သဇင်ပန်းများ စတင်ထွက်ရှိချိန် တစ်ခက်လျှင် ငွေကျပ် ၁၅၀၀ အထိ ဈေးကောင်းရရှိ

သဇင်ပန်းများ စတင်ထွက်ရှိချိန် တစ်ခက်လျှင် ငွေကျပ် ၁၅၀၀ အထိ ဈေးကောင်းရရှိ

 တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့တွင် ဆောင်းရာသီ ကာလပန်းဖြစ်သော သဇင်ပန်းများ စတင်ထွက်ရှိချိန်ဖြစ်သည့်အတွက် ဈေးကောင်းရရှိကာ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း ကလိန်အောင်မြို့ရှိ သဇင်ပန်း စိုက်ပျိုးသူများထံမှ သိရသည်။

“သဇင်ပန်းက နိုဝင်ဘာလလောက်ဆိုရင် စပွင့်ပြီးတော့ ဖေဖော်ဝါရီလကုန် အထိရောင်းရတယ်။ တခြားမြို့ကြီးတွေက အော်ဒါမှာရင်လည်း ပို့ပေးတယ်။ လက်ရှိရောင်းဈေးက တစ်ခက်ကို  ငွေကျပ် ၁၅၀၀ အထိ ဈေးရရှိပါတယ်” ဟု  ကလိန်အောင်မြို့ရှိ သဇင်ပန်းစိုက်ပျိုးသူ ဦးနေလင်းအောင်က ပြောသည်။

သဇင်ပန်းကို ထားဝယ်မြို့နှင့် အနီးဝန်းကျင်ကျေးရွာများက မင်္ဂလာပွဲများ၊ အလှူပွဲများ ကျင်းပရာတွင် လာရောက်ဝယ်ယူကြသလို အော်ဒါ မှာယူခြင်းများလည်း ရှိကြကြောင်း၊   သဇင်ပန်းမျိုးဥများကို ထားဝယ်မြို့နှင့် တခြားလာရောက်ရောင်းချသူများထံမှ  တစ်ပိဿာလျှင် ငွေကျပ် ၄၀၀၀၀၊ ၅၀၀၀၀ အထိ ဝယ်ယူရပြီး မျိုးဥများကို    ပြန်လည်ပွားယူရကာ ပန်းအခက်လှအောင်  ပြုစုထားရကြောင်း သိရသည်။