ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်)

“စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး”သည် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်တစ်ရပ်ဖြစ်သည်။ အမျိုးသားရေး ဦးတည်ချက်ဆိုသည်မှာ မဖြစ်မနေ အကောင်အထည်ဖော်ဆောင်မည့် လုပ်ငန်းရပ်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် အဆိုပါအမျိုးသားရေး ဦးတည်ချက်အတိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ကြိုတင်သတ်မှတ်ချက် မထားသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လုပ်ဆောင်လျက်ရှိသည်။

တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်ဆိုသည့်အတိုင်း အကောင်အထည်ဖော်လျက်ရှိသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့်လည်း မိမိနိုင်ငံ၊ မိမိလူမျိုး တိုးတက်ကြီးပွား ချမ်းသာရေးကို အမှန်တကယ်ဆန္ဒရှိပါက ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသို့ တက်ရောက်ဆွေးနွေးခြင်းဖြင့် နှစ်ဦးနှစ်ဖက် သဘောထားကို သိမြင်နိုင်သည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးပြီးသော အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ ရရှိလာသော ကောင်းကျိုးများကို သိမြင်ကြပြီးဖြစ်သည့် အတွက် ပထမအကြိမ်မှ ဒုတိယအကြိမ်စသည်ဖြင့် ဆက်လက်ဆွေးနွေးမှုများပြုလုပ်လျက်ရှိသည်။

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော မြန်မာတိုင်းရင်းသား အပေါင်းတို့သည် နှစ်ပရိစ္ဆေဒကြာမြင့်စွာကပင် အေးအတူပူအမျှ လက်တွဲနေထိုင်လာကြသူဖြစ်ပေရာ အရေးကြီးလျှင် သွေးစည်းခဲ့ကြသည်။ တိုင်းရင်းသား အပေါင်းတို့သည် ကိုလိုနီခေတ်တွင် ရရာလက်နက်စွဲကိုင်ကာ နယ်ချဲ့အင်္ဂလိပ်တို့ကို ပြန်လည်တိုက်ခိုက်ခဲ့ကြသည်မှာ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုရှိခြင်းကို ပြသခြင်းဖြစ်သည်။ ခေတ်မီလက်နက်အင်အား မရှိခြင်းကြောင့် မြန်မာ့တော်လှန်ရေး အောင်မြင်မှုပန်းတိုင်နှင့် ဝေးကွာခဲ့ခြင်းဖြစ်သည်။ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကား နယ်ချဲ့တို့အတွက် ကြောက်လန့်ဖွယ်ရာ စည်းလုံးညီညွတ်မှုဖြစ်ခဲ့သည်။ ထို့ကြောင့် ၎င်းတို့ အုပ်ချုပ်ခွင့်ရသွားသည့်အခါ တိုင်းရင်းသားအချင်းချင်းကို သွေးခွဲအုပ်ချုပ်မှုကို စတင်ခဲ့သည်။ တောင်တန်းဒေသနှင့် ပြည်မဒေသတို့ကို သီးခြားစီဥပဒေဖြင့် တားဆီးခြင်းဖြင့် တိုင်းရင်းသား အချင်းချင်း သံသယစိတ်များ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

မြန်မာ့နိုင်ငံရေးကို  အမှန်တကယ် ထဲထဲဝင်ဝင် လေ့လာကြည့်မည် ဆိုပါက လွတ်လပ်ရေးရရှိသည်နှင့် တိုင်းရင်းသားထဲမှ နိုင်ငံတော်သမ္မတကို ခန့်အပ်ခဲ့သည်။ ပါလီမန်ဒီမိုကရေစီစနစ်တွင် အကွဲအပြားများ၊ နိုင်ငံတော်ပြိုကွဲမည့် အခြေအနေများ ကျရောက်လာ၍ တပ်မတော်က နိုင်ငံတော်ကို ဦးဆောင်ခဲ့ရသော်လည်း ပြည်သူလူထု၏ ဆန္ဒနှင့်အညီသာ နိုင်ငံတော်၏မူဝါဒကို ချမှတ်ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း မွေးဖွားခဲ့သော မျိုးဆက်သစ်လူငယ်များ မှန်မှန်ကန်ကန်မသိလိုက်သော နိုင်ငံရေးသမိုင်းကြောင်း ရှိသည်။

၎င်းင်းမှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို တည်ထောင်ခြင်းဖြစ်သည်။ တစ်ပါတီစနစ်ဟု  အလွယ်ခေါ်နေကြသည်။ ထိုတစ်ပါတီစနစ် ကျင့်သုံးရခြင်းမှာ ပါလီမန်ဒီမိုကရေစီ စနစ်ကဲ့သို့ အချင်းချင်း စည်းလုံးညီညွတ်မှု မပြိုကွဲစေရေးအတွက် တစ်ပါတီစနစ်ကို ထူထောင်ကြခြင်းဖြစ်သည်။

ထိုတစ်ပါတီစနစ်တွင် ပါတီပေါင်းစုံမှ ပုဂ္ဂိုလ်များ၊ အလွှာအသီးသီးမှ ပညာရှင်များပါဝင် ဦးဆောင်ကြခြင်းဖြစ်သည်။ ထိုအချိန်က တိုင်းရင်းသား ခေါင်းဆောင်များကို သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ်များတွင် အကြီးအကဲအဖြစ် ပြန်လည်ခန့်အပ် တာဝန်ပေးခဲ့သည်။ ဆိုလိုသည်မှာ တိုင်းရင်းသား အပေါင်းတို့၏ အရေးကို ဦးစားပေးလျက်ရှိခြင်းကို ညွှန်းဆိုခြင်းဖြစ်သည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်သည် နိုင်ငံရေးအရ တည်ငြိမ်မှုများစွာ ရှိခဲ့သည်။ ပြည်ထောင်စုနေ့၊ လွတ်လပ်ရေးနေ့စသည့် အခမ်းအနားများကို ခမ်းနားကြီးကျယ်စွာ ကျင်းပနိုင်ခဲ့သည်။ စီးပွားရေးအရ ကျဆင်းမှုများ ရှိနေသည့်အတွက် တစ်ပါတီစနစ် မအောင်မြင်ခဲ့ခြင်းဖြစ်သည်။

၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်အစိုးရ တစ်ရပ်၏ အုပ်ချုပ်မှုယန္တရား ပြိုကွဲပျက်စီးသွားခဲ့ပြီး အချိန်မီမထိန်းသိမ်းနိုင်ပါက တိုင်းပြည်လွတ်လပ်ရေး ဆုံးရှုံးတော့မည့် အခြေအနေ ဆိုက်ရောက်လာသည့်အတွက် တပ်မတော်က နိုင်ငံတော်ကို ဦးဆောင်ခဲ့ရသည်။ ပြည်သူလူထုလိုလားသော စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ကို စနစ်တကျနှင့် လိုအပ်ချက်မရှိအောင် တည်ဆောက်ပေးခဲ့ပြီး ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ဒီမိုကရေစီအစိုးရသစ် တစ်ရပ်ပေါ်ပေါက်လာခဲ့သည်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၂၀(စ)အရ ဒို့တာဝန် အရေးသုံးပါးနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင် အဓိကတာဝန်ရှိသောကြောင့်  တပ်မတော်အနေဖြင့် နိုင်ငံတော်နှင့်တိုင်းရင်းသား ပြည်သူလူထု အကျိုးအတွက် ကာကွယ်စောင့်ရှောက်သူ (Guardian)အဖြစ် ယင်းတာဝန်များကို ထမ်းဆောင် သွားမည်ဖြစ်သည်။

နိုင်ငံတော်တွင် အရေးပေါ်ကာလနှင့် ကြုံတွေ့လာသည့်အခါ တပ်မတော်က အမျိုးသားနိုင်ငံရေးကို ဦးဆောင်ပါဝင်လာရသည်မှာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေက အပ်နှင်းထားသည့် တာဝန်ဖြစ်သည်။ ထိုတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိပေရာ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်(၅)ရပ်၏ ပထမဆုံးအချက် အောင်မြင်ရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်အတူ ပြည်သူတစ်ရပ်လုံးက ပါဝင်ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။     ။