တပ်မတော်နှင့်ပြည်သူအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးမည့် ကျွမ်းကျင်ကူညီ ဆေးစစ်သည်တို့၏ စကားသံများ

တပ်မတော်နှင့်ပြည်သူအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးမည့် ကျွမ်းကျင်ကူညီ ဆေးစစ်သည်တို့၏ စကားသံများ

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံသားတိုင်း၏ ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်မှုသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်သည်နှင့်အညီ ကျန်းမာမှ ပညာသင်ကြား နိုင်မည်။ ကျန်းမာမှ အလုပ်လုပ်နိုင်မည်။ ကျန်းမာမှ ကိစ္စအ၀၀ကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ တပ်မတော်နှင့်ပြည်သူအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် တပ်မတော် သူနာပြုများ၊ ဆေးဘက်ပညာသည်များနှင့် ဆေးဝါးကျွမ်းကျင်သူများကို တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်မှ နှစ်စဉ်မွေးထုတ်ပေးလျက်ရှိသည်။ ဒီဇင်ဘာ ၂၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ်ရှိ တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်၌ သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ် (၂၀)နှင့် အမျိုးသမီးသူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ် (၇) တို့၏ သင်တန်း ဆင်းပွဲကိုကျင်းပရာ အဆိုပါသင်တန်းဆင်းပွဲမှ သင်တန်းသား၊ သင်တန်းသူများ၏စကားသံများကို ဖော်ပြလိုက်ပါသည်။

ဆလိုင်းပြည့်စုံအောင်

(အကောင်းဆုံးသင်တန်းသားဆု)

ကျွန်တော်က   မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ကနေ လာရောက်တက်ဖြစ်တာပါ။  တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်ကို တက်ရောက်ရတဲ့ ရည်ရွယ်ချက်ကတော့   တပ်မတော်သား တစ်ယောက်ဖြစ်ချင်တာရော   သူနာပြုနဲ့နည်းပညာကျွမ်းကျင်သူတစ်ယောက်ဖြစ်ချင်တာကြောင့်ပါ တက်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။  တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်မှာ စစ်ပညာရော စာပေပညာပါ နှစ်ခုစလုံးကို သင်ကြားရပါတယ်။

ပထမနှစ်မှာကတည်းက  စီနီယာတွေရဲ့ သွန်သင်လမ်းပြပေးမှုနဲ့အတူ စာမေးပွဲတွေကို အောင်မြင်အောင် ဖြေဆိုနိုင်ခဲ့ပြီးတော့ အထူးပြုကို ရွေးချယ်နိုင်ခဲ့ပါတယ်။ ရွေးချယ်တဲ့နေရာမှာလည်း ကိုယ်ဝါသနာပါတဲ့ အထူးပြုဘာသာရပ်ကို အောင်မြင်စွာ ရွေးချယ်နိုင်ခဲ့ပါတယ်။ စစ်ပညာ၊ စာပေပညာ နှစ်ခုစလုံးကို မျှမျှတတနဲ့ ဇွဲရှိရှိ ကြိုးစားလေ့လာခဲ့ပါတယ်။ ဒါ့ပြင် ကျွန်တော်တို့က တပ်မတော်သားတွေဖြစ်တဲ့အတွက် ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကိုလည်း လေးစားလိုက်နာခဲ့ပါတယ်။   ဒီလိုလိုက်နာနိုင်ခဲ့တဲ့ အတွက်ကြောင့်လည်း    အကောင်းဆုံး သင်တန်းသားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

သင်တန်းဆင်းပြီးသွားရင်လည်း တပ်မတော်သားတွေနဲ့ပြည်သူတွေကို   အကောင်းဆုံး ကျန်းမာရေး စောင့်ရှောက်မှုတွေပေးနိုင်တဲ့ သူတစ်ယောက်ဖြစ်အောင်    နေထိုင်သွားမှာပါ။         

ကျော်ဇင်ထက်

(လေ့ကျင့်ရေးထူးချွန်ဆု)

ကျွန်တော်ကတော့ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ကနေ   လာရောက်တက်ဖြစ်တာပါ။ တပ်မတော်မှာ ကျွမ်းကျင်တဲ့သူနာပြုတစ်ယောက်ဖြစ်ချင်တဲ့အတွက် တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်ကို တက်ရောက်ခြင်းဖြစ်ပါတယ်။ သင်တန်းမှာ ကျွန်တော့်ရဲ့ရည်မှန်းချက်တွေ  အောင်မြင်အောင် စစ်ပညာရော စာပေပညာကိုပါ မျှမျှတတနဲ့ အကောင်းဆုံးဖြစ်အောင် လေ့လာ ကျက်မှတ်ခဲ့ပါတယ်။ အခုလို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေထိုင်နိုင်ခဲ့တဲ့အတွက်လည်း  လေ့ကျင့်ရေးထူးချွန်ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့ပြင် အခုသင်တန်းပြီးဆုံးသွားရင်လည်း တပ်မတော်သားတွေ အတွက်သာမက ပြည်သူတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအပိုင်းတွေမှာပါ   အားကိုးအားထားရတဲ့  သူနာပြုတစ်ယောက်ဖြစ်အောင်   အကောင်းဆုံး စွမ်းဆောင်သွားမှာပါ။

 ဝေလင်းအောင်

(စာပေထူးချွန်ဆု)

ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး  ပျော်ဘွယ်မြို့ကနေပြီး  လာရောက်တက်ဖြစ်တာပါ။ ဆေးဘက်ဆိုင်ရာ ပညာရပ်တွေကို  စိတ်ဝင်စားပြီး လေ့လာသင်ကြားချင်တဲ့အတွက်ကြောင့် တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်ကို တက်ရောက်ရခြင်းဖြစ်ပါတယ်။  တက်ရောက်တဲ့အခါမှာလည်း စာပေပညာရပ်တွေကို ပထမနှစ်ကတည်းက     ကြိုးစားလေ့လာခဲ့တယ်။

အတန်းကြီးတဲ့အထိလည်း လိုက်နာကြိုးစားလေ့လာခဲ့ပါတယ်။    တစ်နေ့စာတစ်နေ့ပြီးပြတ်အောင် ကြိုးစားဆောင်ရွက်တယ်။

မသိနားမလည်တဲ့စာတွေကိုလည်း သူငယ်ချင်းတွေ၊  ဆရာတွေကို  မေးမြန်းတယ်။ ဆေးရုံ လက်တွေ့ဆင်းတဲ့အခါမှာလည်း စီနီယာအစ်ကို၊ အစ်မတွေရဲ့ သင်ကြားပေးမှုတွေကို သေချာမှတ်သားတယ်။ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တဲ့အတွက်လည်း စာပေထူးချွန်ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီး  သူနာပြုနဲ့ဆိုင်တဲ့သင်တန်းတွေတက်မယ်။    Master  တန်းကနေ Ph.D ရတဲ့အထိ အောင်မြင်အောင် ကြိုးစားဆောင်ရွက်သွားပါမယ်။ ကျောင်းတော်ကြီးကသင်ကြားပေးတဲ့ ဆေးပညာရပ်တွေနဲ့  တပ်မတော်သားတွေနဲ့   ပြည်သူတွေအပေါ်မှာ   တာဝန်ကျေပွန်တဲ့   သူနာပြုတစ်ယောက်ဖြစ်အောင်   ကြိုးစားဆောင်ရွက်သွားမှာပါ။

ဖွေးသန့်စင်

(အကောင်းဆုံးသင်တန်းသူဆု)

ကျွန်မကတော့ သင်တန်းသူ ဖွေးသန့်စင်ဖြစ်ပါတယ်။ ကရင်ပြည်နယ် ဘားအံမြို့က လာရောက်တက်ဖြစ်တာပါ။ သင်တန်းမှာ အကောင်းဆုံးသင်တန်းသူဆုကို  ရရှိခဲ့တာဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ပထမနှစ်က စပြီး  လေ့ကျင့်ရေးမှာဆိုလည်း  နည်းပြတွေရဲ့   လေ့ကျင့်သင်ကြားပေးမှုတွေကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ စစ်ရေးပြ၊ နည်းဗျူဟာ စတဲ့လေ့ကျင့်ရေးဘာသာရပ်တွေ၊ စာပေပညာရပ်မှာဆိုလည်း ပထမနှစ်ကနေ စတုတ္ထနှစ်အထိ စာပေပညာရပ်တွေအပြင် ဆက်စပ်ဘာသာရပ်တွေကို အကောင်းဆုံးဖြစ်အောင်

လေ့ကျင့်သင်ကြားခဲ့ပါတယ်။ မသိနားမလည်တာရှိရင် ဆရာတွေ၊  စီနီယာတွေ၊ သူငယ်ချင်းတွေကိုမေးမြန်းပြီး  လေ့လာမှတ်သားပါတယ်။  ကျောင်းကချမှတ်ထားတဲ့  စည်းကမ်းချက်တွေ၊  အမိန့်တွေကို  တစ်သဝေမတိမ်း လိုက်နာခဲ့တဲ့အတွက် အကောင်းဆုံးသင်တန်းသူဆုကို ရရှိခဲ့တာပါ။ တပ်မတော်ဇာတ်လမ်းတွေ ကြည့်ဖြစ်တဲ့အခါ ဒဏ်ရာရနေတဲ့  တပ်မတော်သားတွေကိုမြင်ရင် သနားမိတယ်။ သူတို့က နိုင်ငံတော်နဲ့ပြည်သူအတွက်   သူတို့ရဲ့အသက်ကိုစွန့်လွှတ်ပြီး   တာဝန်ထမ်းဆောင်နေတာဖြစ်လို့ သူတို့တွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးချင်တယ်။

ကျွန်မကိုယ်တိုင်ကလည်း    ဆေးပညာနဲ့သူနာပြုအလုပ်ကို ဝါသနာပါတယ်။ တပ်မတော်နေ့မှာ စစ်ကြောင်းကြီးတွေ ချီတက်လာရင်လည်း  အရမ်းအားကျပါတယ်။   တပ်မတော်သားတစ်ယောက်လည်းဖြစ်ချင်တယ်။  ဒါကြောင့် အခုသင်တန်းကို တက်တာဖြစ်ပါတယ်။  နိုင်ငံတော်၊  ပြည်သူနဲ့ တပ်မတော်သားတွေအတွက် ကျွန်မသင်ယူတတ်မြောက်ထားတဲ့ဆေးပညာရပ်နဲ့ အလုပ်အကျွေးပြုသွားမှာပါ။

ဆုလဲ့နန္ဒာ

(လေ့ကျင့်ရေးထူးချွန်ဆု)

ကျွန်မကတော့ မဆုလဲ့နန္ဒာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး  တိုက်ကြီးမြို့နယ်ကနေ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်ကို  လာရောက်တက်ဖြစ်တာပါ။  ဒီသင်တန်းကို  တက်ဖြစ်တာကတော့  ကျေးဇူးရှင်မိဘနှစ်ပါးရဲ့  ကျေးဇူးကို ဆပ်ချင်တာလည်းပါတယ်။ သာမန်အရပ်သူဘဝကနေ တပ်မတော်သားဘဝကို ကူးပြောင်းခဲ့တာဖြစ်လို့ စစ်ပညာနဲ့ စာပေပညာကိုသင်ကြားရတဲ့အခါမှာ   အချိန်နဲ့ပတ်သက်ပြီး  အခက်အခဲတွေရှိပါတယ်။

ဒါကိုကျော်ဖြတ်ဖို့အတွက် စီနီယာသင်တန်းသူတွေရဲ့ သင်ကြားပေးမှုတွေအပြင်  အုပ်ထိန်းသူအစ်မတွေရဲ့ သင်ကြားပြသမှုတွေကို   အဓိကထားလိုက်ပါလုပ်ဆောင်ခဲ့ပါတယ်။ ဒီသင်တန်းပြီးမြောက် အောင်မြင် သွားပြီဖြစ်လို့   ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေ ရလာပါတယ်။  ယုံကြည်မှုတွေရလာသလို တတ်မြောက်လာတဲ့  ဆေးပညာရပ်တွေနဲ့ တိုင်းရင်းသားမိဘပြည်သူတွေနဲ့    တပ်မတော်သားမိသားစုတွေကို စောင့်ရှောက်ဖို့အတွက် အားအင်သစ်တွေရရှိလာပါတယ်။

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်က အမျိုးသမီးငယ်တွေအတွက်  တက်ရောက်သင့်တဲ့  ကျောင်းတစ်ကျောင်းဖြစ်တယ်လို့ဆိုချင်ပါတယ်။    ဘဝအတွက် အောင်မြင်မှုတွေရရှိနိုင်သလို အာမခံချက်လည်းရှိတယ်လို့ ပြောချင်ပါတယ်။

ယွန်းယွန်းဝေ

(စာပေထူးချွန်ဆု)

ကျွန်မကတော့ မယွန်းယွန်းဝေဖြစ်ပါတယ်။ ကျွန်မရည်ရွယ်ချက်က ဆေးဘက်ပညာ ကျွမ်းကျင်သူ တစ်ယောက်ဖြစ်ချင်တယ်။ ဒါကြောင့် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်ကို တက်ရောက်တာဖြစ်ပါတယ်။   လေးနှစ်တာသင်တန်းဖြစ်တဲ့အတွက် ပထမနှစ်ကတည်းက စာပေပညာတွေကို လေ့လာသင်ယူခဲ့တယ်။ အားလပ်တဲ့အချိန်တွေမှာလည်း စာပေတွေကို လေ့လာတယ်။    မရှင်းလင်းတဲ့စာတွေကိုလည်း မှတ်သားထားပြီး စီနီယာတွေ၊ ဆရာ၊ဆရာမတွေကို မေးမြန်းလေ့လာခဲ့ပါတယ်။

ကြိုးစားလေ့လာခဲ့တဲ့အတွက်လည်း စာပေထူးချွန်ဆုကိုရရှိခဲ့ပါတယ်။ စာပေပညာကိုလေ့လာဖို့ဆိုရင်    ကျန်းမာရေးကောင်းဖို့လည်း လိုအပ်တယ်။ ဒါကြောင့် ကျန်းမာရေးကိုလည်း ဂရုစိုက်ရတယ်။ သင်တန်းပြီးသွားရင်လည်း ကျွန်မက မိမိတတ်ကျွမ်းထားတဲ့ ဆေးပညာရပ်တွေနဲ့သာမကဘဲ မဟာသိပ္ပံဘွဲ့ရတဲ့အထိ   ကြိုးစားသွားပါမယ်။ ဒါ့ပြင် နိုင်ငံတော်နဲ့ တပ်မတော်က   အားကိုးအားထားရတဲ့   ဆေးဘက်ပညာဓာတ်ခွဲကျွမ်းကျင်သူတစ်ယောက်ဖြစ်အောင် ကြိုးစားသွားမှာပါ။

သတင်းအဖွဲ့(ရန်ကုန်)