စွမ်းရည်သတ္တိနှင့် မြန်မာမျိုးဂုဏ်ရည်

စွမ်းရည်သတ္တိနှင့် မြန်မာမျိုးဂုဏ်ရည်

၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ စတင်ကျင်းပခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်

တက်ရောက်၍ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများအား ကိုယ်တိုင်လက်ရောက်ပေးအပ်ခဲ့သည်။ ဇန်နဝါရီ ၁ ရက်ပထမနေ့တွင် ၂၀၆ ဦးကိုလည်းကောင်း၊ ဇန်နဝါရီ ၂ ရက် ဒုတိယနေ့တွင် ၃၄၄ ဦးကိုလည်းကောင်း ပေးအပ်ခဲ့သည်။  ပထမနေ့အခမ်းအနားတွင် သီဟသူရဘွဲ့ရရှိသူတစ်ဦးနှင့် သူရဘွဲ့ရရှိသူ  လေးဦးတို့ ပါဝင်ခဲ့သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့တွင် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ကျင်းပသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့သည်။ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ၃၂ ဦး၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူနှစ်ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ၃၉ ဦးတို့ကို ပေးအပ်ချီးမြှင့်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်က တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနား၌ ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် မိမိတို့ချီးမြှင့်ခြင်းခံရသည့် တပ်မတော်ဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ၏ တန်ဖိုး ပိုင်းဖြတ်၍မရသည့်လေးနက်မှုကို မျိုးဆက်သစ်များမျှဝေခံစားလို့ရအောင် လက်ဆင့်ကမ်းအမွေပေးသွားကြရန်၊ တပ်မတော်၏နိုင်ငံတော်ကာကွယ်ရေးနှင့် တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းများတွင် မိမိတို့ထံကျရောက်လာမည့် တာဝန်များနှင့်ပတ်သက်ပြီး ကျေပွန်အောင်ဆက်လက်ထမ်းဆောင်သွားကြရန်၊ လွတ်လပ်ရေး၏ တန်ဖိုး၊ လွတ်လပ်ရေး၏အမွေကို သိရှိနားလည်ပြီး ဒို့တာဝန်အရေးသုံးပါးကို ထာဝစဉ်ကာကွယ် စောင့်ရှောက်မည်ဟူသည့် ယုံကြည်ချက်၊ ခံယူချက်နှင့် တပ်မတော်သားကောင်းများဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းပြောကြားခဲ့သည်။

နိုင်ငံတော်၏လွတ်လပ်ရေးကြိုးပမ်းမှု ကာလတစ်လျှောက်တွင် တပ်မတော်၏ စွမ်းဆောင်မှုများသည် နိုင်ငံတော်အပေါ် သစ္စာစောင့်သိရိုသေခြင်း ဖြစ်သည်။ လွတ်လပ်ရေးရပြီး နောက်ပိုင်းကာလများတွင်လည်း နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှု အကျိုးဆက်ကြောင့် ပေါ်ပေါက်လာခဲ့ရသော ခွဲထွက်ရေးလှုပ်ရှားမှုများ၊ ဆူပူမှုများ၊ လက်နက်ကိုင်သောင်းကျန်းမှုများကြောင့် လွတ်လပ်ရေးဆုံးရှုံးရန် လက်တစ်ကမ်းအလိုတွင် တပ်မတော်က ထူးခြားပြောင်မြောက်သော စွမ်းဆောင်ရည်များနှင့် လွတ်လပ်ရေးကို ထိန်းသိမ်းနိုင်ခဲ့သည်။ ထို့ကြောင့် အမြင့်ဆုံးဖြစ်သော အောင်ဆန်းသူရိယဘွဲ့ကို တပ်မတော်သားတို့အား ပေးအပ်ချီးမြှင့်ဂုဏ်ပြုခြင်း ခံခဲ့ရသည်မှာ ထင်ရှားသော သမိုင်းမှတ်တိုင်ဖြစ်သည်။

ခေတ်အဆက်ဆက် တပ်မတော်သည်အမျိုးသားရေးကို ဘယ်တော့မှသစ္စာမဖောက်ခဲ့ကြောင်း ထင်ရှားသည့်အပြင် ယနေ့တိုင်လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲလျက်ရှိသည်မှာ စွမ်းဆောင်ရည် မြင့်မားသောတပ်မတော်သားတို့ရှိနေခြင်းကြောင့် ဖြစ်သည်။ တပ်မတော်သားတို့သည် မိမိတို့ကိုယ်ပိုင်ဆန္ဒဖြင့် အများအကျိုးသယ်ပိုးလိုစိတ် စွန့်စားလိုစိတ်တို့ကိုအခြေခံကာ စစ်မှုထမ်းဆောင်နေခြင်း ဖြစ်သည်။ ထိုအခြေခံစိတ်ဓာတ်ကောင်းများကို မူတည်ပြီး လက်တွေ့ပြောင်မြောက်သည့်  ရဲစွမ်းသတ္တိကို ပြသနိုင်ခဲ့သူများသည် နိုင်ငံတော်နှင့်တပ်မတော်အတွက် သူရဲကောင်းများပင်ဖြစ်သည်။

နိုင်ငံတော်နှင့်တပ်မတော်က နှစ်စဉ်နှစ်တိုင်းသူရဲကောင်းတို့၏ ရဲစွမ်းသတ္တိကို အသိအမှတ်ပြုသည့် အနေဖြင့် ထိုက်တန်သည့် ဘွဲ့ထူးဂုဏ်ထူးများပေးအပ်ချီးမြှင့်လျက်ရှိသည်။ နိုင်ငံတော်ကာကွယ်ရေးမှာ နိုင်ငံသားတိုင်း၏ မွေးရာပါ တာဝန်ဖြစ်ပေရာ ဂုဏ်ပြုခံသူရဲကောင်းများကဲ့သို့ လူငယ်လူရွယ်တိုင်း   ငါ့နိုင်ငံတော် ငါ့နိုင်ငံသားတို့ကို ငါတို့လည်းကာကွယ်မည်ဟူသောစိတ် မွေးမြူကြစေချင်သည်။

နိုင်ငံတော်၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် အကောင်းဆုံးသော အာမခံချက်သည် ရိုသေခံ့ညားလောက်သည့် ကာကွယ်ရေးစွမ်းအားစု တည်ဆောက်ပိုင်ဆိုင်ခြင်းဖြစ်သည်။ တပ်မတော်၏ ရည်မှန်းချက်မှာ အင်အားတောင့်တင်း၍ စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ် တပ်မတော်တစ်ရပ် တည်ဆောက်ရေးဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်း ခံရသူများကို နှစ်ထောင်းအားရ ဂုဏ်ပြုပါကြောင်းနှင့် ယနေ့လူငယ်များအနေဖြင့်လည်း နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ခြင်းဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့ အကျိုးသယ်ပိုးကြပါရန် ရေးသားလိုက်ရပေသည်။  ။