မြောက်ကိုရီးယားနှင့် ဆက်ဆံရေးတင်းမာနေစဉ် အမေရိကန်နှင့်တောင်ကိုရီးယားတို့က  နျူကလီးယားအသုံးပြု စစ်ရေးလေ့ကျင့်ရန် လိုလား

မြောက်ကိုရီးယားနှင့် ဆက်ဆံရေးတင်းမာနေစဉ် အမေရိကန်နှင့်တောင်ကိုရီးယားတို့က  နျူကလီးယားအသုံးပြု စစ်ရေးလေ့ကျင့်ရန် လိုလား

အမေရိကန်နှင့်တောင်ကိုရီးယားနိုင်ငံတို့သည် မြောက်ကိုရီးယားနိုင်ငံနှင့် ဆက်ဆံရေး တင်းမာနေစဉ် နှစ်နိုင်ငံကြား  နျူကလီးယားလက်နက်များ အသုံးပြုသည့် စစ်ရေးလေ့ကျင့်ခန်းကို လုပ်ဆောင်ရန် လိုလားနေကြောင်း သိရသည်။

အဆိုပါ   စစ်ရေးလေ့ကျင့်ခန်းမျိုး လုပ်ဆောင်နိုင်ရေး အတွက် အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ကြား ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း တောင်ကိုရီးယားသမ္မတကပြောသည်ဟု နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားသည်။

“နျူကလီးယား လက်နက်တွေကို အမေရိကန်နိုင်ငံက ပိုင်ဆိုင်ပေမယ့်လည်း နှစ်နိုင်ငံကြား စီမံချက်ရေးဆွဲခြင်း၊ သတင်းအချက် အလက်များ မျှဝေပေးခြင်း၊ လေ့ကျင့်ခန်းများ လုပ်ခြင်းနှင့် လေ့ကျင့်ခြင်းတို့ကို လုပ်ဆောင်သွားသင့်ပါတယ်”ဟု တောင်ကိုရီးယား သမ္မတက ပြောထားသည်။

ထိုကဲ့သို့ ပူးတွဲစစ်ရေး လေ့ကျင့်ခန်းများ လုပ်ဆောင်ခြင်းသည်  အမေရိကန်၏ နယ်မြေကျော်လွန် ဟန့်တားမှုစွမ်းရည် ထိရောက်စွာ တိုးတက်စေရေးအတွက် ဖြစ်ကြောင်း    တောင်ကိုရီးယားသမ္မတက ဆက်ပြောသည်။

နယ်မြေကျော်လွန်ဟန့်တားမှု စွမ်းရည်ဆိုသည်မှာ အမေရိကန်၏ မဟာမိတ်နိုင်ငံများအပေါ် ကျရောက်လာနိုင်သော တိုက်ခိုက်မှုများကို ဟန့်တား ကာကွယ်ရန်ဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံက ၂၀၂၃ ခုနှစ်၏ လဆန်းပိုင်းဖြစ်သော ဇန်နဝါရီ ၂ ရက်တွင် ၎င်းတို့၏ ပထမဆုံး တာတိုပစ်အမြင့်ပျံ ဒုံးကျည်တစ်စင်းကို ဂျပန်ပင်လယ်အတွင်းသို့     စမ်းသပ်ပစ်လွှတ်လိုက်ပြီးနောက် တောင်ကိုရီးယား သမ္မတ၏ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံက တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့နှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးကို အကြောင်းပြကာ အာရှပုံစံ NATO အုပ်စုကို တည်ထောင်နေကြောင်း မြောက်ကိုရီးယားက ပြောထားသည်။

ထို့ပြင် နျူကလီးယားဖြင့် လက်တုံ့ပြန်တိုက်ခိုက်မှုကို အမြန်ဆုံး လုပ်ဆောင်နိုင်မည့် တိုက်ချင်းပစ်အမြင့်ပျံ ဒုံးကျည်စနစ်အသစ်ကိုလည်း တီထွင်ထုတ်လုပ်ရန် မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအွန်က အမိန့်ပေးထားကြောင်း သိရသည်။