မြောက်ကိုရီးယားမှဟုယူဆရသောဒရုန်းများနောက်လိုက်သည့် တောင်ကိုရီးယား လေယာဉ်တစ်စင်းပျက်ကျ

ဆိုး၊ မတော်တဆမှု

မြောက်ကိုရီးယားမှဟုယူဆရသောဒရုန်းများနောက်လိုက်သည့် တောင်ကိုရီးယား လေယာဉ်တစ်စင်းပျက်ကျ

မြောက်ကိုရီးယားမှဟု ယူဆရသော ဒရုန်းများနောက်လိုက်သည့် တောင်ကိုရီးယားလေတပ်မှ KA-1 အမျိုးအစား အပေါ့စား တိုက်လေယာဉ်တစ်စင်း ပျက်ကျသွားကြောင်းနှင့် လေယာဉ်မှူးနှစ်ဦးစလုံး အထိအခိုက်မရှိဘဲ အသက်ဘေးမှ လွတ်မြောက်ခဲ့ ကြောင်း တောင်ကိုရီးယားစစ်ဘက်က ထုတ်ပြန်ထားသည်။

မြောက်ကိုရီးယားနိုင်ငံမှ စေလွှတ်လိုက်သည်ဟုယူဆရသော ဒရုန်းငါးစင်းသည် ဒီဇင်ဘာ ၂၆ ရက်တွင် တောင်ကိုရီးယားနိုင်ငံ၏ လေပိုင်နက်အတွင်းဝင်ရောက်ခဲ့ရာ တောင်ကိုရီးယားလေတပ်က လေယာဉ်များကို အရေးပေါ်စေလွှတ်ခဲ့ရသည်။

အဆိုပါဒရုန်းများသည် နှစ်နိုင်ငံကြားရှိ နယ်စပ်စည်းကိုကျော်လွန်ကာ ဂင်ပို၊ ဂန်းဟွာကျွန်းနှင့် ပါဂျူးဒေသသို့ ဝင်ရောက်ပျံသန်း ကြောင်း တောင်ကိုရီးယားစစ်ဘက်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုဒရုန်းများသည် သေးငယ်ပြီး တောင်ပံအလျားမှာ ၂ မီတာအောက်သာရှိကြောင်း၊ ဒရုန်းငါးစင်းအနက်တစ်စင်းမှာ ဆိုးမြို့ မြောက်ပိုင်းအထိ ဝင်ရောက်ပျံသန်းခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

တောင်ကိုရီးယားစစ်ဘက်သည် ဝေဟင်ပိုင်နက်အတွင်း ပထမဆုံးဒရုန်းကို ထောက်လှမ်းတွေ့ရှိပြီးနောက် လိုအပ်သော အမိန့်အများ အပြားကိုထုတ်ပြန်ကာ သတိပေးပစ်ခတ်မှုများကို လုပ်ဆောင်သည်။

ထို့နောက် လေတပ်ကလေယာဉ်များကို စေလွှတ်ခဲ့ရာ KA-1 အပေါ့စားတိုက်လေယာဉ်သည် ဟုန်ဆောင်စီရင်စု၌ ပျက်ကျသွား ကြောင်းနှင့် လေယာဉ်ပျက်ကျမှုကြောင့် အရပ်ဘက်အဆောက်အအုံများ ထိခိုက်ပျက်စီးမှုမရှိကြောင်း လေတပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ကိုရီးယားနှစ်နိုင်ငံကြား အပြန်အလှန်တင်းမာမှုများ မြင့်တက်လျက်ရှိနေစဉ် ယခုဖြစ်စဉ်ဖြစ်ပွားခြင်းဖြစ်ပြီး တောင်ကိုရီးယား စစ်ဘက်၏ စစ်ရေးလေ့ကျင့်မှုများက ကျူးကျော်မှုအတွက် ပြင်ဆင်ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားကပြောကာ ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုများကို လုပ်ဆောင်ထားကြောင်း သိရသည်။            

Ref: RT