လွတ်လပ်ရေးအမွေ အမြဲတည်တံ့ပါစေ

(၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်)

လွတ်လပ်ရေးအမွေ အမြဲတည်တံ့ပါစေ

ယနေ့သည်ကား မြန်မာတစ်မျိုးသားလုံး ဝမ်းသာရွှင်ပြုံးပျော်မဆုံးဖြစ်ရသော (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ဖြစ်သည်။ နယ်ချဲ့တိုင်းတစ်ပါး၏ နှစ်ပေါင်း ၁၂၀ ကျော် လွှမ်းမိုးအုပ်ချုပ်ခံရခြင်းမှ လွတ်ကင်းပြီး အချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သည်။ ကိုလိုနီလက်အောက်ခံအဖြစ် မလွတ်လပ်သော ဘဝတွင် နိုင်ငံသူနိုင်ငံသားတို့သည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဘက်ပေါင်းစုံတွင် ခြယ်လှယ်ကုပ် သွေးစုပ် လွှမ်းမိုးခြင်းခံခဲ့ရသည်။ ထိုအချိန်က ရွှေကိုယူသည်။ ငွေကိုယူသည်။ ပြီးတော့ လူပါယူသည်။ အမျိုးပျောက်မှာ စိုးကြောက်လှပါသည်ဟူ၍ ပြည်သူတို့စိုးရိမ်စွာ နေခဲ့ကြရသည်။ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ထောင်သောင်း သိန်းမကသော တိုင်းရင်းသားတို့၏ အသက် သွေး ချွေးများစတေးခဲ့ရသည်။

မြန်မာ့သမိုင်းတွင် ကိုယ်ပိုင်တပ်မတော်တစ်ရပ် ပေါ်ပေါက်လာခြင်း၊ တပ်မတော်သားတို့က မိမိအသက်ကို ပဓာနမထားဘဲ ကိုယ်ကျိုးစွန့်လွှတ် တိုက်ပွဲဝင်ခဲ့ကြခြင်း၊ ပြည်သူတစ်ရပ်လုံးကလည်း တပ်နှင့် ပြည်သူလက်တွဲ ညီစွာ ပူးပေါင်းတိုက်ပွဲဝင်ခဲ့မှုများကြောင့် လွတ်လပ်ရေးရရှိခဲ့ခြင်းဖြစ်သည်။ ညီညွတ်ခြင်းသည်အင်အားဆိုသည့် အတိုင်း ညီညီညွတ်ညွတ်တိုက်ပွဲဝင်နိုင်ခဲ့ခြင်းကြောင့် လွတ်လပ်ရေးရရှိခဲ့ခြင်းဖြစ်သည်။ ထိုလွတ်လပ်ရေး တည်တံ့ ခိုင်မြဲအောင် ကာကွယ်စောင့်ရှောက်ရန်မှာလည်း စည်းလုံးညီညွတ်ကြရန် လိုပေသည်။ သို့သော်လွတ်လပ်ရေး ရရှိပြီးသည်နှင့် မြန်မာနိုင်ငံတွင် လူမျိုးစွဲ၊ ဝါဒစွဲစသည့် အမျိုးမျိုးသော အစွဲတို့ဖြင့် စည်းလုံးညီညွတ်မှုပြိုကွဲကာ လက်နက်စွဲကိုင်ပုန်ကန်မှုများ ပေါ်ပေါက်လာခဲ့သည်။ ရရှိပြီးသော လွတ်လပ်ရေးမဆုံးရှုံးစေရန် တပ်မတော်က အားသွန်ခွန်စိုက် ကြိုးပမ်းထိန်းသိမ်းနေရသည်။

မြန်မာနိုင်ငံ၏ နှစ်ပေါင်း(၇၀)ကျော် လွတ်လပ်ရေးထိန်းသိမ်းမှုခရီးမှာ ပန်းခင်းသောလမ်းမဟုတ်ခဲ့ပေ။ ခရာ ဆူးတောများနှင့် ခယောင်းလမ်းအသွယ်သွယ်၊ အန္တရာယ်အမျိုးမျိုးတို့ကို ရင်ဆိုင်ဖြတ်သန်းလာခဲ့ရခြင်း ဖြစ်သည်။ လှိုင်းကကြီး၊ ရေကဆန်၊ မုန်တိုင်းကထန်သည့်ကာလများစွာကိုလည်း ကြုံတွေ့ခဲ့ရသည်။ အမျိုးသား စည်းလုံး ညီညွတ်မှုအားနည်းခြင်းကြောင့် တည်ငြိမ်အေးချမ်းမှု နည်းပါးခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်ထူထောင်ရေး လုပ်ငန်းများ နှောင့်နှေးခဲ့ရသည်။ တိုင်းရင်းသားညီနောင်အချင်းချင်း ငြင်းခုံရန်များခြင်းနှင့် အချိန်ကုန်ခဲ့ကြရသည့် အတွက် လူအား၊ ငွေအား၊ အရင်းအမြစ်များ အလဟဿပြုန်းတီးဆုံးရှုံးကာ ခရီးမတွင်ဘဲရှိနေခဲ့သည်ကို သင်ခန်းစာ ယူကြရမည်ဖြစ်သည်။

မြန်မာတို့ကံကောင်းသည်မှာ နိုင်ငံတွင်လွတ်လပ်ရေးဆုံးရှုံးတော့မည့် အခြေအနေနှင့်ကြုံတိုင်း အမျိုးသားရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က  ဦးဆောင်ပါဝင်နိုင်ခြင်းဖြစ်သည်။   တပ်မတော်သည် ပြည်တွင်း၊ ပြည်ပ အန္တရာယ်များအား ဖယ်ရှားတိုက်ဖျက်ရန် အစဉ်အမြဲအသင့်ရှိနေသည့်အတွက် လွတ်လပ်ရေး ပြန်လည် မဆုံးရှုံးခြင်းဖြစ်သည်။ ယနေ့အချိန်အခါတွင် ပြည်တွင်းမှတိုင်းပြည်ကို ဖျက်ဆီးသူများနှင့်ပြည်ပ အားကိုးအမျိုးသား သစ္စာဖောက်များအား အကြောင်းပြု၍ ပြည်ပမှဝင်ရောက်စွက်ဖက်နိုင်ရန်၊ အချုပ်အခြာ အာဏာကိုထိပါး စော်ကားရန် ကြိုးပမ်းလုပ်ဆောင်နေသည်။ မမှန်ကန်သောသတင်းအမှား၊ အတည်မပြုနိုင်သော သတင်း အမှားများကိုအသုံးပြုကာ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေခြင်းမှာ မြန်မာတို့အပေါ် စေတနာ ကောင်းထားရှိခြင်းမဟုတ်ဘဲ ပျက်စီးရေးကိုသာ ရှေးရှုလုပ်ဆောင်ခြင်းဖြစ်သည်။

နိုင်ငံ၏ လွတ်လပ်ရေး တည်တံ့ခိုင်မြဲရှည်ကြာရေးသည် နိုင်ငံသားတိုင်း၏ ပင်မတာဝန်ဖြစ်ပေရာ မည်သည့် အစိုးရလက်ထက်၊ မည်သည့်ဝါဒလမ်းစဉ်ကို ကျင့်သုံးသည်ဖြစ်စေ ပိုင်နက်နယ်မြေဆုံးပါးယုတ်လျော့မှုမရှိစေရေး ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်သည်။ မိမိတို့နိုင်ငံနှင့် ပတ်သက်၍ ပြည်ပစွက်ဖက်မှု၊ လွှမ်းမိုးမှု၊ အကျပ်ကိုင်မှု များကို ဆန့်ကျင်ဖယ်ရှားနိုင်မှသာ ရရှိထားသော လွတ်လပ်ရေးသည် တည်တံ့မည်ဖြစ်ပေသည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အမျိုးသားရေးဦးတည်ချက်(၅)ရပ်တွင် “စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီ စနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး။ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို  အမျိုးသားရေး လုပ်ငန်းစဉ်များအဖြစ် အစွမ်းကုန်ကြိုးစားဆောင်ရွက်ရေး။ နိုင်ငံအကျိုး၊ တိုင်းရင်းသားပြည်သူ လူထုအကျိုးကို ရှေးရှုပြီး “ရှေ့သို့ချီမည်၊ ပန်းတိုင်ဆီ” (Keep Moving Forward to Achieve Our Goal) ဆောင်ပုဒ်အတိုင်း ပိုမိုကောင်းမွန် သော နိုင်ငံတော်နှင့်လူမှုစီးပွားဘဝတည်ဆောက်ရေး။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးကို ခိုင်မာသည့်သန္နိဋ္ဌာန်ဖြင့် ကြိုးပမ်းဆောင်ရွက်ရေး။ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပရေးနှင့် တိုင်းရင်းသားအားလုံး အချိုးကျ ကိုယ်စားပြု ပါဝင်နိုင်သည့် ရွေးကောက်ပွဲစနစ် ဖြစ်ပေါ်လာစေရေး။” ဟူ၍ချမှတ်ထားသည်။

လွတ်လပ်ရေးဟူသည် နိုင်ငံတော်သီချင်းတွင် ဖော်ပြပါရှိသည့်အတိုင်း “တရားမျှတလွတ်လပ်ခြင်းနဲ့ မသွေ-တို့ပြည်-တို့မြေ-များ လူခပ်သိမ်း-ငြိမ်းချမ်းစေဖို့ -ခွင့်တူညီမျှ-ဝါဒဖြူစင်တဲ့ပြည် -တို့ပြည်-တို့မြေ-ပြည်ထောင်စုအမွေ အမြဲ တည်တံ့စေ-အဓိဋ္ဌာန်ပြုပေ-ထိန်းသိမ်းစို့လေ” ဆိုသည့်အတိုင်း ပြည်သူတစ်ရပ်လုံးက လွတ်လပ်ရေး အမွေအမြဲ တည်တံ့ရေး ထိန်းသိမ်းကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။