တောင်ကိုရီးယား၌ ဦးနှောက်ကိုစားသည့် အမီးဘားဗိုင်းရပ်ကြောင့် ပထမဆုံးလူသေဆုံးမှုရှိ

ဆိုး၊ ကျန်းမာရေး

တောင်ကိုရီးယား၌ ဦးနှောက်ကိုစားသည့် အမီးဘားဗိုင်းရပ်ကြောင့် ပထမဆုံးလူသေဆုံးမှုရှိ

တောင်ကိုရီးယားနိုင်ငံ၌ ဦးနှောက်ကိုစားသည့် အမီးဘားဗိုင်းရပ်ကူးစက်ခံရမှုကြောင့် ပထမဆုံးလူသေဆုံးမှုရှိလာကြောင်း ကျန်းမာရေး တာဝန်ရှိသူများက ဒီဇင်ဘာ ၂၆ ရက်တွင် ပြောသည်။

အဆိုပါ သေဆုံးသူသည် အသက် ၅၀ ကျော်အရွယ်ရှိပြီဖြစ်ပြီး ထိုင်းနိုင်ငံမှပြန်လာပြီးနောက် ထိုဗိုင်းရပ်ကူးစက်ခံရမှုဖြင့် သေဆုံး သွားခြင်းဖြစ်ကြောင်း ကိုရီးယားရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနက အတည်ပြုထားသည်။

သေဆုံးသူအမျိုးသားသည် ထိုင်းနိုင်ငံ၌ လေးလကြာနေထိုင်ကာ ဒီဇင်ဘာ ၁၀ ရက်မှ တောင်ကိုရီးယားနိုင်ငံသို့ ပြန်ရောက်လာခြင်း ဖြစ်ပြီး ဒီဇင်ဘာ ၁၁ ရက်တွင်ဆေးရုံတင်ရကာ ပြီးခဲ့သည့်သီတင်းပတ်တွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း အဆိုပါ ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် သက်ဆိုင်ရာက  ထိုအမျိုးသားသေဆုံးရခြင်း အကြောင်းရင်းမှန်ကို သိရှိနိုင်စေရန် မျိုးရိုးဗီဇစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာ ပြည်ပရှိ ဦးနှောက်စားဗိုင်းရပ် ကူးစက်ခံရသူများတွင် တွေ့ရှိရသော မျိုးရိုးဗီဇနှင့် ၉၉ ဒသမ ၆ ရာခိုင်နှုန်း ဆင်တူနေသည်ကို တွေ့ရသည်။

အမီးဘားဗိုင်းရပ်သည် ကလာပ်စည်းတစ်ခုတည်းသာရှိသည့် သက်ရှိဇီဝရုပ်တစ်မျိုးဖြစ်ပြီး မြေကြီး၊ ရေပူစမ်းများကဲ့သို့ ရေနွေး ရေချိုကန်များ၊ ရေကန်များနှင့် မြစ်များတွင်နေထိုင်လေ့ရှိသည်။ ထိုဗိုင်းရပ်သည် လူသားတို့၏ ရှူရှိုက်မိခြင်းကြောင့် နှာခေါင်းမှ တစ်ဆင့် ဦးနှောက် ထဲသို့ရောက်ရှိသွားနိုင်သည်။

ထိုဗိုင်းရပ်ကူးစက်ခံရပါက ဖြစ်ပွားလေ့ရှိသည့် ကနဦးရောဂါလက္ခဏာများမှာ ခေါင်းကိုက်ခြင်း၊ ဖျားခြင်း၊ မူးဝေအော့အန်ခြင်း သို့မဟုတ် အန်ခြင်းတို့ဖြစ်သည်။

ယင်းနောက်တွင် အပြင်းအထန်ခေါင်းကိုက်ခြင်း၊ ဖျားခြင်း၊ အန်ခြင်းနှင့်ဇက်ခိုင်ခြင်းတို့ အထိဖြစ်ပွားကာ အသက်သေဆုံးစေခြင်း ဖြစ်သည်ဟု ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဗိုင်းရပ်ကူးစက်မခံရစေရေးအတွက် အကောင်းဆုံးကာကွယ်နည်းမှာ ယခင်ကဗိုင်းရပ်ကူးစက်မှုရာဇဝင်ရှိသော ရေကန်များ သို့ သွားရောက်၍ ရေကူးမှုကို ရှောင်ရှားခြင်းဖြစ်ကြောင်း သိရသည်။

Ref: TST