၂၀၂၃ ခုနှစ် နှစ်သစ်အတွက် စာပေ ဂီတ ရုပ်ရှင် အသင်းအဖွဲ့ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၏ ဆုတောင်း စကားသံများ

၂၀၂၃ ခုနှစ် နှစ်သစ်အတွက် စာပေ ဂီတ ရုပ်ရှင် အသင်းအဖွဲ့ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၏ ဆုတောင်း စကားသံများ

၂၀၂၂ ခုနှစ် အချိန်ကာလကုန်ဆုံးပြီး ၂၀၂၃ ခုနှစ်သို့ ကူးပြောင်းရောက်ရှိပြီဖြစ်ပါသည်။ ၂၀၂၃ ခုနှစ် နှစ်သစ်အတွက် စာပေ၊ ဂီတ၊ ရုပ်ရှင် အသင်းအဖွဲ့ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၏ နှစ်သစ်ဆုတောင်းစကားသံများကို ဖော်ပြ လိုက်ပါသည်။

အကယ်ဒမီ ကြည်စိုးထွန်း

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး(ဥက္ကဋ္ဌ)

၂၀၂၃ ခုနှစ် နှစ်သစ်အခါသမယမှာမြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့  ဆုတောင်း မေတ္တာပို့သပါတယ်။ အဲဒီလိုဆုတောင်းပြည့်ဖို့ရာ ကျွန်တော်တို့အားလုံးက မင်္ဂလာတရားတော်နဲ့အညီ  နေထိုင်ကြဖို့  အရေးကြီးပါတယ်။ မင်္ဂလာတရားတော်ဆိုတော့မင်္ဂလာတရားကလည်း  ၃၈  ဖြာရှိတာဆိုတော့ အများကြီးမတောင်းဆိုပါဘူး။ မင်္ဂလာတရားသုံးပါးလောက်နဲ့ပဲ ကျွန်တော်တို့ ကိုယ့်ဘဝကိုယ်ချမ်းမြေ့အောင်၊    ကိုယ့်တိုင်းပြည်သာယာအောင် ဆောင်ကြဉ်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ မင်္ဂလာတရားသုံးပါးထဲက (၁) လူမိုက်ကို ရှောင်ရမယ်၊ (၂) လူလိမ္မာကိုပေါင်းရမယ်၊ (၃) ရိုသေထိုက်သူကို ရိုသေကိုးကွယ်ရမယ်။ မြန်မာနိုင်ငံတော်ကြီးကို စောင့်ရှောက်နိုင်တဲ့သူတွေဖြစ်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သပေးလိုက်ပါတယ်။

ဦးလွင်မြင့်

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)(ဥက္ကဋ္ဌ)

နှစ်သစ်ကူးပြောင်းတဲ့   အချိန်ကာလမှာ  နိုင်ငံသူ၊ နိုင်ငံသားအားလုံး၊ ကမ္ဘာသူ၊  ကမ္ဘာသားအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပြီး ကောင်းကျိုးလိုရာဆန္ဒတွေ ပြည့်ဝပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ လူသားတွေတစ်ဦးနဲ့တစ်ဦး၊ အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု၊ အသင်းတစ်ခုနဲ့တစ်ခု၊ လူမျိုးတစ်မျိုးနဲ့တစ်မျိုး၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အာဃာတတွေ၊ မာန်မာနတွေ၊ သံသယတွေကင်းရှင်းပြီး ချစ်ခြင်း မေတ္တာရဲ့ အလင်းရောင်အောက်မှာ အားလုံးငြိမ်းချမ်းသာယာကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါ တယ်။

မြင်းမူမောင်နိုင်မိုး

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (ဥက္ကဋ္ဌ)

အခုဆိုရင်၂၀၂၃ ခုနှစ် နှစ်ဦးကာလကိုရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ အခုလိုမင်္ဂလာရှိတဲ့နှစ်ဦးကာလမှာ ထူးခြားမှုအနေနဲ့ စိန်ရတုလွတ်လပ်ရေးနေ့ အခါသမယနဲ့လည်း ကြုံကြိုက်တဲ့ အချိန်ကာလလည်းဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ နိုင်ငံသူ၊ နိုင်ငံသားအားလုံးဟာ အခုလိုနှစ်သစ်ဦးကာလမှာ ကျက်သရေမင်္ဂလာအပေါင်း ခညောင်းပြည့်စုံတဲ့ နှစ်သစ်ဦး ဖြစ်တယ်လို့ ပြောချင်ပါတယ်။ 

 နိုင်ငံသူ၊ နိုင်ငံသားအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ တစ်ဦးကိုတစ်ဦး ချစ်ခင်မြတ်နိုးစွာနဲ့ တိုင်းရင်းသား အားလုံးလည်း ညီညီညွတ်ညွတ်နဲ့ လွတ်လပ်ရေးကို ထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေလို့ ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်။

ဦးရဲထွန်း (ဝိုင်အမ်ဘီအေဥက္ကဋ္ဌ)

၂၀၂၃  ခုနှစ်  ဇန်နဝါရီ  ၁ ရက်မှာ ကျရောက်တဲ့   နှစ်သစ်ကနေစပြီး   မြန်မာနိုင်ငံသူ၊  နိုင်ငံသားအားလုံးနဲ့  ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး ဘေးအန္တရာယ်ခပ်သိမ်း ကင်းဝေးကြပါစေ။ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတွေနဲ့    ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။

တက္ကသိုလ်မြတ်သူ

(အမျိုးသားစာပေတစ်သက်တာဆုရှင်)

၂၀၂၃ နှစ်သစ်မှာ ကျွန်တော်တို့ အကောင်းတွေချည်းပဲ အများဆုံးဖြစ်အောင် ကြိုးစားသွားကြဖို့လိုပါတယ်။ ကျွန်တော်တို့လည်း   နှစ်သစ်တွေမှာ   ဒီလိုပဲဆုတောင်းစကားတွေပြောခဲ့ရ၊ ဆောင်းပါးတွေရေးခဲ့ရ၊ ကဗျာတွေစပ်ခဲ့ ရတာလည်း ကျွန်တော့်တစ်သက်ပါပဲ။  ဒါကြောင့်  အခုကျွန်တော်ရေးခဲ့တဲ့   ကဗျာတွေထဲက နှစ်သစ်ကူးဆုတောင်း အပိုဒ်ကလေးတွေ ဖတ်ပြချင်ပါတယ်။ ဒီရွှေစောင်းသံကဗျာများ ၁၉၉၅ ခုနှစ်ကထုတ်ခဲ့တဲ့ ကဗျာ ၉၅ ပုဒ်နဲ့ ထုတ်ခဲ့တဲ့စာအုပ်ပါပဲ။ အဲဒီမှာ အတုလရာသီဆိုတဲ့ကဗျာကို ကျွန်တော်ရေးခဲ့တာကတော့ ၁၉၅၄ ခုနှစ် ဧပြီလ ဖြစ်ပါတယ်။ မြဝတီမဂ္ဂဇင်းမှာ အဲဒီကဗျာရဲ့နိဂုံးပိုင်းလေးကတော့ ချိုကြည်ပြန့်လှောက် မြိုင်အောက်သွင်းလျင် အတာလှစ်၍ ဟောင်း နှစ်ကြွေကာပြင် နှစ်သစ်သဘင် အောင်မြင်စေကြောင်း   ကျန်းမာချမ်းသာ ဆုမွန်ဖြာအောင် သပြေညာပန်ကာ တောင်းသည်နှင့်လေး။ ဟောင်းနှစ်ကြွေကာ ဝေဖြာကျူးတော့သည်၊ ပေါင်းချစ်ဆွေသဟာ ပဒေသာဖူးရော့သလီ။  မြေကပဒေသာပင်ပေါက်ပါစေလို့  ဆုတောင်းတဲ့အထိပေါ့။  နောက်တစ်ခုကတော့ ၁၉၆၂ ခုနှစ် ဧပြီ ၁၃ ရက်နေ့     ဗိုလ်တထောင်သတင်းစာနေ့စဉ်အထူးထုတ်မှာရေးခဲ့တဲ့ ပိတောက်ရွှေအငုံ လေဟုန်အပင့် ချပ်လွှာပင့်သည် ကြိုင်လွင့်ရနံ့တစ်ကြိုင်ကြိုင် အစရှိ ကဗျာရဲ့ အဆုံးပိုဒ်လေးပါ၊ ဟောင်းသောသနစ် ခါသရာဇ်နှင့်   မွဲညစ်အိုညောင်း   နှစ်ဟောင်းလွန်မြောက် နှစ်သစ်ရောက်သည် ညွန့်ညှောင့်ပရေ စိုပြေပြေ၊ နှစ်အသစ်တွင် စိတ်သစ် ကိုယ်သစ်အတွေးသစ်နှင့် ပြည်သစ်မြို့သစ်နှင့် ကျေးရွာသစ်ကို အားသစ်ပျိုး၍ တည်ပါစို့၊ ဒါကြောင့် နှစ်သစ်မှာ ပြည်ထောင်စုကြီး ထာဝရတည်တံ့ခိုင်မြဲစေမယ့် အခြေခံတွေ ပိုမို၍တည်ဆောက်နိုင်ပါစေ။ အားလုံးသော ပြည်သူများလည်း  ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ကြပါစေ။ လိုရာဆန္ဒတွေပြည့်စုံကြပါစေ။ ဘေးရန်အန္တရာယ် ဟူသမျှကင်း၍ ကပ်ကြီးသုံးပါး ကျော်လွှားနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ပန်းချီစိုးမိုး (ဒါရိုက်တာ)

နှစ်သစ်ရောက်လာတဲ့အခါမှာ စိတ်သစ်လူသစ်ဖြစ်စေချင်တယ်။ ကမ္ဘာကြီးလည်း ငြိမ်းချမ်းစေချင်တယ်။   ကိုယ့် နိုင်ငံလည်း ငြိမ်းချမ်းစေချင်တယ်။ ကျွန်တော်တို့နိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ်။ ဗုဒ္ဓဘာသာလူမျိုးတွေ ဖြစ်တဲ့အတွက် ကျွန်တော်တို့ မေတ္တာဖြန့်ကြည့်ပါ။ နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် မေတ္တာဖြန့်ဝေကြည့်လိုက်ပါ။ ကမ္ဘာကြီးလည်း အေးချမ်းသွားမယ်။ ကိုယ့်နိုင်ငံလည်း အေးချမ်းသွားမယ်။ နှစ်သစ်မှာ လုပ်ငန်းတွေ အဆင်ပြေ ကြပါစေ။ တိုင်းရင်းသားလူမျိုးစုတွေအပါအဝင် အားလုံး ချစ်ခင်ကြည်နူးအေးချမ်းစွာ နေနိုင်ကြပါစေ။  လိုအင်ဆန္ဒ တွေလည်း ပြည့်စုံကြပါစေလို့ ဆုတောင်းပေးပါတယ်။

 အကယ်ဒမီ ရန်အောင်(အနုပညာရှင်)

၂၀၂၃ ခုနှစ် မင်္ဂလာနှစ်သစ်မှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။ စိတ်သစ်၊ လူသစ်၊ အတွေးသစ်တွေနဲ့ အောင်မြင်မှုတွေရရှိပါစေ။ စီးပွားရေးတွေ တိုးတက်ပါစေ။ ကျန်းမာချမ်းသာပြီး လိုရာဆန္ဒတွေပြည့်ဝကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။           

ယဉ်လတ်(အနုပညာရှင်)

နှစ်သစ်အချိန်ကနေစပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပါစေ။ လိုအင်ဆန္ဒတွေ တစ်လုံးတစ်၀ ပြည့်စုံပြီးတော့ ကိုယ်ချစ်ရတဲ့သူတွေ၊ မိသားစုတွေနဲ့အတူတူ ပူပင်မှုတွေမရှိ၊ ဆင်းရဲသောကတွေမရှိဘဲ ပျော်ရွှင် အေးချမ်းပြီး အရာရာအဆင်ပြေကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။

သတင်းအဖွဲ့ (ရန်ကုန်)