ပြည်သူအားလုံးပျော်မဆုံး ရွှင်ပြုံးနိုင်ကြပါစေ

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်)

ပြည်သူအားလုံးပျော်မဆုံး ရွှင်ပြုံးနိုင်ကြပါစေ

(၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ ပြည်သူလူထု တစ်ရပ်လုံး နှလုံးစိတ်ဝမ်းအေးချမ်းစေရေးအတွက်လည်းကောင်း၊ ဂုဏ်ပြုထိုက်သူများကို ဂုဏ်ပြုခြင်းဖြင့် လည်းကောင်း  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်က၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း၊ တပ်မတော်ဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့်လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်းများကို တစ်ဦးချင်းဆီသို့ လက်ရောက် ပေးအပ်ခဲ့သည်။ သမိုင်းပေးတာဝန်များအပေါ်တွင်  ရဲဝံ့ပြောင်မြောက်သည့် သူရသတ္တိနှင့် အသက် သွေးချွေးပေါင်းများစွာ ပေးဆပ်စွန့်လွှတ်ခဲ့ကြသူများကို ထိုက်ထိုက်တန်တန်ဂုဏ်ပြုခြင်းဖြစ်သည်။ ထို့ပြင် လွတ်လပ်ရေးနေ့တွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကိုလည်း ဆက်ကပ်လှူဒါန်းခြင်းအမိန့်များကို ထုတ်ပြန်ပေးခဲ့သည်မှာ အမျိုးဘာသာသာသနာကို စောင့်ရှောက်ခြင်းဖြစ်သည်။

နိုင်ငံတော်အစိုးရတစ်ရပ်သည် ရှေးထုံးစဉ်လာသတ်မှတ်ချက်ဖြစ်သော မင်းကျင့်တရား(၁၀)ပါးနှင့်အညီ အုပ်ချုပ် သည့်အခါတိုင်း အနှောင့်အယှက်အဖျက်အဆီးများကင်းစင်လွင့်ပျောက်ကာ တိုင်းပြည်သာယာဝပြောလေ့ရှိသည်။ ဒါနံ- ပေးလှူခြင်း၊ သီလံ-ငါးပါးသီလနှင့်ပြည့်စုံခြင်း၊ ပရိစ္စာဂ-အမှုထမ်းတို့အား ရိက္ခာပေးကမ်းခြင်း၊ အဇ္ဇဝံ-ရိုးသား ဖြောင့်မတ်ခြင်း၊ မဒ္ဒဝံ-သာယာနူးညံ့စွာ ပြောဆိုကျင့်ကြံခြင်း၊ တပံ-အကျင့်သီလတို့ကိုခြိုးခြံစွာစောင့်ထိန်းခြင်း၊ အကောဓံ-အမျက်မထွက်ခြင်း၊ အဝိဟိံသ- မနှိပ်စက်ခြင်း၊ ခန္တီ-သည်းခံခြင်း၊ အဝိရောဓနံ-ပြည်သူတို့ သဘောနှင့် မဆန့်ကျင်ခြင်းတို့သည် မင်းကျင့်တရား(၁၀) ပါးဖြစ်သည်။

ယနေ့အချိန်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅) ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ကို ချမှတ်လျက် နိုင်ငံတော်ကိုဦးဆောင်လျက်ရှိသည်။ အဓိကအားဖြင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နေခြင်းဖြစ်သည်။ ထို့ပြင် တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ပါအတိုင်းအလေးထား လုပ်ဆောင်လျက်ရှိသည်။ ထို့အတူ စီးပွားရေးနှင့် လူမှုရေးများမှာလည်း ဦးတည်ချက်ပါအတိုင်း ဆောင်ရွက်လျက်ရှိပေရာ အောင်မြင်မှုများစွာ ရရှိနေပြီဖြစ်သည်။

ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသည်ဆိုသည့်အတိုင်း တိုင်းရင်းသားပြည်သူအပေါင်းတို့သည် ဥမကွဲသိုက် မပျက်အေးအတူပူအမျှ အတူတကွ လက်တွဲနေထိုင်ကြရေးအတွက် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စု စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးကို ဦးတည်လုပ်ဆောင်လျက်ရှိသည်။ တိုင်းရင်းသား အချင်းချင်း ညီညွတ်ရေး၊ ပြည်သူလူထု၏ လူမှုဘဝဖွံ့ဖြိုးရေးကိုလည်း အားတက်သရော လုပ်ဆောင်ပေးလျက်ရှိသည်။ ယခုနိုင်ငံတော် အစိုးရလက်ထက်တွင် နိုင်ငံတော်ပတ္တမြား (နစကပတ္တမြား) လက်ခံရရှိခြင်း၊ ဆင်ဖြူတော် ရတနာ ပေါ်ထွန်းခြင်း၊ ကမ္ဘာပေါ်တွင် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ထား ကိုးကွယ်ခြင်းတို့က ကောင်းမှုမြတ်နိုးသူ၊ ကောင်းကျိုးဆောင်ရွက်သူတို့အတွက် ကောင်းကျိုးပေးခြင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူလူထု၏ ဆန္ဒဖြစ်သော စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် တည်တံ့ခိုင်မြဲရေးအတွက်  နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ထိန်းသိမ်းဆောင်ရွက်နေခြင်း ဖြစ်သည်။ ထိုသို့ထိန်းသိမ်း ဆောင်ရွက်နေသည့်ဖြစ်ရပ်မှန်ကို မသိနားမလည်သူအချို့သည် ပြည်ပနိုင်ငံအချို့၊ ပြည်တွင်း ပြည်ပမီဒီယာအချို့၏ သွေးထိုးလှုံ့ဆော် ကောလာဟလမဟုတ်မမှန် သတင်းစကားများကို ယုံစားကာ လမ်းမှားသို့ ရောက်သွားကြသည်။ ထိုသို့လမ်းမှားရောက်သွားသူများအားလုံးကို နေ့စဉ်နေ့တိုင်း ပြန်လည်ဖိတ်ခေါ် လျက်ရှိသည့်အတွက် လူငယ်မောင်မယ်တို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိသည်မှာ ကောင်းခြင်း မင်္ဂလာတစ်ခုဖြစ်သည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့ရာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့သည် ထူးကဲမွန်မြတ်သည့် စိန်ရတုလွတ်လပ်ရေးနေ့ ဖြစ်သည်။ ခက်ခက်ခဲခဲရယူခဲ့ရသည့် လွတ်လပ်ရေးနှင့် အချုပ်အခြာသည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ အသက်ဝိညာဉ်ဖြစ်သည်။ အမျိုးသားခေါင်းဆောင်ကြီးများ နှင့် ဘိုးဘေးဘီဘင် မျိုးချစ်ပုဂ္ဂိုလ်များ၏ စွန့်လွှတ်စွန့်စားမှု၊ တပ်မတော်တစ်ရပ်ထူထောင်နိုင်ခဲ့မှုတို့ကြောင့် လွတ်လပ်ရေးကို ရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးကို ကမ္ဘာတည်သရွေ့ ထာဝစဉ်တည်တံ့ ခိုင်မြဲနေစေရန် အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဥမကွဲသိုက်မပျက် စည်းလုံးညီညွတ်စွာ ထိန်းသိမ်းစောင့်ရှောက်ကြ ရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် “တိုင်းပြည်အကျိုးသယ်ပိုးရည်သန်၊  စိတ်ထားမာန်ဖြိုး၊ ရန်မျိုးပယ်ရန်” ဆိုသည့်အတိုင်း မြန်မာနိုင်ငံရှိ ပြည်သူအားလုံးအတွက် ကောင်းကျိုးကိုသယ်ပိုးရွက်ဆောင် လျက်ရှိပေရာ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်အတူ ချစ်ကြည်စွာ လက်တွဲဆောင်ရွက် ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။   ။