စည်းလုံးညီညာ ပြည်သာယာ

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်)

စည်းလုံးညီညာ ပြည်သာယာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့သည်မှာ ယခုဆိုလျှင် (၇၅)နှစ်မြောက် စိန်ရတုကာလသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ လွတ်လပ်ရေးရရှိခဲ့သော်လည်း လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာ သည့်လက်နက်ကိုင် ပဋိပက္ခများကြောင့် လွတ်လပ်ရေး၏အရသာကို ပြည်သူများ ပြည့်ပြည့်၀၀ မခံစားရသေး သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရသည် လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းရေး အလေးပေး ဆောင်ရွက်လျက်ရှိသည်။ လက်နက်ကိုင် ပဋိပက္ခများကိုဖြေရှင်းနိုင်လျှင် တိုင်းရင်းသားများနှင့် တိုင်းရင်းသား ဒေသများ၏ အခွင့်အရေး ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်သည်။ ၂၀၂၃ ခုနှစ်သည် မြန်မာနိုင်ငံအတွက် အကောင်းဆုံး သောရလဒ်များ ထွက်ပေါ်လာမည့်နှစ်ဟု ယုံကြည်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားတွင် “၂၀၂၃ ခုနှစ်ဟာ ကျွန်တော်တို့နိုင်ငံလွတ်လပ်ရေးရတာ ၇၅ နှစ်ပြည့်စိန်ရတုတိုင်ခဲ့ပြီဖြစ်သလို တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးရဲ့အသီးအပွင့်တွေကိုခံစားဖို့ အစပျိုးတဲ့နှစ်တစ်နှစ်ပဲဖြစ်ပါ တယ်။ မြန်မာ့နိုင်ငံရေးအချိုးအကွေ့တစ်ခုမှာ သမိုင်းကောင်းတစ်ခုကိုဖန်တီးနိုင်မယ့်အခွင့်အရေးကောင်းတစ်ခုကို တိုင်းရင်းသားပြည်သူတွေ ပိုင်ဆိုင်ခွင့်ရတဲ့နှစ်တစ်နှစ်ဖြစ်တာကြောင့် ဒီအခွင့်အရေးကို အရယူနိုင်ဖို့မျှော်လင့်ပါ တယ်။ ကျွန်တော်တို့အားလုံး အတူတကွလျှောက်လှမ်းချင်တဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ် ခိုင်မာစေရန်နဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ယခုရှိပြီးသား ထက် ပိုမိုတဲ့ပေါင်းစည်းညီညွတ်မှုများနဲ့ ရှေ့ကိုခရီးဆက်ရမှာပဲဖြစ်ပါတယ်” ဟူ၍  ထည့်သွင်းပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးအပေါင်းတို့သည် အေးအတူပူအမျှ အတူတကွ လက်တွဲနေထိုင်ခဲ့သည်မှာ လွန်ခဲ့သော နှစ်ပေါင်းများစွာမှ ယနေ့တိုင်ဖြစ်သည်။ မြန်မာနိုင်ငံသည် ကိုလိုနီနယ်ချဲ့တို့၏ လွှမ်းမိုးအုပ်ချုပ်ခြင်း ခံရစဉ် တောင်ပေါ်နှင့်မြေပြန့်နယ်မြေပိုင်းခြားအုပ်ချုပ်ခြင်း၊ လူမျိုးရေးခွဲခြားခံရခြင်းတို့ဖြင့် မိသားစုအချင်းချင်း သွေးခွဲခြင်းခံခဲ့ရသည့် ဒဏ်ရာဒဏ်ချက်များမှာ ယနေ့တိုင် ပျောက်ကင်းခြင်းမရှိသေးပေ။ နိုင်ငံတစ်နိုင်ငံတွင် လွတ်လပ်ရေး ဆုံးရှုံးရသည်ထက် ကြီးမားသည့် ဆုံးရှုံးမှုမရှိသောကြောင့် မိမိတို့နိုင်ငံ၏ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံသားအားလုံးက ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။ စောင့်ရှောက်ရန် တာဝန်ရှိကြောင်းကိုလည်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပုဒ်မ ၃၈၃ တွင် ခိုင်ခိုင်မာမာ ပြဋ္ဌာန်း ထားပြီးဖြစ်ပါသည်။

မြန်မာနိုင်ငံလွတ်လပ်ရေး ပြန်လည်ရရှိခဲ့ပြီးနောက် နယ်ချဲ့တို့၏ နှစ်ပေါင်းတစ်ရာကျော် အုပ်ချုပ်ခဲ့သည့် သွေးခွဲခဲ့မှုကြောင့် တိုင်းရင်းသားသွေးချင်း ညီအစ်ကိုမောင်နှမ အချင်းချင်းတို့အကြား ယုံကြည်မှုလျော့နည်းခဲ့ပြီး သံသယစိတ်ဓာတ်များဖြင့်  လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာရသည်။ ထို့ပြင် နိုင်ငံရေးအယူအဆနှင့် အယူဝါဒ ကွဲပြားမှု အမျိုးမျိုးကြောင့်လည်း ပဋိပက္ခများဖြစ်ပေါ်ခဲ့ရသည်။ ထိုပဋိပက္ခများအား ဖြေရှင်းနေရသဖြင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုသည် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုးတိုးတက်မှု နောက်ကျစေမှုကို ဖြစ်ပေါ်စေခဲ့ပါသည်။

ထို့ကြောင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးသည် စုပေါင်းညီညာစွာဖြင့် မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး စွမ်းဆောင် ကြရမည်ဖြစ်သည်။ လက်ရှိအခြေအနေတွင် ပြည်ပနိုင်ငံအချို့၏ မတရားသွေးထိုးလှုံ့ဆော်မှုများ၊ ဖိအားပေးမှုများ ကိုလည်း အမြဲသတိပြုကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်နှောင့်ယှက်နေခြင်းသည် မြန်မာတို့ ကောင်းကျိုးကိုလိုလား၍မဟုတ်ကြောင်း လက်ရှိမြေပြင်တွင် ဖြစ်ပျက်နေသည်များက သက်သေပြလျက် ရှိပါသည်။ မိမိနိုင်ငံ၊ မိမိလူမျိုးနှင့် ဘာသာသာသနာတို့အပေါ် သစ္စာစောင့်သိပြီး ရင့်ကျက်သည့် အမျိုးသားရေး စိတ်ဓာတ်ဖြင့် မြန်မာနိုင်ငံသည် လွတ်လပ်သောအချုပ်အခြာ အာဏာပိုင်နိုင်ငံအဖြစ် ကမ္ဘာတည်သရွေ့ တည်တံ့ နေအောင် ကြိုးစားကြရမည်ဖြစ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှု အပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စုကို ပြည်ထောင်စုဖွား တိုင်းရင်းသားများ အကြားအပြန်အလှန်လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှုများဖြင့် တည်ဆောက်ပေးရန် ဦးဆောင် ကြိုးပမ်းလျက်ရှိပါသည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်အဖြစ် နိုင်ငံတော်သာယာဝပြောရေးနှင့် စားရေ ရိက္ခာပေါများရေးကို ဦးတည်ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်သာယာဝပြောရေးဟုဆိုရာ၌ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ ပါဝင်ပေရာတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပြီး ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ခြင်းဖြင့် အဆိုပါ ရည်မှန်းချက်သို့ ရောက်ရှိအောင် လုပ်ဆောင်ကြရမည်ဖြစ်သည်။ အနှစ်ချုပ် ဆိုရသော် စည်းလုံးညီညာ ပြည်သာယာဆိုသည့်အတိုင်း တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက နိုင်ငံတော်အစိုးရနှင့် အတူ စည်းလုံးညီညွတ်စွာ ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။