ဗြိတိန်ရှိဆေးရုံများ၏ နှောင့်နှေးကြန့်ကြာမှုကြောင့် သီတင်းပတ် တစ်ပတ်လျှင် လူအယောက် ၅၀၀ သေဆုံးနေရ

ဗြိတိန်ရှိဆေးရုံများ၏ နှောင့်နှေးကြန့်ကြာမှုကြောင့် သီတင်းပတ် တစ်ပတ်လျှင် လူအယောက် ၅၀၀ သေဆုံးနေရ

ဗြိတိန်နိုင်ငံရှိ ဆေးရုံများ၏ အရေးပေါ်ဌာနများတွင် နှောင့်နှေး ကြန့်ကြာမှုများကြောင့် သီတင်းပတ်တစ်ပတ်လျှင် လူအယောက် ၅၀၀ အထိ သေဆုံးနေရကြောင်း အရေးပေါ် ဆေးဝါးဆိုင်ရာ တော်ဝင်ကောလိပ်မှ အကြီး အကဲ ဒေါက်တာအက်ဒရီယန်ဘွိုင်းက ပြောသည်။

ပြီးခဲ့သည့်နှစ်နိုဝင်ဘာလတွင် အရေးပေါ် ဌာနသို့ တက်ခွင့်ရနိုင်ရေး အတွက် အချိန် ၁၂ နာရီကျော်ကြာ စောင့်ဆိုင်းရသည့် လူနာ ၃၇၈၃၇ ဦးရှိသည်ဟု အမျိုးသားကျန်းမာ ရေးဌာန၏ အချက်အလက်များအရ သိရသည်။  ၂၀၂၁  ခုနှစ်  နိုဝင်ဘာလတွင်မူ ယင်းကဲ့သို့စောင့်ဆိုင်းရသူ ၁၀၆၄၆ ဦးသာ ရှိသည်။

“အခုလိုမျိုး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရခြင်းက မလိုအပ်ဘဲ လူနာတွေရဲ့ သေဆုံးမှုကိုဖြစ်စေတာဖြစ်ပါတယ်။ ဒီအတွက် ကြောင့် မိမိတို့အနေနဲ့ အရေးပေါ်ဌာနမှ လူနာတွေစောင့်ဆိုင်းရချိန် နည်းပါးအောင် ဦးစွာဆောင်ရွက်ဖို့လိုပါမယ်”ဟု ဒေါက်တာအက်ဒရီယန်ဘွိုင်း ကပြောသည်။

ပုံမှန်အားဖြင့် ဆောင်းရာသီရောက်ပါက ဆေးရုံတက်ရသည့် လူနာအရေအတွက် များပြားလာလေ့ရှိသော်လည်း ယခုနှစ်တွင်မူ သူနာပြုများ၊ လူနာတင်ယာဉ်မောင်းများက ဒီဇင်ဘာလတွင် သပိတ်မှောက်ဆန္ဒပြမှုများ လုပ်ဆောင်သည့်အပြင် တစ်ချိန်တည်းမှာပင် တုပ်ကွေးရောဂါ ဖြစ်ပွားမှုများပြားလာသည့် အတွက် ယခင်နှစ်များထက် အရေးပေါ်ဌာန သို့တက်ရောက်ခွင့်ရရှိရန် စောင့်ဆိုင်းရသူ ပိုမိုများပြားလာခြင်းဖြစ်သည်။

ခရစ္စမတ်ကာလမတိုင်မီ သီတင်းပတ် တစ်ပတ်အလိုတွင် တစ်ရက်လျှင် တုပ်ကွေး ရောဂါဖြင့် ဆေးရုံတက်ရသူ ၂၀၈၈ ဦးသာ ရှိရာမှ ခရစ္စမတ်ကာလတွင် ၃၇၄၆ ဦးအထိ မြင့်တက်လာကြောင်း သိရသည်။