အမေရိကန် နှင်းမုန်တိုင်းအတွင်း သေဆုံးသူ ၆၁ ဦး အထိမြင့်တက်

အမေရိကန် နှင်းမုန်တိုင်းအတွင်း သေဆုံးသူ ၆၁ ဦး အထိမြင့်တက်

အမေရိကန်နိုင်ငံတစ်ဝန်း ခရစ္စမတ် ကာလမှစ၍ဖြစ်ပွားနေသော နှင်းမုန်တိုင်း အတွင်း သေဆုံးသူ စုစုပေါင်း ၆၁ ဦးအထိ မြင့်တက်လာပြီဖြစ်ကြောင်း တာဝန်ရှိသူများ က ဒီဇင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်သည်။

နှင်းမုန်တိုင်းတိုက်ခတ်မှုဒဏ်ကို အဆိုးဆုံးခံစားနေရသည်မှာ နယူးယောက်ပြည်နယ် ဘတ်ဖလိုမြို့ဖြစ်ပြီး ပြည်နယ်တစ်ဝန်း သေဆုံးသူ စုစုပေါင်း ၃၉ ဦးအထိရှိလာပြီ ဖြစ်သည်။

အဆိုပါ ၃၉ ဦးအနက် ၁၇ ဦးမှာ အိမ်အပြင်ဘက်တွင် လည်းကောင်း၊ ၁၁ ဦးမှာ အိမ်တွင်း၌ လည်းကောင်း၊ လေးဦးမှာ ကားအတွင်း၌ လည်းကောင်း၊ နောက်ထပ်လေးဦး မှာ နှင်းများကို ဖယ်ရှားရှင်းလင်းစဉ်တွင် လည်းကောင်း၊ သုံးဦးမှာ ကယ်ဆယ်ရေး အဖွဲ့ဝင် များ အချိန်နှင့်တစ်ပြေးညီ အရောက်မသွားနိုင်သည့်နေရာတွင် လည်းကောင်း သေဆုံး သွားကြခြင်းဖြစ်ကြောင်း တာဝန်ရှိသူများ ကပြောသည်။

လက်ရှိတွင် အပူချိန်အနည်းငယ်မြင့်တက် လာပြီဖြစ်သည့်အတွက် နှင်းများအရည်ပျော် သွားပါက ဖြစ်ပေါ်လာနိုင်သည့် ရေလွှမ်းမိုးမှုအန္တရာယ်ကိုလည်း ကြိုတင်မျှော်လင့်ထားရကြောင်း၊ သို့သော် ထင်သလောက်ဆိုးရွား မည်မဟုတ်ကြောင်း နယူးယောက်ပြည်နယ် ရှိ အဲရီးစီရင်စုမှ အုပ်ချုပ်ရေးမှူး မာ့ပိုလွန်ကာ့ ကပြောသည်။

နှင်းမုန်တိုင်းကြောင့် ပုံမှန်ထက်ပိုသည့် အပူချိန်ကျဆင်းမှုနှင့်ရင်ဆိုင်နေရသော ဒေသများတွင် တက္ကဆက်နှင့် ဖလော်ရီဒါ ပြည်နယ်တို့လည်းပါဝင်ပြီး လေကြောင်း ခရီးစဉ်များကို ဖျက်သိမ်းထားရကြောင်း သိရသည်။