အနာဂတ်ပန်းများပွင့်လန်းစေဖို့ အားဖြည့်ကြသူများ၏စကားသံများ

အနာဂတ်ပန်းများပွင့်လန်းစေဖို့ အားဖြည့်ကြသူများ၏စကားသံများ

၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပြပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့် အားပေးသည်။ အဆိုပါအခမ်းအနားတွင် အနာဂတ် ပန်းများ ပွင့်လန်းစေဖို့ အားဖြည့်ကြသူများ၏ စကားသံများကို ဖော်ပြလိုက်ရပါသည်-

ဦးအောင်မြင့်၊ ညွှန်ကြားရေးမှူးချုပ်

(သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန)

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေနဲ့ လူငယ်နှင့်အနုပညာစာပေပွဲတော်မှာ ပြခန်းငါးခန်းနှင့် စာအုပ်အရောင်း ပြခန်း တစ်ခန်းဆိုပြီး ခင်းကျင်းပြသထားပါတယ်။ ပြခန်းအနေနဲ့ အပိုင်းနှစ်ပိုင်းထည့်သွင်း ပြသထားပါတယ်။ သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာန စာကြည့်တိုက်များဆိုင်ရာပြခန်းနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန အနေနဲ့ ပြတိုက်ဆိုင်ရာ ပြခန်းသုံးခန်းပြသထားပါတယ်။ စာကြည့်တိုက်ဆိုင်ရာ ပြခန်းတွေကို အမျိုးသားစာကြည့်တိုက် ရန်ကုန်က တာဝန်ယူခင်းကျင်း ပြသထားပါတယ်။ စာကြည့်တိုက်နှင့် ပတ်သက်ပြီး လုပ်ငန်းဆိုင်ရာတွေ၊ ဒီဇင်ဘာလအတွင်းမှာထုတ်တဲ့ စာအုပ်တွေနှင့် ပတ်သက်ပြီး လူငယ်တွေ လေ့လာဖတ်နိုင်အောင် ပြတိုက်ပြခန်း ပါဝင်ပါတယ်။ ရှေးဟောင်းစာပေပစ္စည်းတွေကို  Digital Copy ပြောင်းထားတဲ့  Tablet၊ Computer  နဲ့ ဖတ်လို့ရတဲ့ ပြခန်းများလည်း ပြသထားပါတယ်။ ရှေးတုန်းက စာသင်ကျောင်းမှာ စာပေရေးသားတဲ့ဓလေ့ ကျောက်သင်ပုန်းပြကွက်များလည်း ပါဝင်ပါတယ်။ အထူးသဖြင့် မြန်မာစာပေ အရေးအသား ဖြစ်ပေါ်လာပုံ အဆင့်ဆင့်ကိုလည်း ခင်းကျင်းပြသထားပါတယ်။  ကျောက်စာ၊  မင်စာ၊  ပေစာ၊ ပေပုရပိုက်   စတဲ့စာပေ အရေးအသားအဆင့်ဆင့်ကိုလည်း ခင်းကျင်းပြသထားပါတယ်။ လူငယ်လူရွယ်များက အခုလိုပွဲတော်ကို လာရောက်လေ့လာခြင်း အားဖြင့် စာဖတ်ခြင်းအလေ့၊ စာပေကိုမြတ်နိုးတဲ့အလေ့များဖြစ်ပေါ်လာစေဖို့ ရည်ရွယ်ပြသထားပါတယ်။ ဒါ့အပြင် မြန်မာ့စာပေရဲ့ သမိုင်းကြောင်းကိုလည်းသိရှိပြီး မိမိတို့စာပေကို မြတ်နိုးတန်ဖိုးထားပြီး သိရှိလာမယ်လို့ မျှော်လင့်မိပါတယ်။ အခုလို လူငယ် အနုပညာစာပေပွဲတော်နှင့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို အကြိုဂုဏ်ပြုတဲ့အတွက်  လေးနက်ပြည့်စုံတဲ့ အခမ်းအနား တစ်ခုဖြစ်တယ်လို့ ပြောလိုပါတယ်။

ဒေါက်တာနေမျိုးထွန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဌာန)

လူငယ်နှင့်စာပေအနုပညာပွဲတော်မှာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေနဲ့ အနာဂတ်နောင်လာနောက်သားများ ကလေး သူငယ်များ၊ လူငယ်လေးတွေကို သိပ္ပံနှင့်နည်းပညာဆိုင်ရာ ကွန်ပျူတာများ၊ အင်ဂျင်နီယာအတတ်ပညာရှင်များ၊  အသိပညာရှင်များ မွေးထုတ်နေတယ်။ ဘယ်လိုဟာမျိုး၊ ဘယ်လိုနည်းမွေးထုတ်နေတယ်ဆိုတာကို အင်ဂျင်နီယာပညာရှင်တွေ၊ ကွန်ပျူတာပညာရှင်တွေ လေ့လာသင်ယူလို့ရတဲ့ နည်းပညာနယ်ပယ်တွေရှိတယ်ဆိုတာမျိုးလေးကို သိစေချင်တဲ့အတွက်ပြခန်းကို လာရောက်ပြသရခြင်း ဖြစ်ပါတယ်။

သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနအနေနှင့် ပြခန်းမှာကလေးသူငယ်များကို ကွန်ပျူတာပညာရှင်များ၊ အင်ဂျင်နီယာပညာရှင်များ၊ အတတ်ပညာ၊ အသိပညာများ ဘယ်လိုနယ်ပယ်ရှိနေသလဲ၊ ဘယ်လိုသင်ကြားပြသနေလဲ၊ ဘယ်ပညာရပ်ကို လေ့လာသင်ယူလို့ ရသလဲဆိုတာကို ထဲထဲဝင်ဝင်သိစေချင်လို့ ပြသရခြင်း ဖြစ်ပါတယ်။

ပြခန်းအရေအတွက်ကတော့ ၁၈ ခန်းဖြစ်ပြီး ခင်းကျင်းပြသထားတဲ့ ပြကွက်ပေါင်းကတော့ အားလုံးပေါင်း ၃၁ ကွက်ရှိပါတယ်။  အဓိကအားဖြင့် သဘာဝအရင်းအမြစ်တွေ၊ လူသားတွေရဲ့လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်စေဖို့ ဘယ်လိုနည်းပညာတွေသုံးမလဲ၊ ဘယ်လိုအင်ဂျင်နီယာတွေ၊ ဘယ်လိုကွန်ပျူတာ နယ်ပယ်တွေရှိသလဲဆိုတာကို တစ်ဆင့်ချင်း၊ တစ်ဆင့်ချင်း ပြသဆွဲခေါ်သွားမှာ ဖြစ်ပါတယ်။ ဌာနအနေနဲ့ Skill worker တို့ Technical ပညာရှင်တွေ၊ ကွန်ပျူတာပညာရှင်တွေ၊ ပါရဂူဘွဲ့ရသည်အထိ မွေးထုတ်ပေးသွားမှာဖြစ်တဲ့အတွက် ပြခန်းများကိုလာရောက် လေ့လာစေချင်ပါတယ်။ လူငယ်လူရွယ်များ သိသင့်သိထိုက်တဲ့   သူတို့အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ အင်ဂျင်နီယာပညာရှင်များ၊ ကွန်ပျူတာပညာရှင်များကို ဘယ်လိုမွေးထုတ်ပေးမလဲဆိုတာကို  လာရောက် ကြည့်စေချင်ပါတယ်။ 

ဒုတိယရဲမှူးကြီးဇော်ဌေးဦး

( ရဲလေ့ကျင့်ရေးဌာနကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်)

ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ပြခန်းလေးခန်းဖြင့် ပြသသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက် တာဝန်လေးရပ် ဖြစ်တဲ့ ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးဆိုတဲ့ ရည်မှန်းချက်လေးရပ် ဖော်ကျူးထားတဲ့ ပြခန်းလေးခန်းဖြစ်ပါတယ်။ ပထမဆုံး ပြခန်းဖြစ်တဲ့ မူးယစ်ဆေးဝါး အန္တရာယ်နဲ့ပတ်သက်ပြီး ကျောင်းသားတွေ လာရောက်လေ့လာတဲ့အခါ မူးယစ်ဆေးဝါးရဲ့အန္တရာယ်တွေ၊  မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးတွေ၊ မူးယစ်ဆေးဝါးအစစ်တွေကို ခင်းကျင်းပြီး ကျောင်းသားတွေအတွက် ဗဟုသုတများစွာ ရရှိမှာ ဖြစ်ပါတယ်။ ဒုတိယပြခန်းမှာတော့ လူကုန်ကူးမှုတားဆီးရေးနဲ့ပတ်သက်ပြီး လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက် ပြခန်းဖြစ်ပါတယ်။ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးနှင့် ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့အန္တရာယ်တွေကို ကျောင်းသား လူငယ်တွေသိအောင် ပန်းဖလက်တွေ   ဝေငှသွားမှာဖြစ်ပါတယ်။

တတိယပြခန်းမှာ နေပြည်တော်ရဲတပ်ဖွဲ့ရဲ့ ပြည်တွင်းလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ရဲတပ်ဖွဲ့ တွေအနေနဲ့ သေခင်းမှုခင်းဆောင်ရွက်တာတွေ၊ ယာဉ်စီးပိတ်ဆို့ဆောင်ရွက်တာတွေ၊ မှုခင်းဖော်ထုတ်တာတွေ ပြသသွားမှာ ဖြစ်ပါတယ်။ နောက်ဆုံးပြခန်းကတော့ ယာဉ်ထိန်းရဲတပ်ဖွဲ့များ၊ ယာဉ်တန်းကင်းရှင်းရေးတို့ ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။  ပြခန်းမှာ ကလေးသူငယ်များ စိတ်ဝင်စားအောင် ယာဉ်အန္တရာယ်ကင်းရှင်းရေး မှတ်တမ်းဓာတ်ပုံများ၊ တစ်ဖက်ကလည်း ကာတွန်း လေးတွေနဲ့ အသိပညာပေးပြသသွားမှာဖြစ်ပါတယ်။ 

ဦးလှဦး၊ ညွှန်ကြားရေးမှူး (သစ်တောဦးစီးဌာန၊ တိုးချဲ့ပညာပေးရေးဌာန)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှာရှိတဲ့ သစ်တောဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒီဌာနနှစ်ခုကနေပြီး ဌာနများခွဲခြားပြီး ခင်းကျင်းပြသထားပါတယ်။ သစ်တောဦးစီးဌာနအနေနဲ့ သစ်ပင်စိုက်ပျိုးရေး၊ သစ်တော ထိန်းသိမ်းရေးနှင့် ပတ်သက်တဲ့ အသိပညာပေးခြင်း ပြကွက်တွေကို ပြသထားပါတယ်။ စိန်ရတုလွတ်လပ်ရေးနေ့မှာလည်း အခြားပြခန်းတွေကိုပြသသွားဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။

သစ်တောဦးစီးဌာနက ဆောင်ရွက်နေတဲ့ သစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းတဲ့ ပညာပေးလုပ်ငန်းတွေကို အဓိကပြသထားတာ ဖြစ်ပါတယ်။ သစ်ပင်စိုက်ပျိုးခြင်းကြောင့်ရရှိလာတဲ့ အကျိုးကျေးဇူးတွေ၊ သစ်တောပြုန်းတီးခြင်းကြောင့်  ရနိုင်တဲ့ဆိုးကျိုးတွေကို ကာကွယ်ဖို့အတွက် သစ်ပင်စိုက်ပျိုးပြုစုခြင်းအတွက် လုပ်ငန်းဆောင်ရွက်မှုများကို လူငယ်များအတွက် ပြသပညာပေးခြင်း ဖြစ်ပါတယ်။ နောင်မျိုးဆက်သစ်လူငယ် များကလည်း သစ်ပင်စိုက်ပျိုးခြင်း၊ ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းတွေကို စိတ်ပါ ဝင်စားစွာဖြင့်   လုပ်ဆောင်လာကြမည်ဆိုပါက သစ်တောတွေတိုးတက်ကောင်းမွန်လာပြီး သဘာဝပတ်ဝန်းကျင်ကိုလည်း တိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်။

အခုလိုပြပွဲမျိုးကို ကျင်းပပေးခြင်းအားဖြင့် အလွန်ကောင်းမွန်ပါတယ်။ လူငယ်မျိုးဆက်သစ်တွေက နောင်အနာဂတ်ကို ဖန်တီး ပုံဖော်သူများဖြစ်ပါတယ်။ အဓိကသစ်ပင်စိုက်ပါ။ သစ်တောကိုထိန်းသိမ်းပါ။ ဒါဆိုရင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီးသား ဖြစ်ပါတယ်။

ဒေါက်တာရွှေဝါဝင်း၊ ဒုတိယညွှန်ကြားရေးမှူး(ကျန်းမာရေးအသိပညာမြှင့်တင် ရေးဌာန ၊  ပြည်သူ့ကျန်းမာရေးဦးစီးဌာန)

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ပွဲကိုတက်ရောက်လာတဲ့ လူငယ်များနဲ့ လူကြီးများအားလုံးကို ကျန်းမာရေးအသိပညာများရရှိသွားပြီး  အခုပွဲအခမ်းအနားမှတစ်ဆင့် ကျန်းမာရေးအသိပညာများ လက်တွေ့ကျင့်သုံးပြီး ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပါတယ်။ ကလေးတွေ အတွက် လိုအပ်တဲ့ပညာပေး အချက်အလက်များကို ရည်ရွယ်ပြီး ပြခန်းပြသထားပါတယ်။ ကလေးတွေအတွက် ပျော်ပွဲရွှင်ပွဲ၊  ဉာဏ်စမ်းတွေ၊ ခေါင်းစဉ်အလိုက် လူငယ်လူရွယ်များ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးအန္တရာယ်ကြောင့် ဘာတွေဖြစ်နိုင်သလဲ စသည်တို့ ပါဝင်ပါတယ်။ လူသားတွေရဲ့ ကိုယ်တွင်းအင်္ဂါတွေက ပုံမှန်ဆိုဘယ်လိုဖြစ်တယ်။ ဆေးလိပ်အရက် မူးယစ်ဆေးအန္တရာယ်၊ သုံးစွဲမှုကြောင့်ကိုယ်ခန္ဓာမှာ ဘယ်လိုဖြစ်တယ်ဆိုတဲ့ နောက်ဆက်တွဲဆိုးကျိုးများကို ခင်းကျင်းပြသထားပါတယ်။ ကလေးတွေ အတွက် ကျောင်းကျန်းမာရေးမှာ လုပ်ငန်းစဉ် ၉ ရပ်နဲ့ ပါဝင်လှုပ်ရှားမှု ဆောင်ရွက်နိုင်အောင် လူငယ်များကိုလည်း သိစေချင်ပါတယ်။  “ကျန်းမာသွက်လက်ဉာဏ်ထက်မြက်ဖို့ အာဟာရစုံအောင်စားကြစို့” အစားအစာကို စုံအောင်စားကြဖို့ ပြခန်းမှာ ပါဝင်ပြသထားပါ တယ်။ တစ်နေ့လူတစ်ယောက် စားရမယ့်အာဟာရတွေနဲ့ ညီညွတ်တဲ့စနစ် စားသောက်ပုံစားသောက်နည်းစနစ်ကိုလည်း  သိစေချင် ပါတယ်။ ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်တွေကိုလည်း ကိုဗစ်-၁၉ ရောဂါကို အမြဲတမ်းလိုက်နာကျင့်သုံးကာကွယ်ဖို့ ရည်ရွယ် ထားပါတယ်။ ကျန်းမာရေးဆိုင်ရာဗဟုသုတများကိုလည်း သိစေချင်တဲ့အတွက် ပိုစတာများကိုလည်း လူငယ်များနားလည်အောင် သိသွားအောင် ဉာဏ်စမ်းပဟေဠိသစ်ပင်ကိုလည်း ပြသထားပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူလူငယ် လူရွယ်စိတ်ထဲမှာ ကျန်းမာရေးအသိပညာများ သေသေချာချာရရှိသွားမှာ ဖြစ်ပါတယ်။ အသိပညာများရရှိသွားပြီး လက်တွေ့ ကျင့်သုံးပြီး နောင်တွင်လူကြီးဖြစ်တဲ့အချိန်မှာလည်း ကောင်းမွန်တဲ့အကျင့်စွဲမြဲသွားဖို့ ရည်ရွယ်ပါတယ်။ နိုင်ငံတော်အစိုးရက အခုလို ပွဲမျိုးကို   ကျင်းပပေးတဲ့အတွက် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်တွေကိုလည်း  စုစုစည်းစည်းနဲ့ရောက်လာပြီး ကျန်းမာရေး အသိပညာတင်မကဘဲ ကျန်တဲ့ဗဟုသုတပညာများကိုလည်း ရရှိစေပါတယ်။ ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်တွေ အတွက်လည်း  အနာဂတ်ကာလမှာ ပိုပြီးကောင်းမွန်တယ်လို့ ကျွန်မမြင်မိပါတယ်။

Captain ကျော်ကျော်ဝင်း၊ ဌာနမှူး

(မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်)

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြခန်း ၈ ခုဖြင့် ခင်းကျင်းပြသထားပါတယ်။ ပြခန်း ၁ က မိုးလေဝသဇလဗေဒ ဦးစီးဌာနဖြစ်ပြီး ပြခန်း ၂ က ရေကြောင်းဦးစီးဌာနဖြစ်ပါတယ်။ ပြခန်း ၃ နဲ့ ၄ ကတော့ မီးရထားနှင့် ကညနနဲ့ ရေကြောင်းဦးစီးဌာန ဖြစ်ပါတယ်။ ပြခန်း ၅ နဲ့ ၆ ကတော့ မြန်မာ နိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်ဖြစ်ပြီးပြခန်း ၇ နဲ့ ၈ ကတော့ မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ်က ပြခန်းများဖြစ်ပါတယ်။ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်နဲ့ လူငယ်နှင့်စာပေ အနုပညာပြပွဲမှာ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်အနေနဲ့ ကျောင်းမှာရှိနေတဲ့ပစ္စည်းတွေ၊ ကုန်သွယ်ရေကြောင်းမှာ သွားလာနေတဲ့ သင်္ဘောမော်ဒယ်ပုံစံတွေကို ပြသခြင်းအားဖြင့် လာရောက်ကြည့်ရှုတဲ့ လူငယ်များအနေနဲ့ ရေကြောင်းကဏ္ဍကို ပိုမိုသိရှိ စိတ်ဝင်စားမှုများရှိလာမှာ ဖြစ်ပါတယ်။  ယခင်နှစ်က သင်္ဘောတက်မကိုင် သရုပ်ပြစနစ်မှာ အထိုင်ပုံစံပဲပါရှိပြီး ဒီနှစ် ပြခန်းတွင် ထူးခြားမှုအနေနဲ့  မိုးရှင်းပလက်ဖောင်းအနေနဲ့ အောက်ကနေပြီး တကယ်သင်္ဘောပေါ်မှာ အောက်ကနေ လှိုင်းလှုပ်တဲ့ ပုံစံမျိုးကို တီထွင်ပြသထားပါတယ်။ ဒီလိုစာပေလူငယ်ပွဲတော်တွေကို နှစ်စဉ်နှစ်တိုင်းလုပ်ပေးခြင်းအားဖြင့် ကျောင်းသားလူငယ်များ က ရေကြောင်းကဏ္ဍကို ပိုမိုစိတ်ဝင်စားလာပြီး မြန်မာနိုင်ငံရေကြောင်းကုန်သွယ်ရေးကဏ္ဍမှာ ထူးချွန်ထက်မြက်တဲ့ ပညာရှင်များ ထွက်ပေါ်လာဖို့ ရည်ရွယ်ပါတယ်။ 

ဦးဖုန်းဆက်ပိုင်(မြန်မာအမျိုးသားလေကြောင်း၊ ဒုတိယလေယာဉ်မှူး)

မြန်မာ့လေကြောင်းအနေနဲ့ ခင်းကျင်းပြသထားတာက မြန်မာလေကြောင်းမှာသုံးနေတဲ့လေယာဉ်တွေ၊ မြန်မာနိုင်ငံကို နိုင်ငံတကာက ဆင်းသက်တဲ့ လေယာဉ်တွေကိုလည်း လေ့လာနိုင်ပါတယ်။ လူငယ်များကအခုလို လာရောက်လေ့လာတဲ့အတွက် လေကြောင်းနဲ့ ပတ်သက်တဲ့ လေယာဉ်မှူး၊ လေယာဉ်မောင်း၊ လေကြောင်းထိန်းအလုပ်၊ လေယာဉ်နှင့်သက်ဆိုင်တဲ့ လေယာဉ်မောင်မယ်များ စသည်တို့ကိုလည်း ပိုပြီးစိတ်ပါဝင်စားလာပြီး ဖြစ်ချင်တဲ့စိတ်များဖြစ်လာ မယ်လို့မျှော်လင့်ပါတယ်။ လူငယ်နှင့်စာပေအနုပညာပွဲကို  ကျင်းပပေးတဲ့အတွက် ပြခန်းတွေအများကြီးရှိတဲ့အတွက် သိချင်တဲ့ဗဟုသုတပေါင်းစုံကို တစ်နေရာတည်းမှာ သိခွင့်၊ လေ့လာခွင့်ရတဲ့ အတွက် နိုင်ငံတော်အစိုးရကို ကျေးဇူးတင်ပါတယ်။ ယခင်နှစ်က ပွဲတော်ကျင်းပတဲ့အခါမှာ လေကြောင်းပြခန်းအနေဖြင့် မပါဝင်ခဲ့ပါဘူး။ အခုနှစ် လူငယ်နှင့်စာပေအနုပညာပွဲမှာ ပြခန်းများဖြင့် ပါဝင်ပြသရတဲ့အတွက် ဂုဏ်ယူမိပါတယ်။

ဒေါ်ယုယုကြည်၊ ကျောင်းအုပ်ဆရာမကြီး (အ.ထ.က(၁) ပျဉ်းမနား)

လူငယ်နှင့်စာပေအနုပညာပြပွဲမှာ အ. ထ.က (၁) ပျဉ်းမနားကျောင်းက ထာဝရမြန်မာသီချင်းဖြင့် သရုပ်ဆောင် ဖျော်ဖြေမှာ ဖြစ်ပါတယ်။ မနှစ်ကလည်း စိန်ရတုပြည်ထောင်စုနေ့မှာ ထာဝရမြန်မာသီချင်းနဲ့ဖျော်ဖြေခွင့်ရရှိခဲ့ပါတယ်။ (၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပြပွဲဆိုပြီး နိုင်ငံတော်အကြီးအကဲကအခုလိုပွဲမျိုးကို ကျင်းပပေးတဲ့ အတွက် ကျောင်းသားလူငယ်များက သူ့ရဲ့ဗီဇမျိုးစေ့ရှိသလို တိုးတက်သွားမှာဖြစ်ပါတယ်။ စာပေအနုပညာ၊ ကျန်းမာရေးစသည့် သူ့ရဲ့ဗီဇမျိုးစေ့အပြင် ကဏ္ဍအသီးသီးကို တိုးတက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းသားများကိုယ်စား အခုလို အခမ်းအနား မျိုးကို ကျင်းပပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ 

မောင်နိုင်သန့်ဇော်(ကျောင်းသား)

ဒီလူငယ်နှင့်စာပေအနုပညာပြပွဲကို ဖျော်ဖြေရေးနဲ့ လာရောက်ခဲ့တာပါ။ ဒါနဲ့ပဲ ဒီမှာဌာနပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ၊ ပညာရပ်ပေါင်းစုံ ခင်းကျင်းပြသထားတဲ့ ပြခန်းတွေကိုလေ့လာဖြစ်တယ်။ တကယ်ကို အကျိုးရှိပါတယ်။ ဘာလို့လဲဆိုတော့ သိပ္ပံနဲ့ နည်းပညာ ပြခန်းတွေမှာဆိုရင်လည်း လျှပ်စစ်မီးဘယ်လိုထုတ်တယ်။ ရေအား လျှပ်စစ်ဘယ်လိုလုပ်တယ်။ မြို့ပြတွေမှာဆိုရင် လျှပ်စစ်မီးကို ဘယ်လိုသွယ်တန်းရမယ်၊ အန္တရာယ်ကင်းအောင် ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာတွေကို လျှပ်စစ်ကျွမ်းကျင်တဲ့ ပညာရှင်တွေက သေသေချာချာကို ရှင်းပြတယ်။ နောက်ပြီး လက်ရှိနည်းပညာ ကျောင်းတွေတက်နေတဲ့ ကျောင်းသားတွေကလည်း သူတို့ပြုလုပ် ထားတဲ့ ပစ္စည်းတွေကို ဘယ်လိုလုပ်ထားတယ်၊ ဘာအတွက်လုပ်ထားတယ်ဆိုတာတွေကို ရှင်းပြတယ်။  သိချင်တာတွေကိုလည်း ပညာရှင်တွေ ကိုယ်တိုင်စိတ်ရှည်ရှည်နဲ့ ရှင်းပြပေးတော့ ဗဟုသုတရတာပေါ့။ ဒီပွဲကြီးကို စီစဉ်ကျင်းပပေးတဲ့ နိုင်ငံတော်အကြီးအကဲ တွေကိုလည်း အထူးပင်ကျေးဇူးတင်ပါတယ်။ နောက်များမှာလည်း ဒီလိုပွဲမျိုးတွေကို စီစဉ်ပေးဖို့မျှော်လင့်ပါတယ်။

မငုဝါဇော်(ကျောင်းသူ)

ဒီစာပေနှင့်အနုပညာပြပွဲကို လာရောက်လေ့လာခွင့်ရတဲ့အတွက် သက်ဆိုင်သူအားလုံးကို ပထမဦးဆုံးကျေးဇူးတင်ပါတယ်။ ဒီပွဲကတော့ သမီးတို့အတွက် တကယ့်ကို အကျိုးများစွာ ရရှိပါတယ်။ ဒီပွဲမှာ ပြခန်းတွေ အများကြီးပဲ ကဏ္ဍကလည်းစုံတယ်။ နည်းပညာ၊   ကျန်းမာရေး၊  ပညာရေး၊ စီးပွားရေး၊  ဘာသာရေး၊  ဥပဒေကဏ္ဍတွေ ပါတယ်။ သမီးမှတ်မိသလောက်ပြောပြတာပါ။ နောက်ထပ်လည်း အခြားကဏ္ဍတွေလည်း အများကြီးရှိသေးတယ်။ အကုန်တော့ မလေ့လာရသေးဘူး။ ကျန်တာတွေကိုလည်း   သမီးလိုက်ပြီး လေ့လာဦးမှာပါ။ သမီးတို့လို လူငယ်တွေ၊ ကျောင်းသား၊ ကျောင်းသူတွေ ဒီပြပွဲကိုအချိန်ခဏလေးပဲရရ လာရောက်ပြီး လေ့လာစေချင်ပါတယ်။   လာရောက်လေ့လာဖို့ ဖိတ်ခေါ်ချင်ပါတယ်။   ။

ဇော်မျိုး(နေပြည်တော်)