လူတိုင်းအတွက် မင်္ဂလာနှစ်သစ်ဖြစ်ပါစေ

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်)

လူတိုင်းအတွက် မင်္ဂလာနှစ်သစ်ဖြစ်ပါစေ

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့သည် ကမ္ဘာလုံးဆိုင်ရာ နှစ်သစ်ကူးပြောင်းသောနေ့ဖြစ်သည်။ မြန်မာနိုင်ငံသည် လည်း ကမ္ဘာ့နိုင်ငံ တစ်နိုင်ငံဖြစ်သည့်အတွက် ၂၀၂၃ ခုနှစ် နှစ်သစ်ကို ကောင်းမွန်စွာ ကြိုဆိုပါသည်။ နှစ်သစ်သို့ ကူးပြောင်း ရောက်ရှိလာသည်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည် ချက်(၉)ရပ်အတိုင်း လုပ်ဆောင်နေမှုများအောင်မြင်ပါစေ။ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဦးတည်ချက်များ အောင်မြင်မှသာ နိုင်ငံတော်ကြီး အေးချမ်းသာယာမည်ဖြစ်သည်။ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စု စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးသည် မြန်မာနိုင်ငံအတွက် မရှိမဖြစ်သော အရာဖြစ်ပေသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုး ပေါင်းစည်းနေထိုင်သော နိုင်ငံဖြစ်ပေရာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ခိုင်မာနေရန် အထူးလိုအပ်သည်။ စည်းလုံးညီညွတ်ခြင်း၊ အေးချမ်းသာယာခြင်းတို့၏ ဆန့်ကျင်ဘက်သည် ပစ်ခတ်တိုက်ခိုက်နေမှုများ ဖြစ်သည်။ ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေသမျှကာလပတ်လုံး တိုင်းပြည် တည်ငြိမ်တိုးတက်ရေးကို အဟန့်အတားဖြစ်နေမည်သာဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် သဘောတူ လက်မှတ်ရေးထိုးကြခြင်း ဖြစ်သည်။ NCA တွင် လက်မှတ်ရေးထိုးရန်ကျန်ရှိသော တိုင်းရင်းသား လက်နက်ကိုင်များအနေဖြင့်လည်း အဆိုပါစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခြင်းဖြင့် မိမိတို့နေထိုင်သော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်ကြရမည် ဖြစ်သည်။

နှစ်ဟောင်းမှာ ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်ဆိုးများ နှစ်ဟောင်းတွင်ကျန်ရစ်ပါစေ။ နှစ်သစ်တွင် မကောင်းသော ဘေးရန်အပေါင်း လွင့်စဉ်ကွယ်ပျောက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး အေးချမ်းသာယာပါစေ။ ဆရာတော်၊ သံဃာတော်များ၏ သာသနာဆိုင်ရာ ဆောင်ရွက်ချက်များ အောင်မြင်ပြီးမြောက်၍ သာသနာတော်ကြီး ထွန်းလင်းတောက်ပနိုင်ပါစေ။ ဘာသာသာသနာကို ပျက်စီးအောင် ဖျက်ဆီးနေသူများ ကျဆုံးပါစေ။ မြန်မာနိုင်ငံ၏ ပိုင်နက် မြေပြင်၊ ရေပြင်၊ ဝေဟင်ကို ကာကွယ်စောင့်ရှောက်လျက်ရှိသော တပ်မတော်ကြီး အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီသည့် တစ်ခုတည်းသော မျိုးချစ်တပ်မတော်ဖြစ်ပါစေ။

ပြည်သူအတွက်ဟုသုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ ပြည်သူများကို ငါနှင့်မတူ ငါ့ရန်သူသတ်မှတ်ကာ အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ လုယက်ဓားပြတိုက်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ လမ်းတံတား၊ တာဝါတိုင်များကို အကြောင်းမဲ့ ဖျက်ဆီးခြင်းများ လုပ်ဆောင်နေသည့် CRPH၊ NUG၊ PDF အမည်ခံ အကြမ်းဖက်အုပ်စုများ ပပျောက်၍ ပြည်သူတို့ဘဝအေးချမ်းပါစေ။

ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုသည့်အတိုင်း အနာဂတ်တွင် နိုင်ငံတော်၏ တာဝန်များကို လက်ဆင့်ကမ်း ထမ်းဆောင်ကြရမည့် ယနေ့လူငယ် မောင်မယ်၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာ၊ အတတ်ပညာကြွယ်ဝ၍ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးသူများ ဖြစ်ကြပါစေ။ နိုင်ငံ့ဝန်ထမ်းများအားလုံး နိုင်ငံ့ဝန်ထမ်းပီသစွာ နိုင်ငံတော် တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်းဖြင့် တိုင်းပြည်သာယာဝပြောရေးကို ဆောင်ရွက်နိုင်ကြပါစေဟူ၍ နှစ်သစ် မှာ ဆုတောင်းမှုပြုအပ်ပါသည်။

နိုင်ငံတော်၏ စားရေရိက္ခာဖူလုံရေး ကြိုးပမ်းဆောင်ရွက်နေကြသော တောင်သူလယ်သမားဦးကြီးများ၏ လုပ်ငန်းများ အောင်မြင်ပါစေ။ အလုပ်သမားများသည်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ပေါများပြီး အများပြည်သူများ အကျိုးသယ်ပိုးနိုင်ကြပါစေ။ နိုင်ငံသူ၊ နိုင်ငံသားများသည်လည်း မိမိတို့ယုံကြည်ကိုးကွယ်ရာ ဘာသာတရား၏ အဆုံးအမအောက်တွင် မိမိကိုယ်ကိုကောင်းစွာ စောင့်ရှောက်နိုင်သူများဖြစ်ကြပါစေ။ လူသားတိုင်းသည်  စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် ဘဝကို ရှင်သန်နေထိုင်လိုကြပါသည်။ လူသားအချင်းချင်း တစ်ဦးအပေါ်တစ်ဦးက ဗြဟ္မစိုရ်တရားထားရှိခြင်းသည် လူမှုပတ်ဝန်းကျင်တည်ငြိမ်ရေးအတွက် အကောင်းဆုံး တရားဖြစ်သည်။ မေတ္တာပို့သခြင်းသည် ဗြဟ္မစိုရ်တရား၏ အခြေခံဖြစ်ပြီး ကောင်းမွန်သော အလုပ်ဖြစ်ပေသည်။ သူ့ကိုကိုယ်ချစ်မှ သူကကိုယ့်ကိုချစ်မည်မှာ လောက၏နိယာမတရားဖြစ်သည်။ မေတ္တာသည် စိမ့်စမ်းရေကဲ့သို့ ကြည်လင် အေးမြလှပါသည်။ ဤကမ္ဘာလောက၌ မေတ္တာတရားများ လွှမ်းမိုးနေမည်ဆိုလျှင်  ကပ်သုံးပါးဟုဆို အပ်သော ငတ်မွတ်ခေါင်းပါးဘေးကြောင့် ပျက်စီးခြင်း၊ လက်နက်ဘေးကြောင့် ပျက်စီးခြင်း၊ ရောဂါဘေးကြောင့် ပျက်စီးခြင်းတို့မှ ကင်းဝေးလွတ်မြောက်မည် ဖြစ်သည်။

၂၀၂၃ ခုနှစ်သည် (၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ဖြစ်သည့်အပြင် တစ်နိုင်ငံလုံးဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းရေး အသီးအပွင့်များကို ခံစားရန် အစပျိုးသောနှစ်တစ်နှစ်ဖြစ်ပါသည်။ ပြည့်အင်အားသည် ပြည်တွင်းမှာ သာရှိသောကြောင့် နိုင်ငံသူ၊ နိုင်ငံသားအားလုံး စည်းလုံးညီညွတ်စွာဖြင့် ရှေ့သို့ချီမည် ပန်းတိုင်ဆီဆိုသည့် ဆောင်ပုဒ် အတိုင်း ပိုမိုကောင်းမွန်သောနိုင်ငံတော်နှင့် လူမှုစီးပွားဘဝတို့ကို တည်ဆောက်နိုင်ကြပါစေကြောင်း ရေးသား လိုက်ရပါသည်။   ။