၂၀၂၃ ခုနှစ်အကြိုကာလတွင် မန္တလေးဈေးကွက်အတွင်း ပြည်ပပို့ကုန်ပဲများနှင့် ဆီထွက်သီးနှံများ အရောင်းအဝယ် ကောင်းမွန်နေ

၂၀၂၃ ခုနှစ်အကြိုကာလတွင် မန္တလေးဈေးကွက်အတွင်း ပြည်ပပို့ကုန်ပဲများနှင့် ဆီထွက်သီးနှံများ အရောင်းအဝယ် ကောင်းမွန်နေ

မန္တလေး  ဒီဇင်ဘာ  ၃၀

    ၂၀၂၃ ခုနှစ်အကြိုကာလတွင် မန္တလေးဈေးကွက် အတွင်း၌ ပြည်ပပို့ကုန်ပဲများနှင့် ဆီထွက်သီးနှံများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။

 ၂၀၂၂ ခုနှစ်အကုန် နှစ်သစ်ကူးပြောင်းချိန် ကာလတွင် ပြည်ပဈေးကွက်ဝင် ပို့ကုန်များဖြစ်သည့်  မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းနှင့် ဆီထွက်သီးနှံများ အရောင်းအဝယ် ပိုမိုကောင်းမွန်နေကြောင်း၊ ပြီးခဲ့သည့်နှစ် ကာလတူအချိန်က မတ်ပဲသုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၂၅၀၀၀၊ ပဲစင်းငုံ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၂၀၀၀၀ နှင့် မြေပဲဆန်တစ်ပိဿာလျှင် ငွေကျပ် ၃၂၀၀ သာ ရှိခဲ့သော်လည်း  ယခုနှစ်လက်ရှိအချိန်တွင်  မတ်ပဲသုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၆၅၀၀၀၊  ပဲစင်းငုံသုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၇၀၀၀၀ နှင့် မြေပဲဆန်တစ်ပိဿာလျှင် ငွေကျပ် ၇၀၀၀ ကျော်ဈေးတို့ဖြင့် အရောင်းအဝယ်များ ကောင်းမွန်နေကြောင်း  မန္တလေးမြို့မှစိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်ကပြောသည်။

“ဈေးကွက်ထဲမှာတော့ ပြီးခဲ့တဲ့နှစ်ထက်စာရင် အန္ဒိယပို့ကုန်ဖြစ်တဲ့ မတ်ပဲ၊ ပဲစင်းငုံတွေ ဈေးကောင်းရနေတယ်။ တရုတ်ပြည်ပို့ကုန်ဖြစ်တဲ့ ပဲတီစိမ်းနဲ့ မြေပဲဆန်တွေလည်း ဈေးကောင်းရရှိနေတယ်။ ဒီနှစ်ရာသီဥတုက အသင့်အတင့် ကောင်းမွန်တာကြောင့် သီးနှံတွေလည်း ပုံမှန်အတိုင်း ထွက်ရှိလာပါတယ်။ ခုချိန်မှာ ပြီးခဲ့တဲ့နှစ် ကာလတူက ပေါ်ဦးပေါ်ဖျားဈေးတွေထက် ၃၀ ရာခိုင်နှုန်းလောက် မြင့်တက်လာပါတယ်။ လက်ရှိမှာ ပြည်ပပို့ကုန်ဖြစ်တဲ့ မတ်ပဲ၊ ပဲတီစိမ်း၊ နှမ်း၊ မြေပဲ၊ ပဲယင်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲလွန်းဖြူတွေ အားလုံး ထွက်ရှိလာပါတယ်။

လာမယ့် ၂၀၂၃ ခုနှစ်မှာ ဖောက်သည်နိုင်ငံတွေကလည်း ဝယ်ယူမှုတွေ တိုးတက်များပြားပြီးတော့ စဉ်ဆက်မပြတ် တင်မကဘဲ ပိုမိုဝယ်ယူမှုတွေလည်း ရှိလာမှာဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်နှစ်မှာမြန်မာနိုင်ငံဟာ စိုက်ပျိုးရေး ထွက်ကုန်တွေနဲ့ နိုင်ငံစီးပွားရေး ဦးမော့လာလိမ့်မယ်လို့ ခန့်မှန်းပါတယ်” ဟု ၎င်းကပြောသည်။  

လက်ရှိအချိန်တွင် ပြည်ပဈေးကွက်ဝင် ပို့ကုန်ပဲများနှင့်    ဆီထွက်သီးနှံများ ဈေးကွက်သို့ ဝင်ရောက်လာပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ ယင်းပဲသီးနှံများကို မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်း ဒေသကြီးတို့တွင် ရာသီမရွေး စိုက်ပျိုးကြပြီး ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဆောင်းသီးနှံအဖြစ် တစ်ရာသီသာ စိုက်ပျိုးကြကြောင်းလည်း သိရသည်။