ရှေ့သို့ချီမည် ပန်းတိုင်ဆီသို့

ရှေ့သို့ချီမည် ပန်းတိုင်ဆီသို့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံအကျိုး၊ တိုင်းရင်းသားပြည်သူလူထုအကျိုးကိုရှေးရှုပြီး ရှေ့သို့ချီမည်၊ ပန်းတိုင်ဆီ (Keep Moving Forward to Achieve Our Goal) ဆောင်ပုဒ်အတိုင်း ပိုမိုကောင်းမွန်သောနိုင်ငံတော်နှင့်လူမှုစီးပွားဘဝတည်ဆောက်လျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်လျက်ရှိရာတွင် နိုင်ငံသားအားလုံးက နိုင်ငံချစ်စိတ်ဖြင့် လိုက်ပါလုပ်ဆောင်ကြမှသာ ရည်မှန်းချက်ကို အောင်မြင်ပေါက်မြောက်မည်ဖြစ်သည်။  လူသားတို့ဘဝတွင် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟူ၍ရှိသလို နိုင်ငံတစ်နိုင်ငံ၏ ဖြစ်တည်မှုတွင်လည်း ကာလသုံးပါးရှိသည်။

အတိတ်တွင်ဖြစ်ပေါ်ခဲ့သော အဆိုးအကောင်း၊ အကျိုးအကြောင်းဖြစ်ရပ်တို့မှာ ပစ္စုပ္ပန်ကာလတွင် သင်ခန်းစာယူဖွယ်မျှသာဖြစ်သည်။  ပစ္စုပ္ပန်သည် နိုင်ငံတစ်နိုင်ငံအတွက် တိုးတက်အောင် လုပ်ဆောင်ရမည့် ကာလဖြစ်သည်။  အနာဂတ်တွင် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအဖြစ်မှ ဖွံ့ဖြိုးပြီးနိုင်ငံအဖြစ်သို့ ရောက်ရှိစေရမည်။   ပြည်သူတို့၏ လူမှုစီးပွားဘဝများ တိုးတက်ဖွံ့ဖြိုးကာ နိုင်ငံသားတိုင်းကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် မိမိတို့၏ သက်ဆိုင်ရာဘာသာတရားများအလိုက် အေးချမ်းပျော်ရွှင်စွာနေနိုင်ကြရမည်။ ထိုသို့နေထိုင်နိုင်ရေးဆောင်ရွက်ချက်မှာ ပစ္စုပ္ပန်ကာလတွင် လုပ်ဆောင်ကြရမည့်တာဝန်များဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရသည် ပစ္စုပ္ပန်ကာလမှ အနာဂတ်အတွက်မျှော်မှန်းလျက်  မျိုးဆက်သစ်တို့အတွက် အမွေကောင်းများ ပေးအပ်ရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိသည်။  မငြိမ်းချမ်းသော ဒေသများငြိမ်းချမ်းစေရမည်။  ငြိမ်းချမ်းမှုရှိသည်နှင့်အမျှ ဖွံ့ဖြိုးတိုးတက်စေရမည်။  တစ်နိုင်ငံလုံးအကြား အလပ်မရှိ ဖွံ့ဖြိုးတိုးတက်စေရမည်။  တိုင်းရင်းသားအချင်းချင်း လက်နက်စွဲကိုင်တိုက်ခိုက်နေကြသည့်အတွက် လွတ်လပ်ရေးရသည်မှာ (၇၅)နှစ်ပြည့်မြောက်သော်လည်း နိုင်ငံတော်ဖွံ့ဖြိုးမှုအားနည်းနေခြင်းကိုမလိုလားပေ။  တိုင်းရင်းသားအချင်းချင်း မတူညီတာတူအောင်ညှိကြမည်။  ခွင့်တူညီမျှရှိစေရမည်ဖြစ်သည်။

တိုင်းပြည်ကောင်းကျိုး၊ ဒေသကောင်းကျိုးအတွက် အစွမ်းကုန်ညှိနှိုင်းဆောင်ရွက်ကြရမည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါအတိုင်း အလေးထားလုပ်ဆောင်ပေး လျက်ရှိသည်။  စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီကို တရားမျှတမှု အပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးကြိုးပမ်းမှုကို လက်တွေ့ အကောင်အထည်ဖော်ပေးနေခြင်း ဖြစ်သည်။  ခိုင်မာသောပြည်ထောင်စုတစ်ရပ်ကို ဦးတည်လုပ်ဆောင်နေ ခြင်းမှာ အနာဂတ်ကိုကောင်းစွာပုံဖော်ပေးနေခြင်းဖြစ်သည်။

နိုင်ငံတော်ကို တည်ဆောက်လျက်ရှိရာတွင် စီးပွားရေးမောင်းနှင်အားသည်လည်း  မရှိမဖြစ်လိုအပ်လှသည်။  စီးပွားရေး ဦးတည်ချက်များ ချမှတ်ကာ ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင်ဖော်ဆောင်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် အောင်တည်ဆောက်နေသကဲ့သို့ ပြည်တွင်းစီးပွားရေး လုပ်ငန်းများကိုလည်း အားပေးကူညီလျက်ရှိသည်။ 

ပြည်တွင်းထုတ်ကုန်များစွာ အရည်အသွေးမီမီထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့နိုင်သည်နှင့်အမျှ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာမည်ဖြစ်သည်။

နိုင်ငံ့စီးပွားကောင်းမွန်မှသာလျှင် တိုင်းသူပြည်သားများ၏ အလုပ်အကိုင်ဝင်ငွေများကောင်းမွန် လာမည်ဖြစ်သည်။ ထို့အတူ နိုင်ငံတော်သည်လည်း တိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်သည်။  စီးပွားရေးမောင်းနှင် အားကောင်းမွန် လာပါက   နိုင်ငံရေးမောင်းနှင်အားနှင့် ကာကွယ်ရေးမောင်းနှင်အားတို့သည်လည်း ကောင်းမွန်လာမည် ဖြစ်သည်။  နိုင်ငံတစ်နိုင်ငံအတွက်အဓိကကျလှသည့် မောင်းနှင်အားသုံးရပ် တိုးတက်မြင့်မားနေပါက မည်သို့သောပြည်ပအနှောင့်အယှက်များ ကြုံလာသည်ဖြစ်စေ အောင်မြင်စွာ ကျော်ဖြတ်နိုင်မည်ဖြစ်သည်။  အတိတ်ကာလကိုပြန်လည်ငဲ့စောင်းကြည့်လိုက်လျှင်လည်း စီးပွားရေး ပိတ်ဆို့မှုများကြားက ပြည်သူ လူထုတစ်ရပ်လုံး၏ဆန္ဒဖြစ်သည့် စစ်မှန်၍စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တည်ဆောက်ပေးနိုင်ခဲ့ကြောင်း တွေ့ရမည်ဖြစ်သည်။

ယနေ့အချိန်အခါတွင်လည်း  မြန်မာနိုင်ငံသည်စိန်ခေါ်မှုများကြား၌ ရပ်တန့်နေခြင်းမရှိဘဲ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့တွင် ကဏ္ဍစုံတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိပါသည်။  မြန်မာနိုင်ငံ အတွင်းမှီတင်း နေထိုင်ကြသူအပေါင်းတို့က ငါတို့အားလုံးသည် မြန်မာဖြစ်သည်၊ ငါတို့နိုင်ငံကို ငါတို့ချစ်ကြသည်၊ ငါတို့ချစ်သည့်နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရမည် ဟူသောစိတ်ထားဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး စသည်ဖြင့်ကျရာတာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရမည်ဖြစ်သည်။

အဓိကမှာ မိမိတို့နိုင်ငံသူ၊ နိုင်ငံသားအားလုံးသည် ရှေ့သို့ချီမည်ပန်းတိုင်ဆီဟူသည့် စိတ်ခွန်အားဖြင့် စည်းလုံးညီညွတ်မှု ရှိနေရမည်သာဖြစ်သည်။  နိုင်ငံသားတိုင်းသည် စည်းလုံးညီညွတ်ခြင်းနှင့်အတူ  မွန်မြတ်သည့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် နိုင်ငံသူ၊ နိုင်ငံသားအားလုံးက နိုင်ငံတော်အစိုးရနှင့်အတူ ညီညီညွတ်ညွတ် လက်တွဲပူးပေါင်း ချီတက်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။