ကြံ့ခိုင်သည့်စိတ်ဓာတ် ရဲဝံ့သည့်နှလုံးသားဖြင့် . . .

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်)

ကြံ့ခိုင်သည့်စိတ်ဓာတ် ရဲဝံ့သည့်နှလုံးသားဖြင့် . . .

မြန်မာ့သမိုင်းတစ်လျှောက်ကို ပြန်လည်ငဲ့စောင်းကြည့်လျှင် တပ်မတော်တစ်ရပ်၏ အရေးပါမှုကို တွေ့မြင်ကြရပေမည်။ တပ်မတော်အင်အားနည်းလျှင် နိုင်ငံအင်အားနည်းပြီး စုစည်းညီညွတ်မှုနည်းပါးခဲ့သည်။ ထို့ကြောင့် ကိုလိုနီခေတ်နှင့် ဖက်ဆစ်တို့ အုပ်ချုပ်မှုခေတ်ကာလကြုံတွေ့ခဲ့ရသည်။ တပ်မတော်အင်အားရှိလာသောအခါ လွတ်လပ်ရေးကြိုးပမ်းမှုတွင် အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့သည်။

လွတ်လပ်ရေးရပြီးကာလ ပြည်တွင်းရောင်စုံသောင်းကျန်းမှု၊ ပြည်ပကျူးကျော်မှုတို့ ကြုံတွေ့ရသည့်အခါ တပ်မတော် အင်အားရှိမှု ကြောင့် တိုင်းပြည်ပြိုကွဲမသွားခြင်း ဖြစ်သည်။ထို့ကြောင့် တပ်မတော်သည် အင်အားရှိနေရန် လိုအပ်သည်မှာ သမိုင်းပေး တာဝန်ဖြစ် သည်။ သမိုင်းပေးတာဝန်ဆိုသည်မှာ အမျိုးသားရေးတာဝန်ဖြစ်သည်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးသည် တပ်မတော်သားများ အမြဲတမ်း ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရမည့် အမျိုးသားရေး တာဝန်ဖြစ်သည်။ အမျိုးသားရေးဆိုသည်မှာ တစ်မျိုးသားလုံး၏ အကျိုးစီးပွားနှင့် ဘာသာ၊ သာသနာ၊ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာများကို ကာကွယ်စောင့်ရှောက်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။

တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်သည်။ ကာကွယ်ရေးဆိုသော စကားရပ်မှာ အလွန်ကျယ်ပြန့် သည်။ နိုင်ငံတစ်နိုင်ငံ၏ နယ်နိမိတ်ကိုကာကွယ်ခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ခြင်းဟူသော နယ်ပယ် သာမက နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ခြင်း၊ ပြည်သူများအပေါ် ကျရောက်လာသည့် သဘာဝဘေးအန္တရာယ်၊ ကူးစက်ရောဂါဘေးအန္တရာယ်၊ စားနပ်ရိက္ခာပြတ်လပ်ခြင်း ဘေးအန္တရာယ်များကို ကာကွယ်ခြင်းများအထိ စီမံဆောင်ရွက်ရခြင်း ဖြစ်သည်။ ကာကွယ်ရေးတာဝန်ထမ်းဆောင်မှုတွင် အမျိုးသားများသာမက အမျိုးသမီးများကိုယ်တိုင်ကလည်း ပါဝင် ထမ်းဆောင်ရန် ဆန္ဒရှိလာကြသည်။ ထို့ကြောင့် အမျိုးသမီးစစ်မှုထမ်းများကို ၂၀၁၄ ခုနှစ်မှစ၍ နှစ်စဉ် စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြားပေးကာ အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးလျက်ရှိသည်။

ယခုအခါ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၉)သည် သင်တန်းပြီးမြောက်ပြီဖြစ်သည်။ သင်တန်းကာလတစ်လျှောက် စိတ်ဓာတ်၊ စည်းကမ်းနှင့်ဇွဲ၊ လုံ့လ၊ ဝီရိယများကိုအရင်းတည်ပြီး အမျိုးမျိုးသော လေ့ကျင့်သင်ကြားမှုများနှင့်အတူ စစ်ပညာ၊ ခေါင်းဆောင်မှုနှင့် ဦး၊ ရေး၊ ထောက်ဆိုင်ရာဘာသာရပ်များကို သင်ကြားတတ်မြောက်ခဲ့ကြပြီးဖြစ်၍ ပြန်တမ်းဝင်အရာရှိများအဖြစ် ခန့်အပ်တာဝန်ပေးမည်ဖြစ်သည်။ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်မှုဆိုသည်မှာ မိမိအထက်ကပေးအပ်လာသည့် တာဝန်ကို မိမိလက်အောက် ငယ်သားများနှင့်အတူ ရည်မှန်းချက်ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်းပင်ဖြစ်သည်။ ခေါင်းဆောင်တစ်ဦး၏ အရည်အချင်းသည် အကျပ်အတည်း ကာလတွင် စီမံခန့်ခွဲမှုလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်သည့် စွမ်းရည်ဖြစ်သည်။

မြန်မာ့တပ်မတော်သမိုင်းကြောင်းတွင် အမျိုးသမီးတပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်အချို့ကို ပြန်လည်လေ့လာကြည့်မည်ဆိုပါက လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် မြန်မာအမျိုးသမီးများ၏ ကြိုးပမ်းမှုကဏ္ဍကိုတွေ့မြင်ရသည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင်လည်း အမျိုးသမီးအရာရှိနှင့် အခြားအဆင့်စစ်မှုထမ်းများကို လက်ရုံးတပ်ဖွဲ့များနှင့် ကယ်ဆယ်ရေးတပ်ဖွဲ့များတွင် တာဝန်ပေးအပ်ခဲ့သည်များရှိခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် မြန်မာအမျိုးသမီး စစ်ဝန်ထမ်းတပ်ဖွဲ့ ဖွဲ့စည်းတာဝန်ပေးခဲ့သည့် အမျိုးသမီး အရာရှိများသည် ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့ကြသည့် အစဉ်အလာကောင်းများရှိခဲ့သည်။ ထို့နောက် အမျိုးသမီး သူနာပြုအရာရှိများ၊ ဘွဲ့ရအမျိုးသမီးအရာရှိများ၊ အမျိုးသမီးဆရာဝန်အရာရှိများ၊ အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ကျွမ်းကျင်သူများ၊ အမျိုးသမီးတပ်ကြပ်ကြီး/စာရေးများ၊ အမျိုးသမီးစစ်သည်များ စသည်ဖြင့် တာဝန်ထမ်းဆောင်ခွင့် ရရှိနေကြပြီဖြစ်သည်။

ဖွံ့ဖြိုးတိုးတက်နေသည့်နိုင်ငံတိုင်းတွင်  လူသားအရင်းအမြစ်များကို   အပြည့်အဝအသုံးချလျက်ရှိသည်။ လူသားအရင်းအမြစ်များကို အသုံးပြုရာတွင် ယောက်ျား၊ မိန်းမ မခွဲခြားဘဲ ပါဝင်ဆောင်ရွက်လျက်ရှိ ကြသည်ကိုလည်း တွေ့မြင်ရသည်။ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုတွင် နိုင်ငံအလိုက် မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွား ဖော်ဆောင်နိုင်ရေး ရည်ရွယ် လုပ်ဆောင် နေကြသည်။ မြန်မာနိုင်ငံ တွင်လည်း အမျိုးသမီးဦးရေမှာ ၅၂ ရာခိုင်နှုန်းရှိသည့်အတွက် အမျိုးသမီးများ၏စွမ်းအားကိုမြှင့်တင် ဖော်ထုတ်ပေးလျက်ရှိရာတွင် ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းများသည်လည်း ပါဝင်သည်။

တပ်မတော်သည် ပြည်သူလူထုအတွင်းမှ မွေးဖွားလာသော ရင်နှစ်သည်းချာသားသမီးရတနာများဖြင့် ဖွဲ့စည်းတည်ဆောက် ထားသည်ဖြစ်ရာ ပြည်သူမွေးဖွား ပြည်ချစ်စစ်သား၊ စစ်သမီးတို့သည် ပြည်သူလူထု၏ ကောင်းကျိုးချမ်းသာကိုသာ ဆောင်ရွက်ကြ မည်ဖြစ်သည်။ တပ်မတော်တစ်ရပ်အဖြစ်ပေါ်ထွန်းလာသည်မှ ယနေ့တိုင် ပြည်သူလူထု၏ ကောင်းကျိုးချမ်းသာကိုသာ ရှေးရှု ဆောင်ရွက်လျက်ရှိပေရာ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၉) ကျောင်းဆင်းများသည်လည်း ပြန်တမ်းဝင် အရာရှိများအဖြစ် ကြံ့ခိုင်သည့်စိတ်ဓာတ်၊ ရဲဝံ့သည့်နှလုံးသားဖြင့် အထက်ကပေးအပ်သော အမိန့်နှင့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြတော့မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။