ဒီနှစ်မှာတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ ၁၅ ဖွဲ့ရဲ့ ရိုးရာအစားအစာတွေကို အခုလိုစုံစုံလင်လင် ခမ်းခမ်းနားနားနဲ့ ရောင်းချပြီးတော့ ပြည်သူလူထုကို လာရောက်ပြီး လေ့လာစားသောက်နိုင်အောင်၊ အခြားအစားအသောက်တွေ၊ အဝတ်အထည်တွေကိုလည်း သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချနေပါတယ

ဒီနှစ်မှာတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ ၁၅ ဖွဲ့ရဲ့ ရိုးရာအစားအစာတွေကို အခုလိုစုံစုံလင်လင် ခမ်းခမ်းနားနားနဲ့ ရောင်းချပြီးတော့ ပြည်သူလူထုကို လာရောက်ပြီး လေ့လာစားသောက်နိုင်အောင်၊ အခြားအစားအသောက်တွေ၊ အဝတ်အထည်တွေကိုလည်း သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချနေပါတယ်။

(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြခန်းများ၊ တိုင်းရင်းသား ရိုးရာအစားအစာ ပြခန်းများနှင့် ဂုဏ်ပြုယာဉ်များကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ရှေ့ တပေါင်းကွင်း၌ ဒုတိယနေ့အဖြစ် ဆက်လက်ခင်းကျင်းပြသလျက်ရှိသည်။

အဆိုပါ ပွဲတော်၌ လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများ၊ ခင်းကျင်းပြသထားသည့် ပြခန်းနှင့် ဂုဏ်ပြုယာဉ်များမှ တာဝန်ရှိသူများ၊ စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင်ဆင်နွှဲခဲ့ကြသူများ၏ ရင်တွင်းစကားသံများကို အများပြည်သူများသိရှိနိုင်ရန် ရေးသားဖော်ပြလိုက်ရပါသည်။

 

ဦးမြင့်စိုး (နေပြည်တော်ကောင်စီအဖွဲ့ဝင်)

ကျွန်တော်တို့ အထိမ်းအမှတ်ပြခန်းများ လုပ်ငန်းကော်မတီအနေနဲ့ နေပြည်တော် ကောင်စီကစီစဉ်ရပါတယ်။ ပြပွဲမှာဆိုရင် တိုင်းရင်းသားရိုးရာ အစားအစာပြခန်း ၁၅ ခန်း၊ ဂုဏ်ပြုယာဉ်ကတော့ စုစုပေါင်း  ၄၈ စီးဖြစ်ပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့ အထိမ်းအမှတ်ပြခန်း ၁၅ ခန်းနဲ့ ပြည်ထောင်စု ဝန်ကြီးဌာန အထိမ်းအမှတ်ပြခန်း ၂၅ ခန်း စုစုပေါင်း ပြခန်း ၄၀ ဖြစ်ပါတယ်။ ပြခန်းတွေ ဆောင်ရွက်တဲ့အခါမှာ နေပြည်တော် ကောင်စီအနေနဲ့ ရေ၊ မီး၊ အုပ်ချုပ်မှုကိစ္စတွေကို အဆင်ပြေအောင်ဆောင်ရွက်ပေးရပါတယ်။ အခုလို ဆောင်ရွက်ပေးတဲ့အတွက်  အခုလို စည်စည်ကားကားနဲ့ အများပြည်သူတွေ   လာရောက်ကြည့်ရှုနိုင်အောင်၊ တိုင်းရင်းသားရိုးရာ အစားအစာပြခန်း တွေမှာလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ် ကနေ အမှန်တကယ်ထွက်ရှိတဲ့ အစား အသောက်တွေကို မြည်းစမ်းနိုင်အောင် လာရောက်ရောင်းချရခြင်းဖြစ်ပါတယ်။ ဝန်ကြီးဌာနတွေနဲ့  ဆက်စပ်ပြီးတော့ ကုမ္ပဏီတွေအနေနဲ့ ပြည်သူလူထုကို ဈေးနှုန်း ချိုသာတဲ့ ပစ္စည်းတွေကို ရောင်းချချင်တယ်လို့ ပြောတဲ့အတွက်  အရောင်းဆိုင်ခန်း ခုနစ်ခန်းလည်း   ဖွင့်လှစ်ထားပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို စည်ကား သိုက်မြိုက်စေဖို့အတွက် အချိန်ကုန်၊ ငွေကုန်ခံပြီး ကျင်းပဆောင်ရွက်ပေးတဲ့ အခါမှာ  ကျွန်တော်တို့ကလည်း  အများပြည်သူတွေက သိရှိလေ့လာနိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်ပေးထားပါတယ်။ စီစဉ် ဆောင်ရွက်ပေးတဲ့ နေရာမှာ ကျောင်းသားလူငယ်တွေ၊  မိဘပြည်သူတွေ  လွယ်ကူ အဆင်ပြေစွာ ဝင်ရောက်လေ့လာကြည့်ရှုနိုင်ဖို့နဲ့ ဈေးနှုန်းသက်သာတဲ့ ကုန်ပစ္စည်းတွေ ဝယ်ယူနိုင်ဖို့နဲ့ တိုင်းဒေသကြီး/ပြည်နယ်က ထွက်ကုန်တွေကို လွယ်ကူစွာစားသောက် ရအောင် စီစဉ်ဆောင်ရွက်ထားပါတယ်။

ပြပွဲကိုနံနက် ၉ နာရီကနေ ည ၉ နာရီခွဲအထိ ပြသထားပါတယ်။ အရင်နှစ်ကတော့ တိုင်းဒေသကြီးပြည်နယ် အစိုးရအဖွဲ့ ဂုဏ်ပြုယာဉ်များသာပြသနိုင်ပါတယ်။ ဒီနှစ်မှာတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ  ၁၅ ဖွဲ့ရဲ့  ရိုးရာအစားအစာတွေကို အခုလို စုံစုံလင်လင် ခမ်းခမ်းနားနားနဲ့ရောင်းချပြီးတော့ ပြည်သူလူထုကိုလာရောက်ပြီး လေ့လာစားသောက်နိုင်အောင်၊  အခြားအစားအသောက်တွေ၊ အဝတ်အထည်တွေကိုလည်း သက်သာတဲ့ ဈေးနှုန်းနဲ့ ရောင်းချနေပါတယ်။ နိုင်ငံတော်အစိုးရက စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုးပမ်းအားထုတ်ပြီး ရဟန်းရှင်လူပြည်သူများ ဗဟုသုတရနိုင်အောင် ပြခန်းတွေကို ဖွင့်လှစ်ပြသရခြင်းဖြစ်ပါတယ်။ အခုလက်ရှိ ကျောင်းသားလူငယ်များ၊ ဝန်ထမ်းများနဲ့ ဒေသခံပြည်သူများ လာရောက်ကြည့်ရှုလေ့လာနေကြတာကိုလည်း တွေ့ရှိရတဲ့အတွက်ကြောင့်   ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

ဦးတင်အေး (စီးပွားရေးရာဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီး)

ဂုဏ်ပြုယာဉ်မှာ ပထမဆုံးဆောင်ရွက်တာကတော့ တိုင်းဒေသကြီးက စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်တဲ့အတွက် စိုက် ပျိုးရေးကို အခြေခံပြီးတော့ ဆောင်ရွက်ခဲ့ ပါတယ်။ စပါးစတင်စိုက်ပျိုးတာကနေစပြီး တလင်းပျောက်စနစ်နဲ့ ရိတ်သိမ်းတဲ့အထိ ခေတ်မီအောင်လုပ်ထားပါတယ်။ နိုင်ငံခြားကို   တင်ပို့နိုင်တဲ့အထိ  ဆောင်ရွက်တဲ့ အဆင့် ၄ ဆင့်ကို  သရုပ်ပြဆောင်ရွက်ပါတယ်။  ဂုဏ်ပြုယာဉ်ကို စတင်ဆောင်ရွက်စဉ်တုန်းက  ဆုရရမယ်ဆိုပြီး မရည်ရွယ်ခဲ့ပါဘူး။ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်တာဖြစ်ပါတယ်။ ကျွန်တော်တို့ ဝန်ကြီးချုပ်ကလည်း သေချာညွှန်ကြားပါတယ်။ သူ့ရဲ့ညွှန်ကြားချက်တွေနဲ့အညီ အကောင်အထည်ဖော်လုပ်ဆောင်ရင်း ဂုဏ်ပြုယာဉ်ဟာ ပြည့်စုံမှုဖြစ်သွားတဲ့အတွက်  နိုင်ငံတော်ကလည်း ပထမဆုကို ချီးမြှင့်တဲ့အတွက်  တိုင်းဒေသကြီးကိုယ်စား ဂုဏ်ယူဝမ်းသာမိတဲ့အပြင် ဝန်ကြီးချုပ်ကြီးအတွက်လည်း ဝမ်းသာမိပါတယ်။

အခု ဂုဏ်ပြုယာဉ်မှာ ထည့်သွင်းပြ သထားတာကတော့ MSME လုပ်ငန်းတွေဖြစ်တဲ့နာမည်ကြီး ပုသိမ်ထီးလုပ်ငန်း၊ ချောင်းသာ၊ ငွေဆောင်၊ ငွေသောင်ယံကမ်းခြေကို တော်တော်များများသိနေတဲ့အတွက်  ကမ်းခြေကို လာရောက်အပန်းဖြေရင် ဘယ်လိုပျော်ရွှင်စရာလေးဖြစ်မယ် ဆိုတာကိုလည်း သရုပ်ဖော်ထားပါတယ်။  ကြိမ်ထည်လက်မှုလုပ်ငန်းကိုလည်း ပြသထားပါတယ်။  ဧရာဝတီတိုင်းရဲ့ သဘာဝအလှတရားနဲ့ လုပ်ငန်းတွေကို ဖော်ပြပြီးတော့ အားလုံးသိအောင် တင်ပြထားပါတယ်။   ဧရာဝတီတိုင်းဂုဏ်ပြုယာဉ်ကို လာရောက်လေ့လာမယ်ဆိုရင်လည်း အားလုံးကို နွေးထွေးပျူငှာစွာ ကြိုဆိုလျက်ပါလို့ ပြောချင်ပါတယ်။

ဦးဇော်လှိုင်ဝင်း (ညွှန်ကြားရေးမှူး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန)

ကျွန်တော်တို့ ပြခန်းမှာဆိုရင်  ဝန်ကြီးဌာနရဲ့ မူဝါဒတွေ၊ ရည်မှန်းချက်တွေနဲ့အတူ အခြားအချက်အလက်တွေနဲ့ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လုပ်ငန်းဆောင်ရွက်ချက်တွေကို ပြသထားပါတယ်။ ဦးစီးဌာနအနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ လမ်း၊ တံတား၊ ကျန်းမာရေး၊ အိမ်ရာ ဆောက်လုပ်ရေး၊ ရေရရှိရေး၊ မီးလင်းရေး၊ ဆိုလာနဲ့ ရေတင်စိုက်ပျိုးရေးလုပ်ငန်းဆောင် ရွက်ခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို ဝေဝေဆာဆာပြသထားပါတယ်။   ပြခန်းမှာ တိုင်းရင်းသားပြည်သူတွေအတွက် အထောက် အကူပြုနိုင်အောင်    ဘယ်လောက်ထိ ဆောင်ရွက်ထားတယ်ဆိုတာကို ဓာတ်ပုံ မှတ်တမ်းများ၊ ဗီဒီယိုကလစ်များ၊ ပုံစံငယ်များ နဲ့ပြသထားတဲ့အတွက် ပြပွဲကိုလာရောက်တဲ့ မိဘပြည်သူများအနေနဲ့  ဝင်ရောက်လေ့လာကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ 

မောင်ဇော်ဇော်အောင်(အမှတ် ၆ အခြေခံပညာအထက်တန်းကျောင်း)

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့မှာ စာလုံးဖော်သရုပ်ဆောင်တဲ့နေရာကနေ တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ ဥပ္ပါတသန္တိဘုရားကို သွားရောက်ဖူးမြော်ပြီး မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်နေတာကို သွားရောက်လေ့လာခဲ့ပါတယ်။ အခုက ဂုဏ်ပြုယာဉ်တွေ လေ့လာပြီး ရခိုင်အစားအစာတွေကို    ဝယ်စားခဲ့ပါတယ်။ အခုကတော့ နေပြည်တော်အပါအဝင်  တိုင်းဒေသကြီး၊ ပြည်နယ်ပြခန်းတွေနဲ့ ဝန်ကြီးဌာန ပြခန်းတွေကို လေ့လာနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ အထင်ကရနေရာတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လည်ပတ်မယ်ဆို မသွားနိုင်ပါဘူး။ ဒါပေမဲ့ ဒီလိုအထင်ကရနေရာတွေကို တစ်နေရာတည်းမှာ အခုလိုမြင်တွေ့ရတော့ အလွန်ပျော်ရွှင်ရပါတယ်။ တိုင်းရင်းသားတွေရဲ့ နေထိုင်စားသောက်မှုပုံစံတွေကို တွေ့ရတော့ ဝမ်းသာပါတယ်။ တိုင်းဒေသကြီးနဲ့ပြည်နယ် ကိုယ်စားပြုပြခန်းတွေကို လေ့လာရတော့ သိချင်တာတွေလည်း သိရတယ်။ ဒီပြည်နယ်ကိုသွားရင် ဒီပြည်နယ်မှာ ဘာအစားအသောက်တွေရတယ်။ ဘယ်လိုနေထိုင်ရမယ်ဆိုတာလည်း ကောင်းကောင်းနားလည်သွားတယ်။ ပျော်စရာကောင်းပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်ရဲ့ အလှအပတွေနဲ့ အသိပညာ ဗဟုသုတွေရတဲ့အတွက်  ပြပွဲကိုလာရောက်လေ့လာ လည်ပတ်ကြည့်ရှုပါလို့ ဖိတ်ခေါ်ချင်ပါတယ်။

ဒေါ်မိုးမိုးအေး ( ညွှန်ကြားရေးမှူး၊ အသေးစားစက်မှုလက်မှုဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန)

တိုင်းရင်းသားရိုးရာ အစားအစာရောင်းချတာနဲ့ ဒေသထွက်ကုန်ပစ္စည်းရောင်းချတဲ့ ပြည်ထောင်စုနယ်မြေ ဒေသထွက်ပစ္စည်းများ အရောင်းပြခန်းမှာ တာဝန်ယူထားပါတယ်။ နေပြည်တော် ရှစ်မြို့နယ်က ထွက်ရှိတဲ့ မြန်မာ့ရိုးရာအစားအစာတွေနဲ့ ဒေသထွက်ကုန်တွေကို ရောင်းချခြင်းအားဖြင့် တိုင်းဒေသကြီးနဲ့ပြည်နယ် ၁၅ ခုက သိသွားတဲ့အပြင် လုပ်ငန်းရှင်များအနေနဲ့လည်း သူတို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေကို ကြော်ငြာပြီးသား ဖြစ်သွားတယ်။  နေပြည်တော်မှာ ဒေသထွက်ကုန်တွေဖြစ်တဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကိုအခြေခံတဲ့ ထွက်ကုန်တွေကို အဆင့်မြှင့်တင်ပြီး   စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းတွေ အများဆုံးတင်ထားပါတယ်။ ပြခန်းကို လာရောက်ဝယ်ယူသူတွေအနေနဲ့ နေပြည်တော်ဒေသက စိုက်ပျိုးရေးနဲ့မွေးမြူရေးကို အခြေခံတဲ့ ထွက်ကုန် တွေကို တန်ဖိုးမြှင့်ထွက်ကုန်အဖြစ် ထုတ်လုပ်ရောင်းချနေတာကိုသိပြီး သူတို့ဒေသကိုပြန်ရောက်ရင်   ဒါကို   အတုယူပြီး ပြန်လုပ်လို့ရသွားမယ်။ ဒီပွဲကိုလာရင်းနဲ့ နေပြည်တော်ဒေသမှာထွက်ရှိပြီး ကျန်တဲ့ဒေသမှာ မထွက်ရှိတဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူသုံးဆောင်နိုင်ပါမယ်။

 တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုက ရိုးရာဓလေ့အစားအစာတွေ၊ ယဉ်ကျေးမှုတွေကိုလေ့လာနိုင်မယ်။   ဝန်ကြီးဌာနအားလုံးကလုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်တွေကိုလည်း သိရမယ်။  ပြည်သူလူထုအတွက် နိုင်ငံတော်က လူမှုစီးပွားဖွံ့ဖြိုးဖို့အတွက်     ဘယ်လောက်ထိအားထည့်ပြီး လုပ်ဆောင်နေတယ်ဆိုတာ ဒီပြပွဲလာတဲ့ ပြည်သူလူထုတွေလည်း သိရှိသွားမယ်။ ပြခန်းတွေ၊ ဂုဏ်ပြုယာဉ်တွေကနေ ပြည်သူလူထုအတွက် ဘယ်လိုအကျိုး သက်ရောက်မှုရှိအောင်    အတုယူပြီး ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတဲ့ အသိပညာဗဟုသုတ ရရှိသွားမှာပါ။ ကျွန်မတို့ ဦးစီးဌာနအနေနဲ့လည်း အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေဖို့ မျှော်မှန်းပြီး ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ကြားနိုင်ခြင်းမရှိတဲ့ လူငယ်တွေကို  အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ဖို့ ဒေသခံတွေရဲ့ တောင်းဆိုချက်အရ သင်တန်းပေါင်း ၃၁ မျိုးကို ဖွင့်လှစ်သင်ကြားပေးခဲ့ပါတယ်။

တွေ့ဆုံမေးမြန်း-မျိုးဆက်သစ်

ဓာတ်ပုံ-ကိုကိုအေး