လျှပ်စစ်ချွေတာသုံးစွဲခြင်းဖြင့် နိုင်ငံတော်ကိုချစ်ပါ

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်)

လျှပ်စစ်ချွေတာသုံးစွဲခြင်းဖြင့် နိုင်ငံတော်ကိုချစ်ပါ

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်သုံးစွဲမှုမီတာခမှာ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက များစွာ လျော့နည်းသည်။ ပြည်သူများအနေဖြင့် ဈေးနှုန်းချိုသာသောလျှပ်စစ်ဓာတ်အားကို ရရှိသုံးစွဲနေရသဖြင့် လျှပ်စစ် ဓာတ်အားကို ချွေတာသုံးစွဲရန် မေ့လျော့နေကြသည်။ လျှပ်စစ်ဓာတ်အားကို ချွေတာသုံးစွဲခြင်းဖြင့် မိမိတို့ မိသားစု အတွက် မီတာခကျသင့်ငွေလျော့နည်းမည်ဖြစ်ပြီး အသုံးစရိတ်ကိုချွေတာရာ လည်းရောက်သည်။ နိုင်ငံတော် အစိုးရ အနေဖြင့် တိုင်းပြည်သာယာဝပြောရေးအတွက် ဆောင်ရွက်လျက်ရှိရာတွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိရေးကို အလေးထား လုပ်ဆောင်လျက်ရှိသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် နိုင်ငံတော်၏ နှစ်စဉ်တိုးတက်သုံးစွဲလာသော လျှပ်စစ်ဓာတ်အားကို ပြည့်ဝစွာ ဖြည့်ဆည်းပေးနိုင်ရေး ဓာတ်အားပေးစက်ရုံများအား အဆင့်မြှင့်တင်ပြုပြင်ခြင်း၊ ဓာတ်အားပေးစက်အသစ်များ တည်ဆောက်ခြင်း၊ မဟာဓာတ်အားလိုင်းများ၊ မဟာဓာတ်အားခွဲရုံအသစ်များကို တိုးချဲ့တည်ဆောက်ခြင်းနှင့် ဓာတ်အားဖြန့်ဖြူးရေးလိုင်းများနှင့် ခွဲရုံများအား အသစ်တိုးချဲ့တည်ဆောက်လျက်ရှိသည်။ နိုင်ငံတော် ဓာတ်အား စနစ်မှ လျှပ်စစ်ဓာတ်အားရရှိသုံးစွဲနေသော အိမ်ထောင်စုတစ်ခုချင်းစီက လျှပ်စစ်ဓာတ်အားကို အကျိုးရှိစွာ ချွေတာ သုံးစွဲပါက သုံးစွဲသူများအတွက် မီတာခများပေးချေရမှု လျော့နည်းသကဲ့သို့ နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဝန်အားထိန်းညှိလျှော့ချရမည့် ပမာဏလျော့နည်းသွားခြင်းနှင့် လျှပ်စစ်မီးမရရှိသေးသော ပြည်သူများကို လျှပ်စစ်ဓာတ်အား တိုးချဲ့ဖြန့်ဖြူးပေးနိုင်ခြင်း အစရှိသော လက်ငင်းအကျိုးကျေးဇူးများကို ပြည်သူတစ်ရပ်လုံးသာ တူညီမျှရရှိခံစားရမည် ဖြစ်သည်။

ထို့ကြောင့် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ပြည်သူများသို့ လျှပ်စစ်ဓာတ်အားချွေတာ သုံးစွဲရေးနည်းလမ်းများအား လိုက်နာဆောင်ရွက်ပေးကြပါရန် အသိပေးတိုက်တွန်းနှိုးဆော် လျက်ရှိသည်။ ထို့အတူသက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များကလည်း ဓာတ်အားသုံးစွဲမှုများသော မီးသီး၊ မီးချောင်းများအစား LED မီးသီး၊ မီးချောင်းများဖြင့် အစားထိုးခြင်း၊ မလိုအပ်သောနေရာများ/အချိန်များတွင်မီးပိတ်ထားပြီး လိုအပ်သောနေရာများကိုသာ မီးခလုတ် ဖွင့်ခြင်း အစရှိသော လျှပ်စစ်ဓာတ်အား ချွေတာရေးနည်းလမ်းများကို အသိပညာပေး ဆောင်းပါးများ ရေးသား ဖြန့်ဝေလျက်ရှိသည်။

လျှပ်စစ်ဓာတ်အား ချွေတာရေးနည်းလမ်းများအနက် လက်ငင်းအကျိုးကျေးဇူးများပြီး ထိရောက်မှု အရှိဆုံး နည်းလမ်းမှာ ဓာတ်အားသုံးစွဲမှုများသော မီးသီး၊ မီးချောင်းများအား ဓာတ်အားသုံးစွဲမှုနည်းသော LED မီးသီး၊ မီးချောင်းများဖြင့် အစားထိုးအသုံးပြုခြင်းဖြစ်သည်။ LED မီးသီး၊ မီးချောင်းများသည် စွမ်းအင်သုံးစွဲမှု သက်သာခြင်း၊ သက်တမ်းရှည်ကြာခြင်း၊ အဖွင့်အပိတ် အကြိမ်ရေများခြင်းအပေါ် ခံနိုင်ရည်ရှိခြင်း၊ ဗို့အားနိမ့်တွင် သုံးစွဲနိုင်ခြင်း၊ အလင်းအားကို လိုသလိုလျှော့ချအသုံးပြုနိုင်ခြင်း၊ အပူနှင့်ခရမ်းလွန်ရောင်ခြည် ထုတ်လွှတ်မှုမရှိခြင်းနှင့် အလင်း ရောင် အေးမြခြင်းအစရှိသော အားသာချက်များ ရရှိမည်ဖြစ်သည်။

လက်ရှိအသုံးပြုနေသော လေးပေမီးချောင်းတစ်ချောင်း၏ ဓာတ်အားသုံးစွဲမှုမှာ ဝပ် ၄၀ ဖြစ်သော်လည်း လင်းအားတူ LED မီးချောင်း၏ ဓာတ်အားသုံးစွဲမှုမှာ ၁၆ ဝပ်သာရှိသည်။ ထို့ကြောင့်နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်မှ ရရှိသုံးစွဲနေသော အိမ်ထောင်စု ၆ ဒသမ ၆ သန်းအနက် အိမ်ထောင်စုတစ်စုလျှင် ဝပ် ၄၀ လေးပေမီးချောင်း နှစ်ချောင်းအား LED မီးချောင်းဖြင့် အစားထိုးအသုံးပြုမည်ဆိုပါက အိမ်ထောင်စုတစ်စုလျှင် ဝပ် ၄၀ သက်သာမည်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဓာတ်အားသုံးစွဲမှု ၃၁၆ ဒသမ ၈ မဂ္ဂါဝပ် သက်သာ သွားမည်ဖြစ်သောကြောင့် ဝန်အားထိန်းညှိလျှော့ချရမည့် ပမာဏလျော့နည်းသွားပေမည်။ ထို့ပြင် လျှပ်စစ်မီတာ မရရှိသေးသော ပြည်သူများအား လျှပ်စစ်မီတာများ တိုးချဲ့တပ်ဆင်နိုင်မည်ဖြစ်သည်။ LED မီးသီး၊ မီးချောင်းများ၏ ကနဦးတပ်ဆင်စရိတ်မှာ ကြီးမားသော်လည်း စွမ်းအင်သုံးစွဲမှုထက်ဝက်ကျော်ခန့် လျော့ကျသွားသောကြောင့် ဓာတ်အားခ(မီတာခ) ပေးဆောင်ရမှုမှာ ထက်ဝက်ကျော်ခန့် သက်သာသွားမည်ဖြစ်သည်။

ထို့ပြင်လက်ရှိ လမ်းမီးအဖြစ်အသုံးပြုနေသော ဝပ် ၁၅၀၊ ဝပ် ၂၅၀ နှင့် ဝပ် ၄၀၀ ဆိုဒီယမ်မီးသီးများနှင့် ရိုးရိုးအိမ်သုံး ဝပ် ၄၀၊ ဝပ် ၆၀ နှင့် ဝပ် ၁၀၀ ရှိ မီးသီး၊ လေးပေမီးချောင်းများအား LED မီးသီး၊ မီးချောင်းများဖြင့် အစားထိုး လဲလှယ်အသုံးပြုပါက သက်တမ်းပိုမိုကြာရှည်ခံခြင်း၊ အလင်းအားပိုမိုကောင်းမွန်ခြင်းနှင့် စွမ်းအင်သုံးစွဲမှု ထက်ဝက် ကျော်လျော့ကျသွားသောကြောင့် မီတာခကုန်ကျစရိတ်ထက်ဝက် (၅၀ ရာခိုင်နှုန်း)ကျော်ခန့် သက်သာသွားခြင်း အစရှိသော လက်ငင်းအကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။

သို့ဖြစ်ပါ၍ ဝန်ဆောင်မှုလျှော့ချရမည့် ပမာဏလျော့နည်းသွားမည်ဖြစ်ခြင်း၊ လျှပ်စစ်မီးမရရှိသေးသော ပြည်သူ များအား လျှပ်စစ်ဓာတ်အား တိုးချဲ့ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ခြင်းနှင့် အိမ်ထောင်စုလိုက် ဓာတ်အားခ ပေးဆောင်ရမှု သက်သာသွားမည်ဖြစ်ခြင်းတို့ကြောင့် ပြည်သူလူထုအနေဖြင့် မိမိတို့နေအိမ်များ၊ ရုံးများ၊ အဆောက်အအုံများ၊ စက်ရုံ၊ အလုပ်ရုံများတွင် လက်ရှိအသုံးပြုနေသော မီးသီး၊ မီးချောင်းများနှင့်လမ်းမီး များနေရာတွင် LED မီးသီး၊ မီးချောင်းများဖြင့် အစားထိုးလဲလှယ်အသုံးပြုရန်တိုက်တွန်းနေခြင်းဖြစ်သည်။ အမှန်တကယ်အသုံးပြုကြခြင်းဖြင့် မီတာခ ပေးဆောင်ရမှုလျော့နည်းမည့်အပြင် နိုင်ငံတော်ကို ကူညီရာရောက်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။