ပွင့်ဖြူမြို့နယ်၌ မြေအောက်ရေ အသုံးပြုစိုက်ပျိုးသည့် ပန်းမုန်လာများ အောင်မြင်ဖြစ်ထွန်း

ပွင့်ဖြူမြို့နယ်၌ မြေအောက်ရေ အသုံးပြုစိုက်ပျိုးသည့် ပန်းမုန်လာများ အောင်မြင်ဖြစ်ထွန်း

    မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ မုန်းချောင်းရေနှင့်   မြေအောက်ရေတို့ကို အမှီပြု၍ ပန်းမုန်လာများ စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိကာ တောင်သူများ   လုပ်ငန်းအဆင်ပြေလျက် ရှိကြောင်း  တစ်နိုင်တစ်ပိုင် ဟင်းသီးဟင်း ရွက် စိုက်ပျိုးတောင်သူများ၏ ပြောပြချက် အရ သိရသည်။

ပန်းမုန်လာသည် စိုက်ပျိုးပြီး နှစ်လခွဲခန့် အကြာတွင် ရောင်းတမ်းဝင်ပြီး လှိုင်လှိုင် ဆွတ်ခူးရောင်းချရကြောင်း၊  ပွင့်ဖြူမြို့နယ် ဒေသထွက်  ပန်းမုန်လာများသည်  လတ် ဆတ်ပြီး  အရည်အသွေး ကောင်းမွန်သောကြောင့် ရောင်းချရာတွင် ဈေးကွက်အတွင်း ရောင်းအားကောင်း၍   ပွင့်ဖြူမြို့အပြင်  မင်းဘူးနှင့်  မကွေးမြို့တို့သို့လည်း တင်ပို့ ရောင်းချရကြောင်း ပွင့်ဖြူမြို့နယ် သက်တော်ရှည် ရပ်ကွက်မှ တစ်နိုင်တစ်ပိုင် ပန်းမုန်လာ စိုက်ပျိုးသည့်  ဒေသခံတောင်သူတစ်ဦးက ပြောသည်။

“ပွင့်ဖြူမြို့နယ်မှာ   ဒေသခံတောင်သူတွေက မြေအောက်ရေနဲ့ မုန်းချောင်းရေကို အမှီပြုပြီး မုန်းချောင်းဘေး တစ်လျှောက် ကိုင်းမြေနဲ့  မြေနုကျွန်းတွေမှာ တစ်နိုင် တစ်ပိုင်  ပန်းမုန်လာစိုက်ပျိုးရေး လုပ်ငန်းကို မိသားစုစားဝတ်နေရေး အတွက် အပိုဝင်ငွေရရှိအောင်  လုပ်ကိုင်ကြပါတယ်။ ပန်းမုန်လာစိုက်ပျိုးရေး လုပ်ငန်းကို အရင်က  လုပ်ကိုင်သူ နည်းပေမယ့် နောက်ပိုင်း  စမ်းသပ်စိုက်ပျိုးတာ  အောင်မြင်ဖြစ်ထွန်းမှုရှိတဲ့ အတွက် မြို့ပေါ်ရပ်ကွက်ရော ကျေးရွာ တွေမှာပါ တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြ တာပါ။  လက်ရှိ  ပန်းမုန်လာတစ်ပွင့်ကို  ငွေကျပ်  ၈၀၀၊ ၉၀၀ နဲ့   ရောင်းချရပါ တယ်။ ပန်းမုန်လာမှာလည်း အဖြူမျိုးနဲ့  အစိမ်းမျိုးဆိုပြီး  နှစ်မျိုးရှိပါတယ်။  အဖြူမျိုးက  တစ်ပွင့်တည်းပွင့်ပြီး  အစိမ်းမျိုး ကတော့ အနည်းဆုံး နှစ်ပွင့်၊ သုံးပွင့်အထိ ပွင့်ပါတယ်။ ကျွန်တော်တို့ဒေသက ထွက်ရှိတဲ့ပန်းမုန်လာက အော်ဂဲနစ်စိုက်ပျိုးနည်း နဲ့    စိုက်ပျိုးတာကြောင့်   လတ်ဆတ်မှုရှိပြီး   အရည်အသွေးကောင်းတော့  ဈေးကွက်မှာ  အရောင်းအဝယ်လည်း သွက်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် သက်တော်ရှည် ရပ်ကွက်မှ  တစ်နိုင်တစ်ပိုင် ဟင်းသီးဟင်း ရွက်စိုက်ပျိုးသူ    ဦးတင်မောင်ငွေကပြောသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ    တောင်သူများ  အဓိကစိုက်ပျိုးသည့် သီးနှံများမှာ   စပါး၊  နှမ်း၊ မြေပဲ၊  နေကြာ၊  ပန်းနှမ်း၊  ပဲတီစိမ်း၊ ကုလားပဲ၊ ထောပတ်ပဲ၊ ပဲစင်းငုံ နှင့်  ဖူးစားပြောင်းတ ို့ဖြစ်ကြောင်း   သိရသည်။