ယူကရိန်းပဋိပက္ခတွင် အနောက်နိုင်ငံများက ရန်စမှုများကိုသာ ဆက်လက်လုပ်ဆောင်နေကြောင်း စွပ်စွဲပြောဆို လိုက်သည့် အာဒိုဂန်

ယူကရိန်းပဋိပက္ခတွင် အနောက်နိုင်ငံများက ရန်စမှုများကိုသာ ဆက်လက်လုပ်ဆောင်နေကြောင်း စွပ်စွဲပြောဆို လိုက်သည့် အာဒိုဂန်

တူကီယဲနိုင်ငံသည် ယူကရိန်းပဋိပက္ခတွင် နှစ်ဦးနှစ်ဖက်သဘောတူညီချက် ချမှတ်နိုင်ရေးအတွက်   စေ့စပ်ဆွေးနွေး သည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသော်လည်း အနောက်နိုင်ငံများက ရန်စမှုများကိုသာ ဆက်လက် လုပ်ဆောင် နေကြောင်း   တူကီယဲသမ္မတ ရီဆပ်တေယစ်အာဒိုဂန်က စွပ်စွဲပြောကြားလိုက်သည်။ အနောက်နိုင်ငံကြီးများသည် ရုရှား-ယူကရိန်းပဋိပက္ခတွင် ကြားဝင်စေ့စပ်ပေးသည့် အခန်းကဏ္ဍမှပါဝင်ရန် ပျက်ကွက်လျက်ရှိကြောင်း တူကီယဲနိုင်ငံ အရှေ့ပိုင်းရှိ အာဇူရမ်ပြည်နယ်၌ ကျင်းပသည့် အခမ်းအနားတစ်ခုတွင် အာဒိုဂန်က ပြောကြားခဲ့ခြင်း ဖြစ်သည်။  တူကီယဲနိုင်ငံသည် ၂၀၂၂ ခုနှစ်အတွင်း  ရုရှားနှင့်ယူကရိန်းတို့ကြား ကြားဝင်ဖျန်ဖြေပေးသည့်  အခန်း ကဏ္ဍမှ ပါဝင်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင်လည်း သံတမန်နည်းလမ်းအရ ဆက်လက်ကြိုးပမ်းလုပ်ဆောင်ရန် စီစဉ်လျက် ရှိသည်။

တူကီယဲအစိုးရသည် ယူကရိန်းပဋိပက္ခအစောပိုင်းတွင် မည်သည့်ဘက်မှ လိုက်ပါခြင်းမရှိဘဲ ကြားနေဝါဒကိုသာ ချမှတ်ကျင့်သုံးခဲ့သည်။ ထို့ပြင် ရုရှားအပေါ် ပိတ်ဆို့မှုများချမှတ်မည့် အနောက်နိုင်ငံများ၏ ကြိုးပမ်းမှုတွင်လည်း ပါဝင်ခဲ့ခြင်းမရှိပေ။ တူကီယဲနိုင်ငံသည် ရုရှားနှင့်ဆက်ဆံရေး ကောင်းမွန်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း   ယူကရိန်းနိုင်ငံနှင့် ကာကွယ်ရေးအရ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ 

ထို့ကြောင့် ယူကရိန်းအရေးတွင် ကြားဝင်ဖျန်ဖြေပေးသည့် အခန်းကဏ္ဍမှ တက်ကြွစွာပါဝင်နေခြင်း ဖြစ်သည်။ တူကီယဲအစိုးရ၏ ကြားဝင်စေ့စပ်မှုကြောင့် ရုရှားနှင့်ယူကရိန်းတို့ကြား ကနဦးငြိမ်းချမ်းရေး သဘောတူညီချက် တစ်ရပ်ကို အစ္စတန်ဘူလ်မြို့၌ ယခုနှစ် မတ်လအစောပိုင်းက ချမှတ်နိုင်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် အနောက်နိုင်ငံများ၏ ဖိအားပေးမှုကြောင့် ယူကရိန်းနိုင်ငံက အဆိုပါ သဘောတူညီချက်ကို ငြင်းဆိုခဲ့သည်။

အမေရိကန်ဦးဆောင်သည့် အနောက်နိုင်ငံများသည် ယူကရိန်းပဋိပက္ခတွင် ယူကရိန်းနိုင်ငံအား ထောက်ခံထားပြီး ရုရှားအပေါ် ပိတ်ဆို့မှုများ ချမှတ်လျက်ရှိသည်။ ထို့ကြောင့် ဥရောပရှိ အနောက်နိုင်ငံကြီးများကလည်း အမေရိကန်၏ ဦးဆောင်မှု နောက်သို့လိုက်ပြီး ရုရှားအပေါ် တင်းကျပ်မှုများ ချမှတ်ခဲ့ကြရသည်။ သို့သော်  ဥရောပနိုင်ငံများက  ရုရှားအပေါ် ပိတ်ဆို့မှုများချမှတ်လိုက်ခြင်းသည်   ၎င်းတို့၏ စီးပွားရေးကို အထိနာစေခဲ့သည်။

တစ်ချိန်တည်းမှာပင် အမေရိကန်အစိုးရသည် ရုရှားအပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများမှတစ်ဆင့် စီးပွားရေးအရ အကျိုးအမြတ်များရယူနေသည်ကိုတွေ့ရသည်။ အမေရိကန်သည် ရုရှားအပေါ် ချမှတ်ထားသည့်ပိတ်ဆို့မှုများကို အခွင့်ကောင်းယူ၍ အမေရိကန်မှထွက်ရှိသည့် ရေနံနှင့်ဓာတ်ငွေ့ကို ဥရောပဈေးကွက်သို့ တင်ပို့နေသည်။

ထိုသို့သောအခြေအနေများတွင် အမေရိကန်သည် ရရှိနေသည့်အခွင့်အရေးကို လက်လွှတ်မခံလိုသောကြောင့် ယူကရိန်းနှင့်ရုရှားတို့ကြား သဘောတူညီချက် တစ်ရပ်ချမှတ်နိုင်မည်ကို စိုးရိမ်နေခြင်းလည်း ဖြစ်သည်။ ထို့ပြင် ယူကရိန်းအရေး ပိုမိုဆိုးရွားလာစေရန်အတွက် လှုံ့ဆော်ပေးနိုင်ရန် ကြိုးပမ်းသည့်အနေဖြင့် ယူကရိန်းသို့ စစ်လက်နက် အမြောက်အမြား ဆက်လက် ထောက်ပံ့နေခြင်းဖြစ်သည်ကို ထင်ထင်ရှားရှား တွေ့ရမည်ဖြစ်သည်။ ထိုအချက်ကို   တူကီယဲနိုင်ငံက ထောက်ပြပြောဆိုနေခြင်းဖြစ်သည်။

တူကီယဲအစိုးရ၏ ကြားဝင်ဖျန်ဖြေမှုကို ပြန်လည်လေ့လာမည်ဆိုပါက ရုရှားနှင့်ယူကရိန်းတို့ကြား ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ်ကို အပြီးသတ် လက်မှတ်ရေးထိုးနိုင်စေရန် တူကီယဲအစိုးရ၏ ကမကထပြုမှုဖြင့်   ဆွေးနွေးပွဲတစ်ရပ်ကို  အစ္စတန်ဘူလ်မြို့၌ ယခုနှစ်မတ်လအတွင်းက ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ရုရှားနှင့်ယူကရိန်းနှစ်နိုင်ငံကြား သဘောတူညီချက်တစ်ရပ်ကို  ချမှတ်နိုင်ခဲ့သည်။  သို့သော် နောက်ပိုင်းတွင် ယူကရိန်းအစိုးရက အဆိုပါသဘောတူပြီးသား သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် ငြင်းဆိုခဲ့သည့်အပြင် ဆွေးနွေးပွဲမှ  နုတ်ထွက်သွားခြင်းကြောင့် လက်နက်ကိုင်ပဋိပက္ခကို အဆုံးသတ်နိုင်ရေး ကြိုးပမ်းမှုများမှာ ပျောက်ကွယ်သွားရခြင်း ဖြစ်သည်။

ယူကရိန်းပဋိပက္ခကို အဆုံးသတ်နိုင်ရေးအတွက် တူကီယဲနိုင်ငံက ကြိုးပမ်းလျက်ရှိသကဲ့သို့ ဆော်ဒီအာရေဗျနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့ကလည်း ရုရှားနှင့်ယူကရိန်းတို့ကြား စေ့စပ်ဆွေးနွေးပွဲများကို လက်ခံကျင်းပ ပေးရန် အဆိုပြုထားသည်။

သို့ရာတွင် ယူကရိန်း လက်နက်ကိုင်ပဋိပက္ခကို အဆုံးသတ်နိုင်ရေးသည် ကြားဝင်ဖျန်ဖြေပေးလိုသည့် နိုင်ငံများ အပေါ် အဓိကမကျဘဲ စေ့စပ်ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးမည့်နိုင်ငံများ၊ အထူးသဖြင့် အနောက်နိုင်ငံများ၏ အကူအညီ၊ အထောက်အပံ့ကိုရယူနေရသည့် ယူကရိန်းအစိုးရ၏ ဆုံးဖြတ်ချက်နှင့် လက်နက်ကိုင်ပဋိပက္ခကို ဆက်လက်ဖြစ်ပွားစေရန် အလိုရှိနေသည့် အမေရိကန်အစိုးရ၏ သဘောထားတို့အပေါ်တွင် အဓိကမူတည် လျက်ရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။                               

Ref: RT, Alarabiya