နိုင်ငံတော်နှင့် တပ်မတော်အတွက် ဆေးစစ်သည်

နိုင်ငံတော်နှင့် တပ်မတော်အတွက် ဆေးစစ်သည်

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်)

    တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်သည် “သူရ၊ ပညာ၊ ကျွမ်းကျင်”ဟူသောဆောင်ပုဒ်နှင့် အညီ နိုင်ငံတော်၊ တပ်မတော်နှင့်ပြည်သူလူထုကို အလုပ်အကျွေးပြုမည့် “ကျွမ်းကျင်၊ ကူညီ၊ ဆေးစစ်သည်” ကောင်းများကို စဉ်ဆက်မပြတ် လေ့ကျင့်မွေးထုတ်ပေးလျက်ရှိရာ ယခုအခါ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၂၀)နှင့် အမျိုးသမီးသူနာပြု သိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၇) သင်တန်းများ ပြီးမြောက်၍ တပ်မတော်တွင် မိမိတို့ပညာရပ်နှင့် ထိုက်တန်သည့် တာဝန်များကို ထမ်းဆောင်ကြရတော့မည် ဖြစ်ပေသည်။

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်ကို၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ တက္ကသိုလ်၏ ရည်ရွယ်ချက်မှာ “ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်မည့် အမျိုးသား တပ်မတော်အတွက် လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် တပ်မတော်သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်သူများနှင့် ဆေးဘက် ပညာသည်များကို လေ့ကျင့်မွေးထုတ်ပေးရန်” ဖြစ်ပေသည်။   နိုင်ငံသားတိုင်း၏ ကျန်းမာရေး အဆင့်အတန်း မြင့်မားရေးသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံ တည်ဆောက်ရာတွင် အဓိကအရေးပါသော အချက်တစ်ခုဖြစ်သည်။

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်မှ စစ်ပညာနှင့်စာပေပညာများကို သင်ကြားပေးလိုက်ပြီ ဖြစ်သည့်အတွက် လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာ အသုံးပြုကြရတော့မည်ဖြစ်သည်။ ဆေးဝန်ထမ်းတပ်ဖွဲ့၏ ရည်မှန်းချက်ဖြစ်သည့် ကျန်းမာကြံ့ခိုင်တိုက်နိုင်ရန် (Make Fit to Fight))ဆိုသည့်အတိုင်း ကျန်းမာရေး ကောင်းမွန်စွာဖြင့် တိုက်ပွဲဝင်နိုင်ရေးကို အဓိက အကောင်အထည်ဖော်ရမည်ဖြစ်သည်။ တက္ကသိုလ်မှ သင်ကြားပေးလိုက်သော ပညာရပ်များကို စဉ်ဆက်မပြတ် ဆည်းပူးလေ့လာပြီး   တာဝန်ကျရာဒေသ အသီးသီးရှိ တပ်မတော်သား မိသားစုဝင်များ၏ ကျန်းမာရေးသာမက တိုင်းရင်းသားညီအစ်ကိုများ၏ ကျန်းမာရေးကိုလည်း “စေတနာ အကြင်နာ ဘေးကင်းကွာ”ဟူသည့်ဆောင်ပုဒ်အတိုင်း စေတနာတရား၊ အကြင်နာတရား အပြည့်ဖြင့်ပြုစုစောင့်ရှောက် ပေးကြတော့မည်ဖြစ်သည်။

ဆေးဝန်ထမ်းတပ်ဖွဲ့သည် လွတ်လပ်ရေး ကြိုးပမ်းမှုနှင့်အတူ ပေါက်ဖွားလာခဲ့ပြီး သမိုင်းအစဉ်အလာကြီးခဲ့သည့် တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့သည် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်က (၇၅)နှစ်မြောက် စိန်ရတုတိုင်ခဲ့ပြီဖြစ်သည်။ ခေတ်အဆက်ဆက် ဆေးဝန်ထမ်းတပ်ဖွဲ့သည် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး၊ တပ်မတော်အကျိုးကို သယ်ပိုးထမ်းရွက်ခဲ့သည်မှာ ယနေ့ထိပင်ဖြစ်သည်။ ဆေးကုသမှုဆိုသည်မှာ လူသားတိုင်းအတွက် မရှိမဖြစ်သော ကိစ္စရပ်ဖြစ်ပေရာ ဆေးဝန်ထမ်းတပ်ဖွဲ့များ အနေဖြင့်  ဆေးရုံ/ဆေးတပ်ရင်းများတွင်သာမက နိုင်ငံတစ်ဝန်းရှိ ပြည်သူလူထုများအတွက် ပြည့်စုံလုံလောက်သော  ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် နယ်လှည့်ဆေးကုသမှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် ခွဲစိတ်ကုသခြင်းများ၊ မီးဖွားခြင်းများနှင့်ပြင်ပလူနာ ကြည့်ရှုကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည်မှာ ပြည်သူလူထုအတွက် လွန်စွာအကျိုးများလှသည်။

တပ်မတော်သည် ခေတ်အဆက်ဆက် ပြည်သူနှင့်ပတ်သက်လာပါက “ပြည်သူသာအမိ၊ ပြည်သူသာအဖ” ဆိုသည့်ဆောင်ပုဒ်အတိုင်း  ဦးထိပ်ထား ဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။ စစ်သည်တော်ကျင့်ဝတ် ခြောက်ဆယ်တွင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်ပါ။ ပြည်သူလူထု၏ အကျိုးစီးပွားကို အစဉ်ဦးထိပ်ထားပါ။ ကျင့်ဝတ်များ သတ်မှတ်ထားသည်။ တပ်မတော်သားတို့  ပြည်သူ့အကျိုး သယ်ပိုးနေကြသည်မှာ ထိုကျင့်ဝတ်များကြောင့်ချည်းသာ မဟုတ်ဘဲ တပ်မတော်သားတို့၏ ပင်ကိုစိတ်ထားကပင် ပြည်သူ့ကောင်းကျိုးကို လိုလားသူများဖြစ်နေသည့်အတွက် ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။ တပ်မတော်က သင်ကြားပေးလိုက်သည့် ကျန်းမာရေး အသိပညာတတ်မြောက်မှုမှာ တပ်မတော်နှင့်ပြည်သူ အတွက်သာဖြစ်သည်။

ကျန်းမာရေးအသိပညာ တတ်မြောက်မှုဆိုသည်မှာ လူသားတို့၏ ကောင်းမွန်သော ကျန်းမာရေးကို ထိန်းသိမ်းရန်နှင့် ကျန်းမာရေးမြှင့်တင်ရန် လိုအပ်သော သတင်းအချက်အလက်များ ရရှိနိုင်ပြီး ၎င်းသတင်းအချက်အလက်များကို နားလည်နိုင်မှု၊ အသုံးချနိုင်မှုစွမ်းရည်နှင့် လုပ်ဆောင်လိုသောစိတ်ကို အဆုံးအဖြတ်ပေးသည့် သိမှုဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ တတ်သိခြင်းဟူ၍ အဓိပ္ပာယ် သတ်မှတ်ပါသည်။ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်သည် သူနာပြုအတတ်ပညာနှင့် ဆေးဘက်ပညာရပ်များကို ပြည့်ပြည့်စုံစုံ သင်ကြားပေးရာ တက္ကသိုလ်တစ်ခုဖြစ်သည်။ သူနာပြုတိုင်းတွင် မွန်မြတ်သောသူနာပြု စိတ်ဓာတ်ရှိကြသည်။

သူနာပြုစိတ်ဓာတ်၏ အခြေခံဖြစ်သည့် ဝါသနာ၊ စေတနာ၊ အကြင်နာ၊ အနစ်နာ၊ နမူနာ ဆိုသည့်နာငါးနာနှင့် ပြည့်ဝနေရန်လည်း သင်ကြားခဲ့ပြီးဖြစ်သည်။  သူနာပြုခြင်း၏ ရည်ရွယ်ချက်သည်  ကျန်းမာမှုဖြစ်စေရန်၊ တိုးတက်ကောင်းမွန်သည့် ကုသမှုဖြစ်စေရန်၊ ရောဂါဘယကြောင့် မသန်စွမ်းသူများကို ကာကွယ်ရန်ဆိုသည့် သီးခြားရည်ရွယ်ချက်များ ထားရှိဆောင်ရွက်ရခြင်းဖြစ်ပေသည်။ သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ လုပ်ငန်းသည်တပ်မတော်၏ ကာကွယ်ရေး စွမ်းပကားမြင့်မားရေးကို အထောက်အကူပြုနေသည့် အဓိက အစိတ်အပိုင်းလည်း ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။