စလင်းမြို့ ဝက်သည်းကန်မှ ထွက်ရှိသည့်ကြာချည်များ ဈေးကောင်းရ

စလင်းမြို့ ဝက်သည်းကန်မှ ထွက်ရှိသည့်ကြာချည်များ ဈေးကောင်းရ

    မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ဝက်သည်းကန်မှ ရရှိသော ကြာရိုးများမှ တစ်ဆင့်ထွက်ရှိသည့် ကြာချည်များမှာ ယနေ့ထိတိုင် ဈေးကွက်တွင် ဈေးကောင်း ရရှိကြောင်း သိရသည်။

စလင်းမြို့၌ ကြာချည်ထုတ် လုပ်ငန်းကို အင်းလေးဒေသမှ နည်းပညာများ သွားရောက် လေ့လာသင်ယူ၍ ၂၀၀၉ ခုနှစ်မှစတင်ကာ စလင်းမြို့  ဝက်သည်းကန်ကို အမှီပြု၍ အနီးနားတွင် နေထိုင်ကြသောကျေးရွာမှ ဒေသခံပြည်သူများက မြန်မာ့ရိုးရာ လက်မှု ပညာကို ဖော်ညွှန်းလုပ်ကိုင်ရင်း ယနေ့အထိ လုပ်ကိုင်ဆောင်ရွက်နေကြောင်း သိရသည်။

ကြာချည်ထုတ်လုပ်ရန် အဓိကကုန်ကြမ်း ကြာရိုးများကို စလင်းမြို့  ဝက်သည်းကန် အတွင်းမှ  မိမိတို့ သတ်မှတ်ထားသော နယ်နိမိတ်ဧရိယာအတွင်း၌ လုပ်သားများဖြင့် နုတ်ယူရပြီး ကြာရိုးတစ်ရိုး၏ အရှည်မှာ ၇ ပေဝန်းကျင် အထိရှိကြောင်း၊ ကြာထုံး အကြီးအသေးပေါ်မူတည်၍ ကြာချည်ဆွဲချိန် ၁ နာရီခွဲခန့်ကြာမြင့်ပြီး ကြာထုံးတစ်ထုံးလျှင် ကြာချည်တစ်ကျပ်ခွဲသားခန့် ထွက်ရှိကာ ချည်ဆွဲလုပ်အားခ ကြာချည်အခြောက် တစ်ကျပ်သားလျှင် ငွေကျပ် ၁၃၀၀ ဝန်းကျင် ရရှိကြောင်း၊ ကြာချည်ဆွဲသူ အမျိုးသမီးများမှ မိမိတို့လုပ်အားအပေါ် မူတည်၍ တစ်ရက်လျှင် ကြာချည်အခြောက် သုံးကျပ်သားမှ လေးကျပ်သားအထိ ကြာချည်ဆွဲနိုင်ကြောင်း စလင်းမြို့နယ်  ရှမ်းရွာကုန်းကျေးရွာမှ ကြာချည်ဆွဲလုပ်ကိုင်သူ မဖြူဖွေးက ပြောသည်။

“ကြာချည်ထုတ် လုပ်ငန်းရှင်များအနေဖြင့် တစ်ရက်လျှင် ကြာချည်အခြောက် ၂၅ ကျပ်သားမှ ၃၀ ကျပ်သားအထိ  ရရှိပြီး ကြာချည်အခြောက်  (ကုန်ကြမ်း)ရရှိရန် ချည်ဆွဲ၍ရရှိလာသော ကြာချည်အစိုများကို ရစ်ဘီးတွင်ရစ်၍ အရိပ်ထဲတွင် တစ်ညခန့် လေသလပ်အောင် အခြောက်ခံထားရကြောင်း၊ ရရှိလာသော ကြာချည်ကုန်ကြမ်းများကို အင်းလေးဒေသသို့ ပိဿာချိန်ဖြင့် တင်ပို့ရောင်းချရပြီး ကြာချည်အခြောက် တစ်ပိဿာလျှင် ငွေကျပ် လေးသိန်းအထိ ရရှိကြောင်း၊ စလင်းမြို့နယ်  ဝက်သည်းကန်မှ ထွက်ရှိသော ကြာရိုးကို ကြာချည်ကုန်ကြမ်းများ အဖြစ်သာ ထုတ်လုပ်ကြပြီး ကြာရွက်ကို ဈေးများတွင် အသားငါး၊ ဟင်းသီးဟင်းရွက်၊ ပန်း  စသည်ဖြင့်  ထုပ်ပိုးမှုအဖြစ် သုံးစွဲရောင်းချကြောင်း  မြထည်ဝါကြာချည်ထုတ် လုပ်ငန်းလုပ်ကိုင်သူ ဦးသောင်းစိန်က ပြောသည်။

စလင်းမြို့ ဝက်သည်းကန်မှ ရရှိလာသော ကြာချည်များကို ကုန်ကြမ်းအဖြစ်သာ ထုတ်လုပ်၍ အင်းလေးဒေသသို့  တင်ပို့ရောင်းချကာ  ၎င်းကြာချည်အခြောက် ကုန်ကြမ်းများကို   အင်းလေးဒေသတွင် ရက်ကန်းနှင့် နည်းပညာများကို အသုံးပြု၍ ကြာသင်္ကန်း၊ ကြာပဝါ၊ ကြာပိုက်ဆံအိတ်၊ ကြာဦးထုပ်၊   ကြာအဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်း အမျိုးမျိုးကို  ကုန်ချောအဖြစ်  ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိ ကြောင်း သိရသည်။