အိန္ဒိယက နယ်စပ်ဒေသများ၌ အမြင့်ပျံဒုံးကျည်များကို ဖြန့်ကြက်ချထားရန်စီစဉ်နေ

နယူးဒေလီ၊ ပြည်တွင်းရေး

အိန္ဒိယက နယ်စပ်ဒေသများ၌ အမြင့်ပျံဒုံးကျည်များကို ဖြန့်ကြက်ချထားရန်စီစဉ်နေ

အိန္ဒိယနိုင်ငံက အထူးသဖြင့် ပါကစ္စတန်၊ တရုတ်နိုင်ငံတို့နှင့်ထိစပ်နေသော နယ်စပ်ဒေသများ၌ အမြင့်ပျံဒုံးကျည်ရာပေါင်းများစွာကို ဖြန့်ကြက်ချထားရန် စီစဉ်နေကြောင်း ဒေသတွင်း ANI သတင်းဌာနက ဖော်ပြထားသည်။

“ကာကွယ်ရေးဝန်ကြီးဌာန အရာရှိကြီးတွေရဲ့ ဆွေးနွေးပွဲအပြီးမှာ တပ်မတော်အတွက် အမြင့်ပျံဒုံးကျည်အစင်း ၁၂၀ ဝန်းကျင် ဝယ်ယူဖို့နဲ့  အဲဒီဒုံးကျည်တွေကို နယ်စပ်ဒေသတွေမှာ  ဖြန့်ကြက်ချထားဖို့ သဘောတူခွင့်ပြုလိုက်ပါတယ်” ဟု  ကာကွယ်ရေး သတင်း အရင်းအမြစ်တစ်ခုက ပြောသည်။

ထိုသို့ဖြန့်ကြက်ချထားမည့် အမြင့်ပျံ ဒုံးကျည်အမျိုးအစားမှာ ပြည်တွင်းဖြစ် Pralay ဒုံးကျည်များဖြစ်ကြောင်း သတင်း အရင်းအမြစ်၏ ပြောဆိုချက်ကိုကိုးကား၍ ANI သတင်းဌာနက ဖော်ပြထားသည်ကို တွေ့ရသည်။

နည်းဗျူဟာမြောက် တာတိုပစ်အမြင့်ပျံဒုံးကျည်များဖြစ်သော အဆိုပါဒုံးကျည်များကို အိန္ဒိယတပ်မတော်က ပြီးခဲ့သည့်နှစ်တွင် အောင်မြင်စွာ စမ်းသပ်ထားနိုင်သည်။

ထိုဒုံးကျည်၏ ထိရောက်မှုအကွာအဝေးမှာ ကီလိုမီတာ ၁၅၀ မှ ၅၀၀ အတွင်းရှိကြောင်း၊ ပျံသန်းနေစဉ်အတွင်း လမ်းကြောင်း ပြောင်းလဲနိုင်စွမ်းရှိသောကြောင့် ဒုံးကျည်ကာကွယ်ရေးစနစ်များ၏ ကြားဖြတ်တိုက်ခိုက်မှုကို ကောင်းစွာရှောင်ရှားနိုင်ကြောင်း တရားဝင် ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

ယခုဆုံးဖြတ်ချက်သည် နိုင်ငံအတွက် အလွန်အရေးကြီးသော ဆုံးဖြတ်ချက်ဖြစ်ကြောင်း၊ လက်ရှိတွင် အိန္ဒိယနိုင်ငံသည် အမြင့်ပျံ ဒုံးကျည်များကို နည်းဗျူဟာမြောက်စစ်ဆင်ရေးအတွက် အသုံးပြုခွင့်ပေးသည့် မူဝါဒကိုချမှတ်ထားကြောင်း သတင်းဌာနက ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံသည် နျူကလီးယားလက်နက်များနှင့် အမြင့်ပျံဒုံးကျည်များကို ကိုယ်စီပိုင်ဆိုင်ထားကြသည့် တရုတ်နှင့် ပါကစ္စတန် နိုင်ငံတို့အပြင် မြန်မာ၊ နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့်လည်း နယ်နိမိတ်ချင်း ထိစပ်နေကြောင်း သိရသည်။

Ref: RT