ နေ့စဉ်လူမှုဘဝ လုံခြုံရေးအတွက်လည်း မရှိမဖြစ်သည့် ကဏ္ဍတစ်ခုဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အမျိုးသားရေး လုပ်ငန်းစဉ်(၂) ရပ်အဖြစ်လည်းကောင်း၊ စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးကို နိုင်ငံရေးလုပ်ငန်းစဉ်(၂)ရပ်အဖြစ်လည်းကောင်း ရည်မှန်းချက်ထား ဆောင်ရွက် လျက်ရှိသည်။ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာတည်တံ့ရေးကို နိုင်ငံတော်အစိုးရက  ထိန်းသိမ်း ဆောင်ရွက်ရာတွင်   ပြည်သူတစ်ရပ်လုံး မျှော်မှန်းတည်ဆောက်နေသည့် ဒီမိုကရေစီစနစ်ခိုင်မာစေရန် လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း စသည့်အခြေခံလိုအပ်ချက်များဖြစ်ပေါ်စေရေးအတွက် တရားရေးကဏ္ဍသည် လွန်စွာအရေးပါလှသည်။ အရေးပါ လှသည့်အလျောက်  နိုင်ငံတော်အစိုးရအနေဖြင့်  တရားစီရင်ရေးကဏ္ဍတွင် တိုးတက်ပြောင်းလဲမှုများဖြစ်စေရန် စဉ်ဆက် မပြတ် အလေးထားဆောင်ရွက်လျက်ရှိသည်။ လိုအပ်သည့်တရားရုံး အဆောက်အအုံသစ်များ တည်ဆောက်နိုင်ရန်နှင့် နည်းပညာ ပိုင်းဆိုင်ရာပစ္စည်းများ ဝယ်ယူနိုင်ရန်အတွက်လည်း စီမံဆောင်ရွက်ပေးလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒီဇင်ဘာလ၂၀ ရက်နေ့က မွန်ပြည်နယ်တရားလွှတ်တော်အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပြီး အမှာစကားပြောကြားရာတွင် “တရားစီရင်ရေးသည် အမှားအယွင်းမခံသည့် ကိစ္စဖြစ်ပြီး အပြစ်ရှိသူတစ်ယောက်ကို ထိုက်သင့်သည့် ပြစ်ဒဏ်ချမှတ်ရန်လိုပြီး အပြစ်မရှိသူတစ်ယောက်ကို အပြစ်ပေးမိခြင်းမျိုးမဖြစ်ရန်လိုအပ်ကြောင်း၊ ကျူးလွန်သည့်ပြစ်မှုနှင့်သင့်တော်သည့်ပြစ်ဒဏ်မျိုးကို မှန်မှန်ကန်ကန်ချမှတ်နိုင်ခြင်းသည် တရားစီရင်ရေး၏ အဓိကလိုအပ်ချက်ဖြစ်ရာ တရားသူကြီးများအနေဖြင့် ဥပဒေရေးရာတွင် နှံ့စပ်ကျွမ်းကျင်ပြီးစီရင်ထုံးများကို သိရှိနားလည်အောင် အစဉ်ကြိုးစားလေ့လာနေရန် လိုအပ်ကြောင်း၊ ပြစ်မှုကျူးလွန်သူကို နောင်တွင် နောက်ထပ်ပြစ်မှုမကျူးလွန်စေရေး ဟန့်တားနိုင်သည့်ပြစ်ဒဏ်စီရင်ချမှတ်နိုင်ရေးအတွက် တရားသူကြီးများ၏ အတွေ့ အကြုံနှင့် ဆင်ခြင်တုံတရားများသည် တရားရေးမဏ္ဍိုင်တွင် အလွန်အရေးကြီးသည်ကို အသိပေးမှာကြားလိုကြောင်း” ပြောကြားခဲ့ သည်။

နိုင်ငံတော်အနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့်ဖြစ်သည့် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်၊ ချင်းပြည်နယ် တရားလွှတ်တော်၊ မွန်ပြည်နယ် တရားလွှတ်တော်တို့ကို ဆောက်လုပ်ခဲ့ရာတွင် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၂ ရက်က ဖွင့်လှစ်နိုင်ခဲ့ပြီး မွန်ပြည်နယ်တရားလွှတ်တော်ကို ဒီဇင်ဘာ ၂၀ ရက်တွင် ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်။ ဒီမိုကရေစီ၏ အခြေခံဖြစ်သည့် တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်သည်။

မွန်ပြည်နယ်တရားလွှတ်တော် အဆောက်အအုံသစ်ကြီးကို တရားလွှတ်တော်အင်္ဂါရပ်များနှင့်အညီ ခံ့ညားထည်ဝါစွာ ဆောက်လုပ် ပေးထားပြီးဖြစ်သည့်အတွက် တရားရုံးအဆောက်အအုံများ စဉ်ဆက်မပြတ် သန့်ရှင်းကောင်းမွန်စေရေး၊ တရားရုံးအဆောက်အအုံ၊ ပရိဘောဂ၊ မှတ်တမ်းများ ပျက်စီးပျောက်ဆုံးမှုမရှိစေရေး၊ အဂတိတရားကင်းကင်းဖြင့် ဥပဒေနှင့်အညီ နိုင်ငံတော်နှင့် အများပြည်သူ တို့၏အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်ရေးတို့ကိုလည်း ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှာကြားခဲ့ သည်။

ကမ္ဘာ့နိုင်ငံ အများအပြားတွင်ရှိသည့် တရားရုံးများတွင် နည်းပညာကို အသုံးပြုပြီး တရားစီရင်ရေး ဆောင်ရွက်လျက်ရှိနေပြီ ဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင်လည်း တရားရုံးများ၌ ICT နည်းပညာများကို စတင်အသုံးပြုလာနေပြီဖြစ်ကြောင်း သိရှိရသည်။ တရားစီရင်ရေးတွင် ခေတ်နောက်မကျစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်မှာ နိုင်ငံတော်အတွက် ဂုဏ်ယူဖွယ်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။