အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်)

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး

မြန်မာနိုင်ငံကဲ့သို့ တိုင်းရင်းသားလူမျိုးပေါင်း ၁၀၀ ကျော်အတူတကွရှိနေသောနိုင်ငံတွင် အမျိုးသား စည်းလုံး ညီညွတ်ရေးမှာ မရှိမဖြစ်လိုအပ်လှသည်။ အမျိုးသားစည်းလုံးညီညွတ်ရေးမရှိသမျှ ကာလပတ်လုံး တိုင်းရင်းသား ပြည်သူလူထုအပေါင်းသည် အစားဆင်းရဲခြင်း၊ အနေဆင်းရဲခြင်း စသည့်လူမှုဒုက္ခအပေါင်းမှ လွတ်ကင်းနိုင်မည် မဟုတ်ပေ။ အမျိုးသားစည်းလုံးညီညွတ်ရေးအတွက် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များကို သဘောတူချမှတ် ကာ ပြည်ထောင်စု ငြိမ်းချမ်းရေးကို ခိုင်မာစွာတည်ဆောက်ကြရမည်ဖြစ်သည်။ တိုင်းရင်းသားအချင်းချင်း အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန်လေးစားမှု၊ အပြန်အလှန်ချစ်ခင်ရင်းနှီးမှု၊ အေးအတူပူအမျှ လက်တွဲ နေထိုင်လိုမှု စိတ်ဓာတ်များဖြင့် အမျိုးသား စည်းလုံးညီညွတ်ရေးကို တည်ဆောက် ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ကိုလိုနီလက်အောက်ခံဘဝတွင် တိုင်းရင်းသားအချင်းချင်း ရန်ငြိုးပွားစေရန် အမျိုးမျိုးသွေးခွဲခဲ့ ကြသည်။  သွေးခွဲအုပ်ချုပ်ရေးစနစ်သည်  ကိုလိုနီနယ်ချဲ့တို့ ကျင့်သုံးခဲ့သော စနစ်ဖြစ်သည်။ လွတ်လပ်ရေးရရှိပြီး သည့်အခါတွင်လည်း သွေးခွဲအုပ်ချုပ်ခြင်းမီးပွားတို့ တောက်လောင်ကာ လက်နက်ကိုင်တိုက်ခိုက်မှုများ ပေါ်ပေါက် နေခြင်းဖြစ်သည်။ နယ်ချဲ့တို့အနေဖြင့် မိမိတို့အုပ်ချုပ်ခဲ့သောနိုင်ငံအား လွတ်လပ်ရေး ပေးရမည်ဆိုသောအခါ ထိုနိုင်ငံပျက်သုဉ်းရေးကို ဦးတည်လုပ်ဆောင်လေ့ရှိသည်။ လွတ်လပ်ရေးပေးပြီးသော အခါတွင်လည်း တိုင်းရင်းသား အချင်းချင်း သွေးကွဲစေအောင် အဝေးကနေဖန်တီးနေသည်မှာ ယနေ့လူငယ်တို့ အသိပင်ဖြစ်သည်။

ဤလုပ်ဆောင်မှုများသည် ဗမာလူမျိုးတစ်မျိုးတည်းကိုသာ ထိခိုက်သည်မဟုတ်ပါ။ အုပ်ချုပ်သူအစိုးရ တစ်ဦး တည်းကိုသာ ထိခိုက်သည်မဟုတ်ပါ။ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သူ တိုင်းရင်းသားပြည်သူအပေါင်းတို့ကို ထိခိုက်နစ်နာစေခြင်းဖြစ်သည်။ ဆိုလိုသည်မှာ အမျိုးသား အကျိုးစီးပွားကို ထိခိုက်စေပြီး အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ထိခိုက်အောင်ပြုမူနေခြင်း ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရသည် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ခိုင်မာသည့်သန္နိဋ္ဌာန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့်  မြန်မာ့ငြိမ်းချမ်းရေးသမိုင်းတွင် တစ်ခါမျှမရှိခဲ့ဖူးသော လိုက်လျော ကမ်းလှမ်းချက်နှစ်ခုဖြစ်သည့် တစ်ဖက်သတ်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပေးခြင်းနှင့် ထာဝရငြိမ်းချမ်းရေးကို ဦးတည်ပြီး ကြိုတင်ကန့်သတ်ချက်မထားဘဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ကြားဆွေးနွေးခြင်းတို့ ဖြစ်သည်။ တပ်မတော် အနေဖြင့်လည်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှစပြီး ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်း အထိ ငါးနှစ်ကျော်ကာလ တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားသည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိခဲ့သည်မှာ (၇၅) နှစ်ပြည့်မြောက်ပြီဖြစ်သော်လည်း နယ်ချဲ့တို့၏ သွေးခွဲ အုပ်ချုပ်မှုစနစ်ကြောင့် လွတ်လပ်ရေးနှင့်အတူ ဖြစ်ပွားလာခဲ့သည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်းလုံးညီညွတ်မှုကို များစွာထိခိုက်ခဲ့သည်။ နိုင်ငံ၏ အရင်းအမြစ်များ၊ ခွန်အားများ၊ စွမ်းအားများမှာ ပဋိပက္ခကြောင့်ဆုံးရှုံးခဲ့သည်မှာ သင်ခန်းစာယူကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို မြန်မာတိုင်းရင်းသားအပေါင်းတို့က ညှိနှိုင်းဖြေရှင်းခြင်းကသာ အောင်မြင်မှုရရှိပေမည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် အချက်အချာကျကျ တည်ရှိနေသည့်အတွက် ပထဝီနိုင်ငံရေးအရ လွန်စွာအရေးပါသည့် နိုင်ငံဖြစ်သည်။ ကမ္ဘာ့နိုင်ငံကြီးအချို့က နိုင်ငံငယ်များ၏ ပြည်တွင်းရေး ကိစ္စများတွင် အကြောင်းအမျိုးမျိုးပြကာ ဝင်ရောက်စွက်ဖက်ပြီး တည်ငြိမ်မှုပျက်ပြားအောင်၊ စည်းလုံးညီညွတ်မှုပြိုကွဲအောင် နည်းလမ်းမျိုးစုံ အသုံးပြုလုပ်ဆောင်လျက်ရှိရာမှာ မြန်မာနိုင်ငံကိုလည်း ထိုနည်းလည်းကောင်း ကျင့်သုံးလျက် ရှိသည်။ သူတို့အလိုကျ ပုံဖော်ဆောင်ရွက်နိုင်ရေးနှင့် ဒေသတွင်းသြဇာကျယ်ပြန့်လာရေး အတွက် နည်းလမ်းမျိုးစုံ ဖိအားပေးအကျပ်ကိုင်ခြင်း၊ အပြစ်ရှာ ဝေဖန်တိုက်ခိုက်ခြင်း၊ ပိတ်ဆို့အရေးယူခြင်း တို့လုပ်ဆောင်နေသည်။ တိုင်းရင်းသားအချင်းချင်း သံသယစိတ်များဖြစ်ပေါ်ကာ နိုင်ငံပြိုကွဲအောင်၊ တည်ငြိမ်မှုပျက်ပြားပြီး ဖွံ့ဖြိုးမှုနှောင့် နှေးအောင် ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဆောင်ပုဒ်အတိုင်း ပြည်ထောင်စုသားအားလုံးက တစ်ဦးကိုတစ်ဦးရိုင်းပင်းကူညီကာ အမျိုးသားစည်းလုံး ညီညွတ်ရေးကျစ်လျစ်ခိုင်မာ စွာ တည်ဆောက်ကြရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ထာဝရ ငြိမ်းချမ်းရေးကို တည်ဆောက်လျက်ရှိရာတွင် ၂၀၂၂ ခုနှစ် မေ ၂၀ ရက်မှ အောက်တိုဘာ ၁၄ ရက် အထိ တစ်ဖွဲ့ချင်းအလိုက်သော် လည်းကောင်း၊ အဖွဲ့များပေါင်းစု၍သော်လည်းကောင်း နှစ်ကြိမ်တိုင် ဆွေးနွေးခဲ့ပြီးဖြစ်သည်။ ဆွေးနွေးခဲ့သမျှမှာ နိုင်ငံတော်၏အနာဂတ်အတွက် အောင်မြင်မှုရလဒ်များ ဖြစ်သည်။ နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ငါးဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေးမှုကိုလည်း ဒီဇင်ဘာ ၂၇ ရက်မှ ၂၉ ရက်အထိ ဆွေးနွေးခဲ့ကြရာ အောင်မြင်မှုသတင်းကောင်းများကို မြင်တွေ့ကြရပြီးဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ခိုင်မာသည့် သန္နိဋ္ဌာန်ဖြင့် ကြိုးပမ်းဆောင်ရွက် မှုများအောင်မြင်ပါစေ ကြောင်း ရေးသားလိုက်ရပေသည်။   ။