ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

ချစ်ကြည်လေးစားရပါသော တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျာ-

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်သော ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ရက် နေ့ထူးနေ့မြတ်အခါသမယတွင် နိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားပြည်သူများအားလုံး ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး ကျန်းမာချမ်းသာကြပါစေကြောင်း ချစ်ကြည်လေးစားစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူများအားလုံးသည် ရှေးနှစ်ပေါင်းများစွာကပင် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင် ဓလေ့ထုံးတမ်း အစဉ်အလာများကို ထိန်းသိမ်းစောင့်ရှောက်ပြီး စည်းလုံးညီညွတ်စွာ အတူတကွစုပေါင်း၍ ကိုယ့်ထီး ကိုယ့်နန်းကိုယ့်ကြငှန်းဖြင့် နေထိုင်ခဲ့ကြသည့် အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ဝင့်ထည်စွာ ရပ်တည်ခဲ့ပါသည်။ သို့ရာတွင် ၁၉ ရာစုနှောင်းပိုင်း၌ ကိုလိုနီနယ်ချဲ့တို့က ကျူးကျော်စစ်သုံးကြိမ် ဆင်နွှဲခဲ့ပြီး မတရားကျူးကျော်သိမ်းပိုက်ခဲ့သည့်အတွက် မြန်မာနိုင်ငံသည် ၁၈၈၅ ခုနှစ်တွင် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို လက်လွှတ်ဆုံးရှုံးခဲ့ရပါသည်။

သူ့ကျွန်ဘဝတွင် နယ်ချဲ့တို့သည် တိုင်းရင်းသားတို့အပေါ် နည်းအမျိုးမျိုးဖြင့် ဖိနှိပ်သွေးခွဲအုပ်ချုပ်မှုကြောင့် အထင်မြင်လွဲမှားမှုများရှိခဲ့သော်လည်း တိုင်းရင်းသားခေါင်းဆောင်များ၏ ဦးဆောင်မှုနှင့်အတူ ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးတို့က ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကိုလိုနီနယ်ချဲ့နှင့် ဖက်ဆစ်တို့ကို စည်းလုံးညီညွတ်စွာ သက်စွန့်ကြိုးပမ်း တွန်းလှန်ခဲ့ခြင်းကြောင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို  ပြန်လည်ရယူနိုင်ခဲ့ကြပြီးယခုအခါ (၇၅) နှစ်မြောက်  စိန်ရတုအခါသမယသို့ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။

လွတ်လပ်ရေးဆုံးရှုံးရန်အတွက် ရက်ပိုင်းလပိုင်းမျှသာ ကြာမြင့်နိုင်သော်လည်း ဆုံးရှုံးသွားသည့် လွတ်လပ်ရေးကို ပြန်လည်ရယူရန်အတွက် ကြိုးပမ်းရာတွင် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ရပါသည်။ နှစ်ပေါင်းတစ်ရာကျော်အတွင်း  ဘိုးဘွားတို့၏ အသက်သွေးချွေးများစွာပေးဆပ်၍ မြန်မာ့လွတ်လပ်ရေးကို ပြန်လည်ရယူနိုင်ခဲ့သော်လည်း ကိုလိုနီစနစ်၏ အမွေဆိုးကြောင့် တိုင်းရင်းသားအချင်းချင်း လက်နက်ကိုင်ပဋိပက္ခများဖြစ်ပေါ်ခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးကို ထိပါးလာခဲ့ပါသည်။

ရရှိပြီးသော လွတ်လပ်ရေးတည်တံ့ခိုင်မြဲစေရေးအတွက် ပြည်တွင်းပြည်ပ အဖျက်အမှောင့်များ၏ သွေးထိုးလှုံ့ ဆော်မှုများ၊ ဖိအားပေးမှုများကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက အမျိုးသားရေးအသိဖြင့် သတိကြီးစွာ ကာကွယ်ကြရမည်ဖြစ်ပါသည်။ ထို့အပြင် ဒို့တာဝန်အရေး ၃ ပါးကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက အစဉ်နှလုံး သွင်းလျက် စစ်မှန်၍ စည်းကမ်းပြည့်ဝပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးအဖြစ် ကမ္ဘာတည်သရွေ့ရပ်တည်နိုင်အောင် ဝိုင်းဝန်းကြိုးပမ်း တည်ဆောက်ကြရမည်ဖြစ်သည်။

ချစ်ကြည်လေးစားရပါသော တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျာ-

လူသားများအသက်ရှင်နေထိုင် လှုပ်ရှားသွားလာရန် လိုအပ်သော စွမ်းအင် (Energy)ကို အစားအသောက်များက ရရှိခြင်းဖြစ်သည့်အတွက် စားနပ်ရိက္ခာလုံခြုံမှုရှိရေး(Food Security)သည် သက်ရှိလူသားများ အားလုံးအတွက် အခြေခံအကျဆုံးနှင့် အဓိကအကျဆုံး လိုအပ်ချက်တစ်ခုပင်ဖြစ်ပါသည်။ နိုင်ငံတစ်ခုတွင် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကို သင့်တင့်သောဈေးနှုန်းဖြင့် လွယ်ကူလုံလောက်စွာ ဝယ်ယူနိုင်မည်ဆိုပါက အဆိုပါ နိုင်ငံကို စားနပ်ရိက္ခာ ပြည့်စုံကုံလုံသော နိုင်ငံအဖြစ် မှတ်ယူနိုင်မည်ပင်ဖြစ်ပါသည်။

၂၀၂၂ ခုနှစ်အကုန်တွင် ကမ္ဘာ့လူဦးရေသည် ၈  ဘီလီယံသို့  ရောက်ရှိပြီဖြစ်သောကြောင့် လူဦးရေ တိုးမြင့်လာခြင်းနှင့် အတူ စားနပ်ရိက္ခာလိုအပ်မှု (Demand)သည်လည်း အချိုးကျမြင့်တက်လာမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ခေတ်အဆက်ဆက်ကပင် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံသည့်အပြင် ပိုလျှံသော စိုက်ပျိုးရေးနှင့် မွေးမြူရေး ထွက်ကုန်များအား အိမ်နီးချင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများသို့တင်ပို့နိုင်ခဲ့သဖြင့် ယခုအခါတွင် ကမ္ဘာ့နိုင်ငံများသို့ စားနပ်ရိက္ခာလုံခြုံမှု (Food Security) ပေးနိုင်သည့် နိုင်ငံဖြစ်လာရန် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးသည် အဓိက ကျသည့်အတွက် ပညာရေးမြှင့်တင်ခြင်းဖြင့် ခေတ်မီနိုင်ငံတော်တည်ဆောက်ရေး ဆောင်ရွက်ကြရမည်ဖြစ် ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း (KG+9) (အခြေခံပညာအလယ်တန်းအဆင့်) ပြီးဆုံး သည်အထိပညာသင်ကြားနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်ပြည်သူများဖြစ်သောကြောင့် လူမှုစီးပွားဘဝမြှင့်တင်နိုင်ရေးအတွက် လာမည့်ပညာသင်နှစ်မှစ၍ ခရိုင် ၅၀ ခုတွင်  အထက်တန်းကျောင်းတစ်ကျောင်းစီကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာ ပညာရပ်များကို တွဲဖက်သင်ကြားပေးမည်ဖြစ်သည့်အပြင် MSME စီးပွားရေးလုပ်ငန်းများအတွက် အထောက်အကူရရှိစေရန် ရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးသော ကျောင်းများကိုလည်း တိုးချဲ့ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံအနေဖြင့် မြေ၊ ရေ၊ သဘာဝသယံဇာတ ကြွယ်ဝလှသည်ဖြစ်ရာ လူသားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါသည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် ကုန်ထုတ်လုပ်ငန်းများကို ဒေသတစ်ခု ထုတ်ကုန်တစ်မျိုးဖြစ်အောင် အားပေးမြှင့်တင်ပြီး ပြည်တွင်း လိုအပ်ချက် ဖြစ်သည့် အခြေခံလူသုံးကုန်ပစ္စည်းကို ပြည်ပကတင်သွင်းနေရသူ (Importer)အဖြစ်မှ ပြည်တွင်း လိုအပ်ချက် ပြည့်မီအောင် ထုတ်လုပ်လျက် ပြည်ပသို့ ပြန်လည်တင်ပို့နိုင်သူ (Exporter) အဖြစ်သို့ ရောက်ရှိသည်အထိ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ သယံဇာတများကို ထုတ်ယူသုံးစွဲပြီးပါက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်း  စနစ်တကျပြန်လည် ဆောင်ရွက်ကြရမည်ဖြစ်ကာ ထိုသို့ ဆောင်ရွက်မှသာ လျှင် စဉ်ဆက်မပြတ်သည့် ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ကို ဖော်ဆောင်နိုင်မည် ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးချိန်မှစ၍ ယနေ့အချိန်အထိ နိုင်ငံရေးပုံစံအမျိုးမျိုးဖြင့် ဖြတ်သန်းလာခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် (၇၅)နှစ်ပြည့်မြောက်ပြီး စိန်ရတုလွတ်လပ်ရေးနေ့သို့ပင် တိုင်ခဲ့ပြီဖြစ်ပါသည်။ ချီးမြှင့်ထိုက်သူကို ချီးမြှင့်ခြင်း၊ ကျေးဇူးရှိသူကို ကျေးဇူးပြုခြင်းတို့သည် မင်္ဂလာတစ်ပါးဖြစ်သည့်အတွက် ကောင်းမွန်သော ဆောင်ရွက်မှုများကိုဖော်ထုတ်ပြီး ချီးမြှင့်မှတ်တမ်းတင်ခြင်းကို အစဉ်အလာတစ်ခုဖြစ်သွားသည် အထိ ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။ (၇၅)နှစ်ကာလအတွင်း အမြင်ချင်းမတူ၊ ခံယူချက်ချင်းမတူ၊ ရပ်တည်ချက် ချင်းမတူသော်လည်း အမိမြန်မာနိုင်ငံတော်အကျိုးအတွက် နယ်ပယ်အသီးသီးမှ ကဏ္ဍအမျိုးမျိုးဖြင့် သယ်ပိုး ခဲ့ကြသူများကို ပုဂ္ဂိုလ်ရေးရာခွဲခြားခြင်းမရှိဘဲ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များနှင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်ချီးမြှင့် အပ်နှင်းခဲ့ပါသည်။

ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက်လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) သဘောတူညီချက်များအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကိုလည်း ဖော်ဆောင်လျက်ရှိပါသည်။

ပြည်သူတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် လွတ်လပ်၍ တရားမျှတမှုရှိသော ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲဖြစ်ပေါ်လာစေရေး ဦးတည်ဆောင်ရွက်လျက်ရှိပါသည်။

တိုင်းရင်းသားအချင်းချင်း ရင်းနှီးချစ်ကြည်ခြင်း၊ စည်းလုံးညီညွတ်ခြင်းတို့ကို အခြေခံသည့် ပြည်ထောင်စု စိတ်ဓာတ်အရင်းခံ၍ စုပေါင်းဆောင်ရွက်ခြင်းဖြင့် တွေ့ကြုံရမည့် အခက်အခဲဟူသမျှကို ရင်ဆိုင်ကျော်လွှားပြီး နိုင်ငံတော်၏ အမျိုးသားရေးလုပ်ငန်းစဉ်(၂)ရပ်၊ နိုင်ငံရေးလုပ်ငန်းစဉ်(၂)ရပ်တို့ကိုအောင်မြင်စွာ အကောင်အထည် ဖော်နိုင်ပြီး ရှေ့သို့လှမ်းချီပန်းတိုင်ဆီ (Keep Moving Forward to Achieve Our Goal) ဆိုသည့် ဆောင်ပုဒ်ကို လက်တွဲညီညီ အကောင်အထည်ဖော်သွားပါမည်။

ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက် (၅)ရပ်ကို တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက အလေးအနက်ထားခံယူလျက် ခိုင်မာသည့် သန္နိဋ္ဌာန်ဖြင့် ပူးပေါင်းပါဝင် အကောင်အထည်ဖော် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းရင်း သဝဏ်လွှာပေးပို့အပ် ပါသည်။