ပိတ်ဆို့မှုဖြင့် ဖိအားပေးရန်ကြိုးပမ်းလာသော အနောက်နိုင်ငံများအား တုံ့ပြန်လိုက်သည့်ရုရှား

ပိတ်ဆို့မှုဖြင့် ဖိအားပေးရန်ကြိုးပမ်းလာသော အနောက်နိုင်ငံများအား တုံ့ပြန်လိုက်သည့်ရုရှား

ရုရှားအစိုးရသည် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် ရေနံဈေးနှုန်း ကန့်သတ်ခဲ့ သော ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့ဝင်နိုင်ငံများသို့  ရေနံရောင်းချမှုပိတ်ပင်တားမြစ်သည့် အမိန့်တစ်ရပ်ကို ဒီဇင်ဘာ ၂၇ ရက်တွင် သမ္မတဗလာဒီမာပူတင်က လက်မှတ်ရေးထိုးလိုက်ပြီဖြစ်သည်။ အဆိုပါအမိန့်အရ ရုရှားနိုင်ငံ အနေဖြင့် နိုင်ငံမှထွက်ရှိသည့် ရေနံစိမ်းနှင့် ရေနံထွက်ပစ္စည်းများကို ဈေးနှုန်းကန့်သတ်ထားသော နိုင်ငံများသို့  ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ တင်ပို့မှု ပိတ်ပင်မည်ဖြစ်သည်။

ရေလမ်းကြောင်းမှတစ်ဆင့် တင်သွင်းလာသည့် ရုရှားနိုင်ငံမှထုတ်လုပ်သော ရေနံဈေးနှုန်းကို တစ်စည်လျှင်  အမေရိကန်ဒေါ်လာ  ၆၀  သတ်မှတ်ရန်  အီးယူနှင့် သြစတြေးလျနိုင်ငံတို့က ဒီဇင်ဘာလအတွင်းက သဘောတူညီ ခဲ့ကြသည်။ ယင်းနိုင်ငံများ၏ အကြောင်းပြချက်မှာ ယူကရိန်း၌ ဆင်နွှဲနေသည့် အထူးစစ်ဆင်ရေးကို လက်တုံ့ ပြန်ခြင်းဖြစ်သည်ဟု ဆိုသည်။

ရုရှားသမ္မတပူတင် လက်မှတ်ရေးထိုးခဲ့သည့် အမိန့်ကြေညာချက်ကို ရုရှားအစိုးရ၏ သတင်းဌာနနှင့် ဝက်ဘ် ဆိုက်များတွင် တရားဝင်ဖော်ပြထားပြီး ရုရှားအစိုးရအနေဖြင့် နိုင်ငံအပေါ် မိတ်ဆွေမဆန်သည့်နိုင်ငံများနှင့် နိုင်ငံတကာဥပဒေနှင့် ဆန့်ကျင်လုပ်ဆောင်နေသည့် အမေရိကန်တို့အား တိုက်ရိုက်တုံ့ပြန်ခြင်းဖြစ်ကြောင်း   ဖော်ပြထားသည်။ သမ္မတပူတင် လက်မှတ်ရေးထိုးလိုက်သည့်     အမိန့်ကြေညာချက်သည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စတင်အသက်ဝင်လာမည်ဖြစ်ပြီး ယင်းနှစ် ဇူလိုင် ၁ ရက်အထိ တားမြစ်ပိတ်ပင်သွားမည်ဖြစ်သည်။

အီးယူအဖွဲ့၏ ရေနံဈေးနှုန်းကန့်သတ်မှုသည် ရုရှားနိုင်ငံ၏ ရေနံမှရရှိနေသည့် ဝင်ငွေအပေါ် ရေတိုအားဖြင့် သက်ရောက်မှုရှိလာနိုင်သည်ဟု ဆိုနိုင်သော်လည်း ရုရှားနိုင်ငံသည် လက်ရှိတွင် ရေနံဈေးကွက်အတွင်း ၎င်းတို့၏ ရေနံကို တစ်စည်လျှင် ၆၄ ဒေါ်လာဖြင့် ရောင်းချလျက်ရှိသည်။ 

တစ်နည်းအားဖြင့်ဆိုရပါမူ အီးယူအဖွဲ့သည် အဖွဲ့ဝင်နိုင်ငံများကြား ရင်ဆိုင်နေရသည့် စွမ်းအင်အခက်အခဲကို ပိုမိုဆိုးရွားအောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ အကြောင်းမှာ ရုရှားအနေဖြင့် နိုင်ငံမှ တင်ပို့ သည့် ရေနံအပေါ် ဈေးနှုန်းသတ်မှတ်၍ ကန့်သတ်ခဲ့သော နိုင်ငံများသို့ ရေနံရောင်းချခြင်းကို ပိတ်ပင်တားမြစ် မည်ဖြစ်သော်လည်း ကမ္ဘာ့ရေနံဈေးကွက်ရှိ ဈေးနှုန်းများအတိုင်း ဝယ်ယူမည့် နိုင်ငံများသို့ စွမ်းအင်များကို ဆက်လက် ရောင်းချမည်ဖြစ်သည်။

အီးယူအဖွဲ့ဝင်နိုင်ငံများသည် လက်ရှိတွင် ရုရှားအပေါ် ပိတ်ဆို့မှုများချမှတ်ထားသော်လည်း စွမ်းအင်ကဏ္ဍတွင်   ရုရှားအပေါ် အမှီသဟဲပြုနေရသည်။ ယူကရိန်းပဋိပက္ခနှင့်စပ်လျဉ်း၍ ရုရှားနှင့်အီးယူတို့ကြား ဆက်ဆံရေးမှာ တင်းမာလျက်ရှိရာ အီးယူအဖွဲ့ဝင်နိုင်ငံတချို့မှာ ယခုအခါအကျိုးဆက်နှင့် ရင်ဆိုင်နေရပြီဖြစ်သည်။

အီးယူမှ အဖွဲ့ဝင်နိုင်ငံတချို့သည် ယခုအခါ ၎င်းတို့လိုအပ်သည့် ရေနံပမာဏကို ဝယ်ယူနိုင်ရေးအတွက် ဈေးကွက် ရှာဖွေနေရပြီး မြင့်တက်လာသည့် ရေနံဈေးနှုန်းကြောင့် အခက်အခဲနှင့် တွေ့ကြုံနေရပြီဖြစ်သည်။ ယင်းနိုင်ငံများ အနေဖြင့် အမေရိကန်မှ  တင်သွင်းနိုင်သော်လည်း အခြေအနေမှာ  ထင်သလောက်  လွယ်ကူခြင်းမရှိပေ။ ထို့ပြင် အီးယူအဖွဲ့အနေဖြင့် ရုရှားနိုင်ငံမှ တခြားစွမ်းအင်ထုတ်ကုန်များ တင်သွင်းခြင်းကိုလည်း လျှော့ချမည်ဖြစ်သော ကြောင့်  အဖွဲ့ဝင်နိုင်ငံများ၏  စွမ်းအင်လိုအပ်ချက်မှာ ပိုမိုဆိုးရွားလာမည့်အလား အလာရှိသည်။

လက်ရှိတွင်   အီးယူအဖွဲ့ဝင်နိုင်ငံများသည် ရုရှားနိုင်ငံမှထုတ်လုပ်သည့် စွမ်းအင်ပို့ကုန်များအနက် ထက်ဝက်ခန့်ကို  ဝယ်ယူတင်သွင်းနေရသည်။  

ထို့ကြောင့် သမ္မတပူတင်သည် ယူကရိန်းအထူးစစ်ဆင်ရေးမစတင်မီ အင်အားကြီး တရုတ်နိုင်ငံနှင့် စီးပွားရေးအရ ဆက်ဆံရေးကို အခိုင်အမာ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် မော်ရိုကိုနှင့် တူနီးရှားတို့ကလည်း ၎င်းတို့ လိုအပ်သည့် စွမ်းအင်ထုတ်ကုန်များကို ရုရှားနိုင်ငံမှ ပိုမိုဝယ်ယူတင်သွင်းနိုင်ရေး ကြိုးပမ်းလာဖွယ်ရှိသည်။

အချုပ်အားဖြင့်ဆိုရပါမူ အီးယူအဖွဲ့ဝင်နိုင်ငံများသည် ယူကရိန်းအရေးတွင် ပါဝင်နေသည့် ရုရှားနိုင်ငံ၏ ရေနံမှ ရရှိသော ဝင်ငွေကိုလျှော့ချနိုင်ရေးအတွက် ရုရှားမှ တင်သွင်းလာသည့် ရေနံဈေးနှုန်းကို ကန့်သတ်ခဲ့ခြင်း ဖြစ်သည်။

သို့သော်  အခြေအနေမှာ  ၎င်းတို့ ထင်မှတ်ထားသကဲ့သို့ဖြစ်မလာဘဲ  ပြောင်းပြန် အကျိုးသက်ရောက်စေခဲ့သည်ဟု  ဆိုနိုင်သည်။ ထို့ပြင် ယခု သမ္မတပူတင် လက်မှတ်ရေးထိုးလိုက်သည့် အမိန့်ကြေညာချက်သည် ရုရှားအား ပိတ်ဆို့မှု ချမှတ်ခြင်း အားဖြင့်  ဖိအားပေးရန်  ကြိုးပမ်းလာသည့် အီးယူအဖွဲ့ဝင်နိုင်ငံများအား တိုက်ရိုက် တုံ့ပြန်လိုက်ခြင်း ဖြစ်သည့်အပြင် ယင်းနိုင်ငံများ၏ စွမ်းအင်လိုအပ်ချက်ကိုပါ ပိုမိုဆိုးရွားလာစေနိုင်ကြောင်း ရေးသား တင်ပြလိုက် ရပါသည်။             

Ref: RT, Bloomberg