နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြသူများ၏ စကားသံများ

နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြသူများ၏ စကားသံများ

တိုင်းပြည်လွတ်လပ်ရေးအတွက် အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် အသက်ခန္ဓာပေးဆပ်ခဲ့ကြသူများ၊ လွတ်လပ်ရေးရရှိပြီး(၇၅)နှစ်တာ ကာလအတွင်း နိုင်ငံတော်နှင့်နိုင်ငံသားများ ကောင်းကျိုးကို ထူးချွန် ပြောင်မြောက်စွာ တာဝန်ထမ်းဆောင်ခဲ့ကြသော ပုဂ္ဂိုလ်များကို (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အမိန့်ကြော်ငြာစာထုတ်ပြန်၍ ဂုဏ်ထူးဆောင် ဘွဲ့ရရှိသူများကို ယနေ့နံနက်ပိုင်းတွင်  ဂုဏ်ပြုချီးမြှင့်အပ်နှင်းခဲ့ရာ အဆိုပါအခမ်းအနား၌ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြသူများ၏ စကားသံများကို ဖော်ပြလိုက်ရပါသည်။

ဗိုလ်မှူးစိုးသူရ (သီဟသူရဘွဲ့)

ကုန်းသာ-ဟူးမန်း-ပန်းအလောက်ဒေသမှာဖြစ်ပွားခဲ့တဲ့စစ်ဆင်ရေးမှာ   ရန်သူအခြေပြုစခန်းချရာနေရာအား  ဟန်ချက်ညီညီဖြင့် ဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် ပြန်လည်ဆုတ်ခွာတဲ့အချိန်မှာလည်း   ရန်သူ့လက်နက်များနှင့်အတူ   တိုက်ပွဲဝင်လက်အောက်ငယ်သားစစ်သည်များကို အကျအဆုံးနည်းစွာနဲ့ ရည်မှန်းချက်နေရာကို ရောက်ရှိအောင်   ပြန်လည်စုဖွဲ့နိုင်ခဲ့ပါတယ်။

နိုင်ငံတော်နဲ့   နိုင်ငံသားများအတွက်ဆိုရင်  ကျရောက်လာမယ့်  မည်သည့်အန္တရာယ်မဆို အသက်ခန္ဒ္ဓာ ပေးအပ်ပြီး တာဝန်ထမ်းဆောင်ကြသူတွေပါ။ မျှော်လင့်ချက်၊ မျှော်မှန်းချက်တွေနဲ့ အလုပ်လုပ်နေကြတာ မဟုတ်ပါဘူး။ ဒီလိုရရှိလာတော့လည်း အရမ်းကို ဂုဏ်ယူဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။ အထက်အကြီးအကဲတွေကိုလည်း ကျေးဇူးတင်မိပါတယ်။ တပ်မတော်မှာက လုပ်ဆောင်မှုတိုင်းမှာ အထက်အကြီးအကဲတွေက အမြဲတမ်းအသိအမှတ်ပြုတယ် ဆိုတာ ကျွန်တော့်ကိုယ်တွေ့ပါ။ နောက်ကိုလည်း ဒါ့ထက်မက စွမ်းစွမ်းတမံအင်ပြည့်အားပြည့်ဖြင့် တာဝန်ထမ်းဆောင်သွားမှာပါ။

ဗိုလ်ကြီးထက်မြတ်အောင် (သူရဘွဲ့)

ကုန်းသာ-ဟူးမန်း-ပန်းအလောက်ဒေသမှာ ဖြစ်ပွားခဲ့သည့်စစ်ဆင်ရေးမှာ ရန်သူရဲ့ လက်နက်တိုက်ရှိတယ်ဆိုပြီး သတင်းရလို့ အဲဒီနေရာကိုစစ်ဆင်ရေးလုပ်တဲ့အချိန်မှာ ရန်သူရဲ့လက်နက်ကုန်းကို ရလိုက်ပါတယ်။

ရန်သူကပြန်လည်ပြီး အင်အားအလုံးအရင်းနဲ့  ပစ်ခတ်တိုက်ခိုက်တဲ့အခါမှာလည်း ခံစစ်ကို ကောင်းကောင်းမွန်မွန် ပြုပြင်ပြီး ပြန်လည်ခုခံ တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနေရာကနေပြန်လည်ဆုတ်ခွာတဲ့ အချိန်မှာလည်း ရန်သူများ ဝိုင်းဝန်းပစ်ခတ်နေတဲ့ကြားက ကျွန်တော်တို့စစ်သည်အင်အား ထိခိုက်ကျဆုံးမှု အနည်းဆုံးနဲ့ ရန်သူ့ဆီမှရရှိတဲ့ လက်နက်ခဲယမ်းများကို ပါအောင်သယ်ပြီး အောင်မြင်အောင်  ဆုတ်ခွာခဲ့ပါတယ်။ ကျွန်တော်တို့ကို ပစ်ကူဖို့စစ်ကူလိုက်လာတဲ့ စစ်ကြောင်းများနဲ့  ဆုံသည်အထိ အောင်မြင်စွာ ဆုတ်ခွာနိုင်တဲ့အတွက် ဒီဘွဲ့ကိုရရှိခဲ့တာဖြစ်ပါတယ်။  ဒီလိုအောင်မြင်မှုကို ရရှိခဲ့တဲ့အတွက် နိုင်ငံတော်ကယခုလို ထိုက်ထိုက်တန်တန် ဂုဏ်ပြုတဲ့အခါ ဝမ်းသာဂုဏ်ယူမိပါတယ်။

ဒေါက်တာယဉ်ယဉ်နွယ်

(ဝဏ္ဏကျော်ထင်ဘွဲ့)

ဒီနေ့မှာ ကျွန်မကိုနိုင်ငံတော်ကချီးမြှင့်တဲ့ဘွဲ့ကတော့   ဝဏ္ဏကျော်ထင်ဘွဲ့ဖြစ်ပါတယ်။ နိုင်ငံအတွက် အလုပ်လုပ်ခဲ့တာ၊ နိုင်ငံအတွက် နိုင်ငံ့ဂုဏ်ဆောင်တဲ့ဝန်ထမ်း ကုလသမဂ္ဂဝန်ထမ်းအနေနဲ့ရော အစိုးရဝန်ထမ်း အနေနဲ့ရော  နှစ်ရှည်လများ အလုပ်လုပ်ခဲ့တဲ့အပြင် ပေါ်လစီတော်တော်များများကို ကျွန်မပါဝင် လုပ်ဆောင် ပေးနိုင်ခဲ့တဲ့အတွက်  ကျွန်မယခုလိုဆုရရှိတာ ဖြစ်ပါတယ်။ ယခုလိုဆုရရှိတဲ့အတွက်လည်း ကျွန်မဝမ်းသာ ကြည်နူးပါတယ်။

ဒုတိယတပ်ကြပ်မျိုးမောင်မောင်

(သူရဘွဲ့)

ကုန်းသာ-ဟူးမန်း-ပန်းအလောက်ဒေသမှာဖြစ်ပွားခဲ့တဲ့စစ်ဆင်ရေးမှာ ရန်သူရဲ့ လက်နက်တွေ၊ ခဲယမ်းတွေကို သယ်ဆောင်လာနိုင်ခဲ့ပြီး အောင်မြင်စွာဆုတ်ခွာခဲ့တဲ့ အတွက် ယခုလိုသူရဆုရခဲ့ပါတယ်။ ယခုတိုက်ပွဲက ကျွန်တော့်အတွက်တော့ ပထမဆုံးအတွေ့အကြုံပဲဖြစ်ပါတယ်။   ရန်သူ့လက်နက်တွေရှိတဲ့နေရာကို  သိမ်းပြီးပြန်လည်ဆုတ်ခွာတဲ့အချိန်မှာလည်း ရန်သူရဲ့လက်နက်များကို အများဆုံး သယ်နိုင်ခဲ့တယ်။ ကိုယ်နဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်ရဲဘက်များကိုလည်း ကျွန်တော်အတတ်နိုင်ဆုံးဘေးမဖြစ်အောင်ကာကွယ်ပေးခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အထိအခိုက်ကင်းစွာနဲ့   အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါတယ်။ ယခုလို နိုင်ငံတော်က ဆုချီးမြှင့်ခံရတာ ကျွန်တော့်ဘဝမှာ  ပထမဆုံးဖြစ်လို့   ကျွန်တော်ဝမ်းသာဂုဏ်ယူမိပါတယ်။ 

တပ်ကြပ်ဝေလင်းအောင်(သူရဘွဲ့)

ဗိုလ်မှူးစိုးသူရဦးစီးပြီး ကုန်းသာ-ဟူးမန်း-ပန်းအလောက်ဒေသမှာဖြစ်ပွားခဲ့တဲ့စစ်ဆင်ရေးမှာ   စစ်ဆင်ရေး တာဝန်ထမ်းဆောင်ရင်း ယခုလို သူရဘွဲ့ရရှိခဲ့တာပါ၊  ယခုစစ်ဆင်ရေးတာဝန်မှာ ဆိုရင်လည်း တပ်ခွဲမှူးဦးစီးပြီး  စစ်သည်အားလုံးမှအထက်ကပေးအပ်တဲ့ တာဝန်ကိုဟန်ချက်ညီညီဖြင့် ဝင်ရောက်ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တဲ့အတွက် အခုလိုအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် တပ်မတော်သားတိုင်းမှာ တိုင်းပြည်နဲ့လူမျိုးအတွက်ဆိုရင် ဘယ်လိုအတားအဆီးတွေ ကျရောက်ပါစေ အသက်ကိုပဓာနမထားဘဲ စွန့်လွှတ်စွန့်စားတဲ့ စိတ်ဓာတ်ဖြင့် ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်

ကြသူတွေပါ။    အသိအမှတ်ပြုပေးတဲ့အတွက် အထက်အကြီးအကဲများကိုလည်း ကျေးဇူးတင်ပါတယ်။  နိုင်ငံတော်နဲ့ နိုင်ငံသားများ အတွက်ဆိုရင်     တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သွားမှာပါလို့ ပြောချင်ပါတယ်။    

ကျော်လွင်၊ ပြည့်စုံအောင်