ဒီနှစ်အစောပိုင်းမှာပျံသန်းတော့မယ့် ကမ္ဘာ့ပထမဆုံးကုန်တင်ဒရုန်းလေကြောင်းလိုင်း

ဒီနှစ်အစောပိုင်းမှာပျံသန်းတော့မယ့် ကမ္ဘာ့ပထမဆုံးကုန်တင်ဒရုန်းလေကြောင်းလိုင်း

သူ့ကိုပေးထားတဲ့နာမည်က Black Swan။  တစ်နည်းအားဖြင့် ငန်းမဲပေါ့။ သူကတော့ ဥရောပသမဂ္ဂအတွင်း ကုန်တင်လေယာဉ်အဖြစ်အသုံးပြုဖို့ ခွင့်ပြုမိန့်ရရှိထားတဲ့  မောင်းသူမဲ့လေယာဉ်(ဒရုန်း)တစ်စင်းပဲဖြစ်ပါတယ်။ အခုသူ့ကို  ဒီနှစ်အစောပိုင်းမှာ ပျံသန်းမှုကိုစတင်လုပ်ဆောင်တော့မှာပါ။

ဒီလိုစိတ်ကူးမျိုးကိုရရှိသူနှစ်ဦးကတော့ လေယာဉ်ပျံတီထွင်သူ ရိုက်ညီနောင်ကဲ့သို့ ညီအစ်ကိုနှစ်ဦးဖြစ်ပြီး ဒရိုနားမစ်ကုမ္ပဏီ ကိုတည်ထောင်ထားတဲ့ ဘူဂေးရီးယားနိုင်ငံမှ ကွန်စတာတင်နဲ့ဗီလန်ရန်ဂျီလော့တို့ပါပဲ။

ကျွန်တော်တို့ရဲ့ ကုန်တင်ဒရုန်းက အမေရိကတိုက်တစ်ခုလုံးမှသည် ကာရစ် ဘီယံပင်လယ်၊ တောင်တရုတ်ပင်လယ်နဲ့ ဥရောပဒေသတစ်ခုလုံးကိုဖြတ်သန်းသွား လာနိုင်ပါတယ်လို့ ရန်ဂျီလော့ကဆိုပါ တယ်။

ကွန်စတာတင်နဲ့ ဗီလန်ရန်ဂျီလော့တို့ ညီနောင်နှစ်ဦးဟာ အမေဇုန်ကုမ္ပဏီက သူတို့ရဲ့ကုန်ပစ္စည်းတွေကို ဒရုန်းတွေအသုံးပြုပြီး အိမ်တိုင်ရာရောက်ပေးပို့တဲ့ ၂၀၁၃ ခုနှစ်ကတည်းကစလို့ ကုန်တင်ဒရုန်းအတွက် သုတေသနပြုလေ့လာမှုတွေကို  စတင်လုပ်ဆောင်ခဲ့တာပါ။

သူတို့   ညီအစ်ကိုနှစ်ဦးထင်တာက ဖောက်သည်တစ်ဦးစီတိုင်းဆီကို သက်ဆိုင်ရာကုန်ပစ္စည်းတွေ  ပို့ဆောင်ဖို့အတွက် အကောင်းဆုံးနည်းလမ်း ရှိမယ်ပေါ့။

ဒါပေမဲ့ အမေဇုန်လိုမျိုးကုန်ပစ္စည်းတွေကို အိမ်တိုင်ရာရောက်ပို့ဆောင်ဖို့အတွက် အသေးစားဒရုန်းတွေကို အသုံးပြုရာမှာ တွေ့ကြုံရတဲ့ စိန်ခေါ်မှုများက  သူတို့ရဲ့ တွေးထင်ယူဆမှုကို ဟန့်တားလိုက်ပါတယ်။

သာမန်အားဖြင့်ဆိုရင် ဘူဂေးရီးယားမှာ ကုန်ပစ္စည်းတွေပို့ဆောင်တဲ့ နည်းလမ်းက ပထမဆုံး ကုန်ပစ္စည်းတွေက ဆိုဖီယာမြို့ကိုရောက်တယ်။ ပြီးရင် ထရပ်ကားကြီးတွေပေါ်တင်တယ်။

အဲဒီကနေမှ မိုင်ပေါင်းများစွာဝေးကွာတဲ့ နေရာတွေဆီကို ထရပ်ကားကြီးတွေက သွားရောက်ပြီး အိမ်တိုင်ရာရောက် လိုက်လံ ပို့ဆောင်ပေးမယ့် အသေးစားကုန်တင်ကားတွေအပေါ်ကို ကုန်ပစ္စည်းတွေ တင်တယ်။

ပြီးတဲ့အခါမှ တစ်အိမ်တက်ဆင်းလိုက်လံပို့ဆောင်တယ်။

တကယ်တော့ ကုန်ပစ္စည်းတွေကို ဒီလိုမျိုးနည်းနဲ့ ပို့ဆောင်ရခြင်းက ကုန်ကျစရိတ် အလွန်များတဲ့ လုပ်ငန်းဖြစ်တယ်လို့ ဗီလန် ရန်ဂျီလော့က သတ်မှတ်ထားပါတယ်။

ဒီအတွက် ကျွန်တော်တို့က နောက်ဆုံး ကုန်ပို့ယာဉ်ပေါ်မှာ  ကုန်ပစ္စည်းတွေဆံ့ လောက်မယ့် ယာဉ်အရွယ်အစားကို  တိုင်းတာလိုက်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုအတွက် လိုအပ်တဲ့အဆင့်ကို လျှော့ချလိုက်တာပါပဲလို့ ဗီလန်ရန်ဂျီလော့ ကပြောပါတယ်။

ဥရောပဒေသတစ်ဝန်းမှာ ခန့်မှန်းခြေအားဖြင့် လေယာဉ်ကွင်းစုစုပေါင်း ၃၀၀၀ လောက်ရှိပါတယ်။ အဲဒီလေယာဉ်ကွင်းတွေက  သာမန်ပို့ဆောင်ရေးဗင်ကားတစ်စီးရဲ့ထက်ဝက်လောက်သာ အရွယ်အစားရှိတဲ့ ကုန်တင်ဒရုန်းများအတွက်  အထောက်အပံ့ကောင်းဖြစ်ပါတယ်။

ဘယ်လိုအထောက်အပံ့ကောင်းလဲဆိုတော့ ကုန်ပစ္စည်းတွေကို လျင်မြန်ပြီး ဈေးသက်သက်သာသာနဲ့  ပို့ဆောင်ပေးနိုင်စေပါတယ်။ ဒါ့အပြင် ကုန်ပစ္စည်းတွေကို    နေ့ချင်းအရောက် ပို့ဆောင်ပေးနိုင်စေဦးမှာပါ။

ဘာကြောင့် ကုန်ပစ္စည်းတွေကို နေ့ချင်း အရောက်ပို့ဆောင်ပေးနိုင်စေတာလဲဆိုရင် လေယာဉ်ကွင်းအများစုက သာမန်သယ်ယူပို့ဆောင်ရေးဌာနများနဲ့ နှိုင်းယှဉ်ရင် ဖောက်သည်တွေရဲ့ နေအိမ်အနီးမှာတည်ရှိတာ ကြောင့်ဖြစ်ပါတယ်။

ဒါ့အပြင် ဒရိုနားမစ်ကုမ္ပဏီကဖန်တီးထားတဲ့ ကုန်တင်ဒရုန်းရဲ့ဒီဇိုင်းက တခြားသောကုမ္ပဏီများရဲ့ ဒရုန်းများနဲ့မတူပါဘူး။ ဒါနဲ့ပတ်သက်ပြီး  ဒရိုနားမစ်ကုမ္ပဏီက ပြောထားတာက ကုန်စည်ပို့ဆောင်ရေး ဒရုန်းအများစုက နောက်ဆုံးပို့ဆောင်မှု ပြဿနာကိုဖြေရှင်းဖို့ အတွက်သာ ရည်ရွယ်ထားတာပါ။ တစ်နည်းပြောရရင် စက်ဘီးစီးပို့ဆောင်သူတွေပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ဒရုန်းတွေကကျတော့  နိုင်ငံဖြတ်ကျော်သွားလာနိုင်တဲ့  ကုန်တင်ကားများကဲ့သို့ဖြစ်ပါတယ်။

ကုန်ကျစရိတ်အနေနဲ့ဆိုရင်လည်း တခြားကုန်တင်လေယာဉ်တွေနဲ့ နှိုင်းယှဉ်ပါက ၅၀ ရာခိုင်နှုန်းအထိ   လျှော့ချနိုင်ဦးမှာဖြစ်တယ်လို့ ဒရိုနားမစ်ကုမ္ပဏီက အခိုင်အမာပြောထားပါသေးတယ်။ အဓိကကတော့ ကာဗွန်ဖိုက်ဘာနဲ့တည်ဆောက်ထားတဲ့ ကိုယ်ထည်ကြောင့်  အခုလိုမျိုးစွမ်းဆောင်ရည်ကိုရရှိတာပါ။

သူ့ရဲ့ပျံသန်းမှုစွမ်းရည်ကိုပြောရမယ်ဆိုရင်တော့ တစ်ကြိမ်ပျံသန်းမယ်ဆိုရင် မိုင်ပေါင်း ၁၅၅၀ အထိပျံသန်းနိုင်ပါတယ်။ အမြင့်ပေ ၂၀၀၀၀ ကနေပေါ့။ အဓိကကျတဲ့ ကုန်ပစ္စည်း သယ်ဆောင်နိုင်မှုကတော့ ပေါင် ၇၇၀ အထိရှိပါတယ်။ ငန်းမဲဒရုန်းမှာတပ်ဆင်ထားတဲ့အင်ဂျင်ကို BRP-Rotax ကုမ္ပဏီက ထုတ်လုပ်ပေးထားတာပါ။

ဒရိုနားမစ်ကုမ္ပဏီက ငန်းမဲတွေကို ပင်လယ်သမုဒ္ဒရာ ဖြတ်ကျော်နိုင်သော၊ မြေထဲပင်လယ်ဒေသမှာ ဆင်းသက်နိုင်သော  ပထမဆုံးကုန်တင်ဒရုန်းလေကြောင်းလိုင်းအဖြစ်အသုံးပြုဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။

ငန်းမဲဒရုန်းတစ်စင်းက တခြားဒရုန်းတွေ နဲ့ယှဉ်ရင် သူ့ရဲ့သယ်ဆောင်နိုင်စွမ်းကြောင့် ဝေးလံခေါင်ဖျား ဒေသတွေကို သွားရောက်နိုင်တယ်။ လမ်းကြောင်းတိုပြေးလမ်းတွေပေါ်မှာ ဆင်းသက်နိုင်တယ်လို့ ဒရိုနားမစ်ကုမ္ပဏီက အတည်ပြုထားပါတယ်။

ငန်းမဲက အင်ဂျင်တပ်ဒရုန်းဖြစ်တဲ့အတွက် သာမန်လေယာဉ်ဆီတွေကိုသာအသုံးပြု လိမ့်မယ်လို့ထင်ရင်တော့  မှားသွားပါလိမ့် မယ်။ သူ့မှာအသုံးပြုထားတဲ့လောင်စာဆီက ရေရှည်မှာ    ပတ်ဝန်းကျင်ကိုထိခိုက်မှု နည်းပါးစေတဲ့လောင်စာဆီ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ကျွန်တော်တို့က အမြန်ဆုံးနဲ့ပတ်ဝန်းကျင်အတွက် အကောင်းဆုံးသော သယ်ယူပို့ဆောင်ရေး နည်းလမ်းကို တိုးမြှင့်သွားမှာ ပါ။ အဲဒီကနေထွက်လာမယ့်ရလဒ်ကတော့ သာမန်ထက်ညစ်ညမ်းဓာတ်ငွေ့ထွက်ရှိမှု  ၆၀ ရာခိုင်နှုန်းလျော့ကျစေခြင်းပါပဲလို့ ကုမ္ပဏီကထုတ်ပြန်ထားပါတယ်။

ကနဦးမှာတော့   ကျွန်တော်တို့က အန္တရာယ်နည်းတဲ့ လမ်းကြောင်းတွေကို စတင်ပေးပို့သွားမှာပါ။ ဒီကနေမှတစ်ဆင့်  ဖောက်သည်တွေရဲ့ လက်ခံမှုနဲ့ယုံကြည်မှုကို ရရှိလာပြီဆိုရင် တခြားနိုင်ငံတွေဆီကိုပါ ပျံသန်းသွားမှာ ဖြစ်ပါတယ် လို့လည်း ဆိုထားပါတယ်။

တကယ်တော့ အခုလိုမျိုး ဒရိုနားမစ်ရဲ့ ဖန်တီးတီထွင်မှုဟာ ကုန်ပစ္စည်းသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းအတွက် ကြီးမားတဲ့ အလှည့်အပြောင်းတစ်ခုဖြစ်ပါတယ်။

ဒီလိုအလှည့်အပြောင်းက ကနဦးမှာတော့ အခက်အခဲတချို့တလေ တွေ့ကောင်းတွေ့နိုင်သော်လည်း နောက်ပိုင်းကုန်ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းမှာ ထင်ထားတာထက်   ပိုမိုအဆင်ပြေလာတော့မှာဖြစ်ပါတယ်။    ။

ကိုထက်