တိုင်းပြည်လွတ်လပ်ရေးကာလများနှင့် လွတ်လပ်ရေးရရှိပြီးနောက် (၇၅)နှစ်မြောက် စိန်ရတုတိုင်သည်အထိ နိုင်ငံတော်နှင့် နိုင်ငံသားများ ကောင်းကျိုးကို ထူးချွန်စွာ တာဝန်ထမ်းဆောင်ခဲ့ကြသည့်သူများကို (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတော်စီမံအုပ်

“လုပ်သက် နှစ် ၃၀ ကျော် တာဝန်ထမ်းဆောင်ပြီးသည်အထိ အပြစ်အနာအဆာမရှိဘဲ တာဝန်ကို ထမ်းဆောင်ခဲ့တဲ့ အတွက် ဝဏ္ဏကျော်ထင်ဘွဲ့တံဆိပ်ကိုပေးတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”                      

တိုင်းပြည်လွတ်လပ်ရေးကာလများနှင့် လွတ်လပ်ရေးရရှိပြီးနောက် (၇၅)နှစ်မြောက် စိန်ရတုတိုင်သည်အထိ နိုင်ငံတော်နှင့် နိုင်ငံသားများ ကောင်းကျိုးကို ထူးချွန်စွာ တာဝန်ထမ်းဆောင်ခဲ့ကြသည့်သူများကို (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အမိန့်ကြော်ငြာစာများ ထုတ်ပြန်၍ ဂုဏ်ထူးဆောင်ဘွဲ့များရရှိသူများကို ယနေ့နံနက်ပိုင်းက တစ်ဦးချင်းလက်ရောက် ဂုဏ်ပြုချီးမြှင့်ခဲ့ရာ နိုင်ငံတော်နှင့်နိုင်ငံသားများအတွက် ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသူများ၏ စကားသံများကို ဖော်ပြလိုက်ရပါသည်-

ဒေါက်တာဇော်မြင့်

(သီရိပျံချီဘွဲ့ကိုယ်စားယူ)

သီရိပျံချီဘွဲ့ကို ကျွန်တော့်ဖခင်ကြီး ကိုယ်စားတက်ရောက်ယူခြင်း ဖြစ်ပါတယ်။ ကျွန်တော့်ဖခင်ကြီးက လွတ်လပ်ရေးရပြီးခါစမှာဖွဲ့တဲ့ စက်မှုလက်မှုနဲ့ သတ္တုတွင်းဝန်ကြီး ဦကျော်မြင့် (ခ) ဦကျော်ကလေးဖြစ်ပါတယ်။ ဖခင်ကြီးက ကွယ်လွန်သွားခဲ့တာ အတော်ကြာခဲ့ပြီဖြစ်ပါတယ်။ ဖခင်ကြီးကနိုင်ငံ့ဂုဏ်ရည်    ပထမအဆင့်ကိုလည်း ရရှိခဲ့ဖူးပါတယ်။ အခုသီရိပျံချီဘွဲ့ကိုလည်းမမျှော်လင့်ခဲ့ပါဘူး။ ကွယ်လွန်ခဲ့တာ အနှစ်၂၀ ကျော်လောက်ကြာခဲ့ပြီ ဖြစ်တဲ့ ဖခင်ကြီးကို နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက်မှာ ဆုချီးမြှင့်ခဲ့တဲ့အတွက် ကျွန်တော်တို့မောင်နှမတစ်တွေ အားလုံးကလည်း ဝမ်းသာသွားခဲ့ရပါတယ်။ 

ကိုယ်တိုင်မယူနိုင်သော်လည်း  ကိုယ်စားယူရတဲ့   နိုင်ငံ့တာဝန်ကို  ရွပ်ရွပ်ချွံချွံ ထမ်းဆောင်ခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင် တွေရဲ့သားသမီးများကလည်း ထပ်တူထပ်မျှဝမ်းသာကြပါတယ်။ ဒီလိုနိုင်ငံတော်အစိုးရက နိုင်ငံတော်အဆင့်    တခမ်းတနား နဲ့ဘွဲ့များကို ဆုချီးမြှင့်တဲ့အတွက်   အလွန်ကောင်းမွန်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မှတ်တမ်းတင်   မှတ်ကျောက်ဂုဏ်ယူမိပါတယ်။  နိုင်ငံတော်ရဲ့သက်ဆိုင်ရာ အကြီးအကဲများကိုလည်း  အထူးကျေးဇူးတင်ပါတယ်။

ဒေါ်ပိုက်ပိုက်အေး

(ဝဏ္ဏကျော်ထင်ဘွဲ့)

ကျွန်မက တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးဖြစ်ပါတယ်။ ဝဏ္ဏကျော် ထင်ဘွဲ့ကို ချီးမြှင့်ခြင်းခံရပါတယ်။ တရားဝန်ထမ်းအဆင့် (၄) ကနေ တရားရေးအရာရှိ အဆင့်ဆင့်တာဝန်တွေကို ထမ်းဆောင်ခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်ကို ဆက်လက် တာဝန်ထမ်းဆောင် ခဲ့ပါတယ်။ ဒီလိုဆုချီးမြှင့်ပေးတဲ့အတွက် ကျွန်မအနေနဲ့ အလွန်ဝမ်းသာ ဂုဏ်ယူရပါတယ်။ ဒီလိုနိုင်ငံတော်အဆင့် အခမ်းအနားကြီးကျင်းပပြီး တစ်ယောက်ချင်းစီကို လက်ရောက်ချီးမြှင့်ပေးတဲ့ နိုင်ငံတော်ဝန်ကြီးချုပ်ကိုလည်း အထူးကျေးဇူးတင်ပါတယ်။

ဦးတူးဂျာ(ဝဏ္ဏကျော်ထင်ဘွဲ့)

ကချင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာဖြစ်ပါတယ်။ ဥပဒေဘွဲ့ရရှိပြီးမှ ဝိုင်းမော်မြို့နယ် ဥပဒေရုံးမှာ တာဝန်ထမ်းဆောင်ရပါတယ်။ ပြည်နယ်တရားသူကြီး တာဝန်နေရာကနေ တရားသူကြီးချုပ်အဖြစ်    ယနေ့အထိ ဆက်လက် တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။ ကျွန်တော် အခြေခံဝန်ထမ်းလောင်းသင်တန်း အမှတ်စဉ် (၄၁) ဖောင်ကြီးသင်တန်းတွင်လည်း ဒုတိယဆုနှင့် ၁၉၈၉ ခုနှစ် တတိယ ဆု၊  စီမံစတုတ္ထဆုနှင့်   နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး  တရားဥပဒေစိုးမိုးရေးတံဆိပ်၊ ၁၉၉၂ ခုနှစ် နိုင်ငံတော်အေးချမ်းသာယာရေးဆုကိုလည်း ရရှိခဲ့ပါတယ်။ အခုလို ဆုချီးမြှင့်ခြင်းခံရတဲ့အတွက် အတိုင်းထက်အလွန် ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒီလိုခမ်းခမ်း နားနားနဲ့ ဘွဲ့ချီးမြှင့်ပေးတဲ့ နိုင်ငံတော်အကြီးအကဲကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်လို့ ပြောချင်ပါတယ်။

ဦးမော်သာထွေး

(ဝဏ္ဏကျော်ထင်ဘွဲ့)

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှာ ဒုတိယဝန်ကြီးအဖြစ်  တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးမော်သာထွေးဖြစ်ပါတယ်။ စာရေးတဲ့ကလောင်နာမည်က မော်သာထွေး(မန္တလေး)ဆိုတဲ့ နာမည်နဲ့ရေးပါတယ်။ ကျွန်တော်ရရှိခဲ့တဲ့ဘွဲ့က ဝဏ္ဏကျော်ထင်ဘွဲ့ရရှိတာ ဖြစ်ပါတယ်။ ဝန်ထမ်းလုပ်သက်နှစ် ၃၀ တာဝန်ထမ်းဆောင်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်နဲ့ အငြိမ်းစားယူခဲ့ပါတယ်။ အငြိမ်းစားယူပြီး ဒုတိယဝန်ကြီးအဖြစ် တာဝန်ဆက်ပေးပါတယ်။ အားလုံးပေါင်း လုပ်သက် နှစ် ၃၀ ကျော် တာဝန်ထမ်းဆောင်ပြီးသည်အထိ အပြစ်အနာအဆာမရှိဘဲ တာဝန်ကိုထမ်းဆောင်ခဲ့တဲ့အတွက် ဝဏ္ဏကျော်ထင် ဘွဲ့တံဆိပ်ကိုပေးတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဝမ်းလည်းသာပါတယ်။ အခုခေတ်ဖြစ်ပျက် နေတဲ့အဖြစ်အပျက်တွေက ရှေးတုန်းကသမိုင်းတွေ၊ စာတွေကိုလေ့လာမှ ပိုပြီးလူငယ်တွေ   ဗဟုသုတကြွယ်ဝမှာ ဖြစ်ပါတယ်။ ဗဟုသုတကြွယ်ဝလာရင် ဆင်ခြင်တုံတရားမြင့်လာမှာ ဖြစ်ပါတယ်။ ဦးနှောက်တိုးတက်ဖို့ အဓိက စာဖတ်ပါ။ စာထဲမှာပါတာကိုပြန်ပြီးတွေးပါ။ မှတ်ပါ။ အမှား/အမှန်ကိုဆုံးဖြတ်ပါ။ ဒါမှသာ ဆင်ခြင်တုံတရားများ မြင့်လာမှာဖြ စ်ပါတယ်။ ထိုမှတစ်ဆင့် ဘဝမှာလှေကားလို တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာမှာဖြစ်ပါတယ်။ အရင်နှစ်တွေမှာ ဆုပေးတာလည်းတွေ့ဖူးပါတယ်။ အရင်နှစ်တွေကသူများတွေကို ပေးတဲ့ဆုပေးပွဲကို တက်ရောက် အားကျခဲ့ရပါတယ်။ အခုနှစ်မှာ ကိုယ်ကိုယ်တိုင်ဆု တက်ရောက်ယူရတဲ့အတွက် ဝမ်းသာဂုဏ်ယူပါတယ်။  နိုင်ငံတော်အကြီးအကဲနဲ့ သက်ဆိုင်ရာတာဝန်ရှိသူများ၊ အဖွဲ့အစည်းအသီးသီးကိုလည်း ကျေးဇူးတင်ပါတယ်။ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့မှာ ဒီဆုကိုရရှိတဲ့အတွက်  ပိုပြီးဝမ်းသာပါတယ်။ မြဝတီသတင်းစာရဲ့ စာဖတ်ပရိသတ်တွေကို ကျွန်တော်ရေးသားထားတဲ့ “စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့်ကြည့်မယ်” စာအုပ်ကနေပြီး နေ့စဉ်အခန်းဆက်အနဖြင့် ဗဟုသုတရဖွယ်များကိုလည်း နေ့စဉ်ဖော်ပြနေတာဖြစ်တဲ့အတွက် စာဖတ်ပရိသတ်များ ကို ဖတ်ကြည့်ပါလို့ပြောချင်ပါတယ်။ ဒါတင်မကဘဲ ကျန်တဲ့စာအုပ်များနဲ့ သတင်းစာ ဆိုတာ နေ့စဉ်ဖြစ်ပျက်တဲ့ အဖြစ်အပျက်များပါသလို ရှေးတုန်းကဖြစ်ပျက်နေတဲ့အဖြစ် အပျက်များပါတဲ့အတွက် နေ့စဉ်ဖတ်ရှုပါက ဦးနှောက်မှာ အသစ်အဆန်းများ ဖြစ်ပေါ်ပြီး  ဉာဏ်အမြော်အမြင်ကြီး လာစေမှာဖြစ်ကြောင်း ပြောလိုပါတယ်။

ရွှေရည်သိန်းတန်

(အလင်္ကာကျော်စွာဘွဲ့ကိုယ်စားယူ)

ကျွန်မဖေဖေ ဦးတွံတေးသိန်းတန် အဆိုပညာရှင် အလင်္ကာကျော်စွာ ဘွဲ့ရတဲ့အတွက် ကိုယ်စားတက်ရောက်ယူတာ ဖြစ်ပါတယ်။ ကျွန်မဖေဖေရဲ့အနုပညာသက်တမ်း တစ်လျှောက်မှာ ကြိုးစားခဲ့တဲ့ မှတ်တိုင်တစ်ခုလို့ မှတ်ယူပါတယ်။ ဒီဆုကိုရရှိခဲ့တဲ့ ဖေဖေ့အတွက် ဝမ်းသာ၊ ဝမ်းနည်းခံစားချက်ဖြစ်မိပါတယ်။ ဝမ်းသာတာက ဖေဖေ့အတွက် အလင်္ကာ ကျော်စွာဘွဲ့ရတဲ့ အတွက် ဝမ်းသာတာပါ။ ဝမ်းနည်းတာက ဖေဖေသက်ရှိထင်ရှားမှာ ဒီဆုကို ဖေဖေရခဲ့ရင် ဝမ်းသာမှာပဲ ဆိုတဲ့စိတ်နဲ့  စိတ်မကောင်းဖြစ်မိပါတယ်။ နိုင်ငံတော်အဆင့်အခမ်းအနားနဲ့ ခုလိုချီးမြှင့်တဲ့အတွက် အသိပညာရှင်၊ အတတ်ပညာရှင်တွေရဲ့ကိုယ်စား ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ အားလုံးကိုလည်း ကျေးဇူးတင်ပါ တယ်။

ဒေါ်ခင်ချိုဦး

(အလင်္ကာကျော်စွာဘွဲ့ ကိုယ်စားယူ)

ကျွန်မက ဦးထွန်းရီ(ထွန်းရီ-ရှေးဟောင်းသုတေသီ)ရဲ့ကိုယ်စား ဒီအလင်္ကာကျော်စွာဘွဲ့ကို တက်ရောက်ယူတာပါ။ ဦးလေးတော်တာပေါ့။ ဦးလေးက မြန်မာနိုင်ငံစာရေးဆရာအသင်း၊ သက်ကြီးကန်တော့ခံအဖွဲ့ဝင်၊ မြန်မာ့စွယ်စုံ ကျမ်းပြန်လည်ပြုစုထုတ်ဝေရေးပညာရှင်အဖွဲ့ အဖွဲ့ဝင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပေ၊  ပုရပိုက် စုဆောင်းထိန်းသိမ်းရေး အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ ဦးလေးက ထွန်းဖောင်ဒေးရှင်း စာပေဆုခြောက်ကြိမ် ရရှိခဲ့ပါတယ်။ မြန်မာစာပေလောကနဲ့ သုတေသနပြုလိုသူများအတွက်  လက်စွဲကိုးကားပြုစရာ စာအုပ်များစွာကို လည်း ရေးသားပြုစုခဲ့ပါတယ်။ နှစ်ပေါင်း ၇၀ နီးပါး ရှေးဟောင်းသုတေသီအဖြစ် ရပ်တည်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်ကလည်း အမျိုးသားစာပေ တစ်သက်တာဆု ရရှိခဲ့ပါသေးတယ်။ ဒီလိုကြိုးစားအားထုတ်မှုတွေကို နိုင်ငံတော်က ယခုလိုအသိအမှတ်ပြုတယ်လို့ယုံကြည်ပါတယ်။ ဒီလို တခမ်းတနားချီးမြှင့်တဲ့အတွက်လည်း  ဦးလေး ကိုယ်စား ဝမ်းသာဂုဏ်ယူမဆုံး ဖြစ်ရပါတယ်။   ။

ဇော်မျိုး(နေပြည်တော်)