တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)မှ မွေးထုတ်ပေးလိုက်သည့် သင်တန်းဆင်းအမျိုးသမီးအရာရှိများ၏ စကားသံများ

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)မှ မွေးထုတ်ပေးလိုက်သည့် သင်တန်းဆင်းအမျိုးသမီးအရာရှိများ၏ စကားသံများ

နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ရာတွင် အမျိုးသမီးစစ်မှုထမ်းများ ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသမီး စစ်မှုထမ်းများကို သင်ကြားလေ့ကျင့်မွေးထုတ်ပေးရန်ဟူသည့် ရည်ရွယ်ချက်နှင့်အညီ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)မှ အမျိုးသမီးစစ်မှုထမ်း(အရာရှိ) များအား နှစ်စဉ်သင်ကြားလေ့ကျင့်မွေးထုတ်ပေးလျက်ရှိရာ ယခုဆိုလျှင် အမှတ်စဉ်(၉) အထိ တိုင်ခဲ့ပြီဖြစ်သည်။ ဒီဇင်ဘာ ၂၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)၌ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၉) သင်တန်းဆင်းပွဲကိုကျင်းပရာ အဆိုပါသင်တန်းဆင်းပွဲမှ တာဝန်ရှိသူနှင့် ဗိုလ်လောင်းများ၏ စကားသံများကို ဖော်ပြလိုက်ပါသည်။

ဒုတိယဗိုလ်မှူးကြီးအေးမောင်မောင်

(ခေတ္တဒုတိယကျောင်းအုပ်ကြီးနှင့် နည်းပြမှူးချုပ်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်တဲ့နေရာမှာ အမျိုးသမီးစစ်မှု ထမ်းတွေ ပါဝင်နိုင်စေဖို့ရည်ရွယ်ပြီး အမျိုး သမီးစစ်မှုထမ်းအရာရှိတွေကို  သင်ကြားလေ့ကျင့်မွေးထုတ်ပေးလျက်ရှိပါတယ်။ ဒီသင်တန်းမှာ မဟာဘွဲ့ရရှိသူ၊ အင်ဂျင်နီယာ ဘွဲ့ရရှိသူ၊ တိရစ္ဆာန်ဆေးသိပ္ပံဘွဲ့ရရှိသူ၊ တခြားဝိဇ္ဇာ/သိပ္ပံဘွဲ့ရရှိသူတွေ ပါဝင်ပါတယ်။ သင်တန်း တက်ရောက်ဖို့လိုအပ်တဲ့ အရည်အချင်းတွေက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ(အပျို) ဖြစ်ရပါမယ်။ အနည်းဆုံး အရပ် ၅ ပေ ၃ လက်မနဲ့ ကိုယ်အလေးချိန် ပေါင် ၁၀၀ ထက်မနည်း၊ ပေါင် ၁၃၀ ထက် မကျော်ရပါဘူး။ မျက်မှန် တပ်ဆင်ထားသူ မဖြစ်ရပါဘူး။ တက္ကသိုလ်တစ်ခုခုကနေ ဘွဲ့ရရှိပြီးသူတွေဖြစ်ပြီး စစ်ရာထူးခန့်ချုပ်ရုံးက နှစ်စဉ်သတ်မှတ် ခေါ်ယူတဲ့ ဘွဲ့ရရှိသူ တွေဖြစ်ရပါမယ်။   ဘွဲ့လက်မှတ်(မူရင်း)နဲ့ အမှတ်စာရင်းတင်ပြနိုင်ရပါမယ်။ မဟာဘွဲ့ ရရှိပြီးသူ၊   ပါရဂူဘွဲ့ရရှိပြီးသူတွေ လည်း လျှောက်ထားနိုင်ပါတယ်။ ဝိဇ္ဇာ/သိပ္ပံဘွဲ့ရရှိပြီးသူတွေအနေနဲ့  အသက် ၂၅ နှစ်အထိ၊ မဟာဘွဲ့ရရှိပြီးသူတွေအနေနဲ့    အသက် ၂၇ နှစ်အထိ၊ ပါရဂူဘွဲ့ရရှိပြီးသူတွေအနေနဲ့ အသက် ၃၀ အထိ လျှောက်ထားနိုင်ပါတယ်။ ဗိုလ်သင်တန်းတက်ပြီးရင်တော့  ဒုတိယဗိုလ် အဆင့်ကနေ စတင်ခန့်အပ်ခံရမှာဖြစ်ပြီး မဟာဘွဲ့ရရှိပြီးသူနဲ့ ပါရဂူဘွဲ့ရရှိပြီးသူတွေကတော့ ဗိုလ်အဆင့်ကနေ  စတင်ခန့်အပ်ခြင်း ခံရမှာဖြစ်ပါတယ်။

တပ်မတော်က သင်ကြားလေ့ကျင့်မှုစနစ်အတိုင်း လိုက်နာဆောင်ရွက်နိုင်သူဖြစ်ရပါမယ်။ အစိုးရဝန်ထမ်းဆိုရင် သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ပါရှိရပါမယ်။ သင်တန်းကာလက ၃၆ ပတ်ဖြစ်ပါတယ်။ သင်ကြားပေးတဲ့ သင်ခန်းစာတွေအနေနဲ့ စစ်ရေးပြ၊ ကြံ့ခိုင်ရေး၊ ခြေလျင်လက်နက်သင်၊ စစ်နည်းဗျူဟာ၊ အထူးစစ် နည်းဗျူဟာ၊ ဦးစီးတာဝန်၊ လက်ရုံးဝန်ထမ်းနဲ့ တိုက်ပွဲဝင်စည်းရုံးရေး ဘာသာရပ်တွေကို သင်ကြားလေ့ကျင့်ပေးပါတယ်။ သင်တန်းပြီးသွားရင် ဝိဇ္ဇာ/သိပ္ပံဘွဲ့ရဆိုရင် ဒုတိယဗိုလ်အဆင့်ရရှိမှာဖြစ်ပြီး မဟာဘွဲ့နဲ့အထက် ရရှိထားတဲ့သူတွေဆိုရင် ဗိုလ်အဆင့်နဲ့ စတင်တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ ကျောင်းဆင်းအရာရှိတွေ အနေနဲ့ နိုင်ငံတော်ကာကွယ်ရေး တာဝန်တွေကို ကျရာနေရာက တာဝန်ကျေပွန်စွာထမ်းဆောင်နိုင်ပြီး တပ်မတော်ရဲ့ဂုဏ်ကို  မြှင့်တင်နိုင်တဲ့ အမျိုးသမီးအရာရှိကောင်းတွေဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်။

ဗိုလ်လောင်း သိမ့်နန္ဒာအောင်

(အကောင်းဆုံးဗိုလ်လောင်းဆု)

ဒီသင်တန်းကို မန္တလေးတိုင်းဒေသကြီးကနေ လာပြီးတက်ရောက်တာပါ။ နိုင်ငံတကာဆက်ဆံရေး (ဝိဇ္ဇာဂုဏ်ထူးဘွဲ့)နဲ့ ဘွဲ့ရရှိထား ပါတယ်။ ငယ်ငယ်ကတည်းက တပ်မတော်သားတွေကိုမြင်တိုင်း သဘောကျတယ်။ ဝါသနာကလည်း စစ်သမီးဖြစ်ချင်ပြီး    နိုင်ငံတော် ကာကွယ်ရေးတာဝန် ထမ်းဆောင်တဲ့နေရာမှာ ကိုယ်တိုင်ပါဝင် ထမ်းဆောင်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီသင်တန်းကိုတက်ဖြစ်ခဲ့တာပါ။ သင်တန်းတက် ရောက်တဲ့အခါ တပ်မတော်သား တစ်ယောက်ဖြစ်လာဖို့ဆိုတာ မလွယ်ကူမှန်းသိလာခဲ့ရသလို တပ်မတော် အရာရှိ တစ်ယောက်ဖြစ်လာဖို့ဆိုတာ သာမန်အရည်အချင်းနဲ့ဖြစ်မလာနိုင်ဘူးဆိုတာ  ကိုယ်တိုင်သိလာခဲ့ရပါတယ်။ ဒီဆုကိုရရှိခဲ့တာကတော့ စိတ်ဓာတ်၊ စည်းကမ်းသာမက စာတွေ့၊ လက်တွေ့အားလုံးကို နည်းပြဆရာတွေရဲ့ သင်ကြားလေ့ကျင့်မှုတွေအတိုင်း သေချာ လိုက်ပါဆောင်ရွက်ပြီး ကျောင်းကချမှတ်ထားတဲ့ တိုက်တွန်းချက်တွေ၊ တားမြစ်ချက်တွေကို ဂရုတစိုက်လိုက်နာ ဆောင်ရွက်ခဲ့လို့ ဖြစ်ပါတယ်။ အမျိုးသမီး အရာရှိတစ်ယောက်အနေနဲ့ မိမိတာဝန်ကျရာနေရာမှာ ဘယ်လိုတာဝန်မျိုးကိုမဆို အကောင်းဆုံး ထမ်းဆောင်သွားမှာပါ။

 ဗိုလ်လောင်း ခက်ခက်ဦး

(ကြံ့ခိုင်ရေးအကောင်းဆုံးဆု)

သင်တန်းကို ဧရာဝတီတိုင်းဒေသကြီးကနေ လာပြီးတက်ရောက်ခဲ့တာပါ။ ဥပဒေဘွဲ့နဲ့ ကျောင်းပြီးထားပါတယ်။ ဒို့တာဝန် အရေးသုံးပါးကို အစဉ်ဦးထိပ်ထားပြီး နိုင်ငံတော်ကာကွယ်ရေး တာဝန်တွေမှာ အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင် ထမ်းဆောင်ချင်တဲ့ ရည်ရွယ်ချက်နဲ့ တက်ရောက်ဖြစ်ခဲ့တာပါ။ သင်တန်းကို တက်ရောက်ပြီးချိန်မှာတော့ တပ်မတော်သား တစ်ယောက်ဖြစ်ရတာကို ပိုပြီးတော့ ဂုဏ်ယူမိတယ်။ ဝတ်စားဆင်ယင်နေထိုင်မှုကအစ အရင်ကထက်ပိုပြီး မိမိကိုယ်ကို   ယုံကြည်မှု ရှိလာတယ်။ တပ်မတော်သားတစ်ယောက်က ကျန်းမာကြံ့ခိုင်နေမှသာ ပေးအပ်လာတဲ့ ဘယ်လိုတာဝန်မျိုးကိုမဆို  ထမ်းဆောင်နိုင် မှာပါ။ အဲဒီအတွက် ဗိုလ်သင်တန်းကျောင်းမှာလည်း သင်ကြားလေ့ကျင့်ပေးလျက်ရှိပါတယ်။ သင်တန်းကာလတစ်လျှောက် လစဉ် ကြံ့ခိုင်ရေး ဆန်းစစ်ရှစ်မျိုးကို လုပ်ဆောင်ရပါတယ်။ အထူးသဖြင့် နည်းပြဆရာတွေရဲ့ စနစ်တကျ သင်ကြားလေ့ကျင့်ပေးတဲ့ Training တွေကို စိတ်ပါဝင်စားစွာ အကောင်းဆုံး ကြိုးစားလိုက်ပါလုပ်ဆောင်ခဲ့တဲ့အတွက် ဒီဆုကိုရခဲ့တာပါ။ သင်တန်းမှာ ရရှိခဲ့တဲ့အတွေ့အကြုံနဲ့ ကျွန်မ တတ်ကျွမ်းတဲ့ပညာရပ်တွေ ပေါင်းစပ်ပြီး နိုင်ငံတော်အကျိုးအတွက် ဘယ်လိုတာဝန်မျိုးပဲ ပေးအပ်လာပါစေ အကောင်းဆုံး ကြိုးစားသယ်ပိုး ထမ်းရွက်သွားမှာပါ။         

ဗိုလ်လောင်း ဆုရည်ကျော်

(သေနတ်ပစ်အကောင်းဆုံးဆု)

ပညာအရည်အချင်းက သတ္တဗေဒ(သိပ္ပံဘွဲ့)နဲ့ ကျောင်းပြီးထားပါတယ်။ မန္တလေးတိုင်းဒေသကြီးကနေ သင်တန်းလာတက်တာပါ။ အမျိုးသမီးအရာရှိကောင်းဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝင်ရောက်ဖြေဆိုပြီး အောင်မြင်ခဲ့တဲ့အတွက်  တက်ရောက် ခဲ့တာပါ။ သင်တန်းကာလတစ်လျှောက်မှာ နည်းပြတွေရဲ့ သင်ကြားလေ့ကျင့်ပေးတဲ့ နည်းစနစ်တွေအတိုင်း အကောင်းဆုံး ကြိုးစားပြီး      လိုက်နာလုပ်ဆောင်ခဲ့ပါတယ်။ ကျွန်မကိုယ်တိုင်ကလည်း လက်နက်တွေအကြောင်း စိတ်ဝင်စားတဲ့သူဖြစ်တာကြောင့် လက်နက်နဲ့ ပတ်သက်တဲ့ စာတွေ့၊ လက်တွေ့အားလုံးကို  စိတ်ဝင်တစား လိုက်နာသင်ယူခဲ့ပါတယ်။ ပစ်ခတ်စဉ် ၁၀ ခုစလုံးကို အကောင်းဆုံး ဖြစ်အောင်ကြိုးစားပြီး စနစ်တကျပစ်ခတ်ခဲ့တာကြောင့် ဒီနေ့လိုအောင်မြင်မှုတစ်ခုကို ရရှိခဲ့တာပါ။ နိုင်ငံတော်က အခုလို ပြန်တမ်းဝင် အရာရှိအဖြစ် ခန့်အပ်ခြင်းခံရတဲ့အတွက် အတိုင်းမသိဝမ်းသာမိပါတယ်။ အမျိုးသမီးအရာရှိ တစ်ယောက်အဖြစ် နိုင်ငံတော် ကာကွယ်ရေးအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ထမ်းဆောင်ခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းသာမိပါတယ်။

ဗိုလ်လောင်း စိုးသော်တာလင်း

(စစ်ရေးပြအကောင်းဆုံးဆု)

ကွန်ပျူတာသိပ္ပံ (သိပ္ပံဂုဏ်ထူးဘွဲ့)နဲ့ ဘွဲ့ရရှိထားပါတယ်။ ဒီသင်တန်းကို နေပြည်တော်ကနေ လာရောက်တက်တာပါ။ ငယ်ငယ် ကတည်းက တပ်မတော်ထဲမှာပဲ ကြီးပြင်းခဲ့တဲ့အတွက် ကျွန်မ တတ်ကျွမ်းတဲ့အတတ်ပညာတွေနဲ့ တစ်ထောင့်တစ်နေရာကနေ  ပါဝင်ထမ်းဆောင်ချင်လို့ ဒီသင်တန်းကို တက်ဖြစ်ခဲ့တာပါ။ ဒီသင်တန်းကို မတက်ရောက်ခင်တုန်းက စစ်ပညာတွေ သင်ယူရ မယ်ဆိုတာခက်ခဲမယ်၊ ပင်ပန်းမယ်၊ လုပ်နိုင်ပါ့မလားဆိုပြီး တွေးပြီးစိုးရိမ်ခဲ့ပါတယ်။ ဒါပေမဲ့ သင်ကြားလေ့ကျင့်ပေးတဲ့ စာတွေ့၊ လက်တွေ့အားလုံးကို စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်စွာနဲ့ အကောင်းဆုံးကြိုးစားနိုင်ခဲ့လို့ ယုံကြည်ချက်တွေ ပိုမိုခိုင်မာလာပါတယ်။     ဒီဆုကိုရအောင် ဘယ်လိုကြိုးစားခဲ့ရလဲဆိုရင် သင်တန်းစစချင်းမှာပဲ စစ်ရေးပြလက်တွေ့ကို စတင်သင်ခဲ့ရတယ်။ အဲဒီအချိန်မှာ ကတည်းက နည်းပြတွေရဲ့ သင်ကြားပြသမှုအပေါ် သေချာ အာရုံစိုက်နားထောင်ပြီး အကောင်းဆုံးဖြစ်အောင် လိုက်ပါလုပ်ဆောင် ခဲ့တယ်။ အခုလို ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်လိုက်ပြီဆိုတော့ နိုင်ငံတော်နဲ့ တပ်မတော်အကျိုးကို ကျေပွန်စွာထမ်းဆောင်ပြီး သစ္စာလေးချက်နဲ့အညီ သစ္စာစောင့်သိသွားမှာပါ။

ဗိုလ်လောင်း ဆုမွန်သော်

(ဓနုတိုင်းရင်းသူ)

ရှမ်းပြည်နယ် (တောင်ပိုင်း)ကနေ ဒီသင်တန်းကို တက်ရောက်တာပါ။ သတ္တဗေဒ (သိပ္ပံဂုဏ်ထူးဘွဲ့)နဲ့ ဘွဲ့ရရှိထားပါတယ်။ ကျွန်မ အဖေကလက်ရှိမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်မှုထမ်းတစ်ယောက်လည်း ဖြစ်ပါတယ်။ ကျွန်မလည်း နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်တဲ့နေရာမှာ တတ်ကျွမ်းတဲ့ အတတ်ပညာတွေနဲ့ တစ်ထောင့်တစ်နေရာကနေ ပါဝင်ထမ်းဆောင်ချင်လို့ တက်ဖြစ်ခဲ့တာပါ။ ဒီသင်တန်းတက်ရောက်ပြီးချိန်မှာတော့ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ခံယူချက်တွေနဲ့ ပေးအပ်လာသမျှ တာဝန် အားလုံးကို ကျေပွန်စွာထမ်းဆောင် သွားမှာပါ။   အခုလိုပြန်တမ်းဝင်အရာရှိ အဖြစ် ခန့်အပ်လိုက်တဲ့အချိန်ကစပြီး ပေး အပ်လာသမျှ   ဘယ်လိုတာဝန်မျိုးကိုမဆို အကောင်းဆုံးဖြစ်အောင် ထမ်းဆောင်သွားမှာပါ။ ကျောင်းတော်ကြီးက သင်ကြားလေ့ကျင့်ပေးလိုက်တဲ့ စိတ်ဓာတ်၊ စည်းကမ်းတွေနဲ့ အထက်ကပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်ပြီး ကျောင်းတော်ကြီးရဲ့ ဂုဏ်ကို ထိန်းသိမ်း စောင့်ရှောက်သွားမှာပါ။

သတင်းအဖွဲ့ (ရန်ကုန်)